KTV ဆိုင်ရွေးရင်း ရန်ဖြစ်ရာမှ သူငယ်ချင်းအချင်းချင်း သေနတ်နဲ့ပစ်

Author CJ Platform
Categories
Published on Jul 18, 2025

ရှမ်းပြည် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် မယ်ခေါင် ၇ လမ်းမှာ ဇူလိုင် ၁၇ ရက်နေ့ မနက်အစောပိုင်း ၁နာရီခန့်က သူငယ်ချင်းအချင်းချင်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု ပါဝုန်းကျေးရွာနေ ကိုစိုင်းကျောက် (၄၅)နှစ်နဲ့ ကိုစိုင်းရှဲန် (၃၆)နှစ်တို့ဟာ KTV သွားရောက်ဖို့ ဆိုင်ရွေးစဉ် အချင်းများ ရန်ဖြစ်ပြီး ကိုစိုင်းကျောက်က အသင့်ပါလာတဲ့ သေနတ်နဲ့ ကိုစိုင်းရှဲန်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်စဉ်ကို CCTV မှတ်တမ်းတွေအရ လိုက်လံစုံစမ်းချိန်မှာ ကိုစိုင်းကျောက် စီးနင်းလာတဲ့ မော်တော်ယာဉ်ကနေ တဆင့် ခြေရာခံမိပြီး ကျူးလွန်ချိန်မှာ အသုံးပြုခဲ့တဲ့ သေနတ်နဲ့တကွ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“KTV ဆိုင်ရွေးရင်း ဖြစ်တာလို့ ပြောတယ်၊ သူငယ်ချင်း အချင်းချင်းပါ၊ စိုင်းကျောက်က လက်နက်မှုနဲ့ ထောင်က ပြန်လွတ်လာတာ မကြာသေးဘူး”လို့ အဲဒီအကြောင်းကို သိရှိထားသူ တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ကျူးလွန်သူလို စွပ်စွဲခံရသူ ကိုစိုင်းကျောက်ကို (ပ) ၁၄၃/ ၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – CJ