ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို အလုပ်ဆက်ထုတ်ဖို့ တရားရုံးချုပ်က ထရန့်ကို ခွင့်ပြု

အမေရိကန်တရားရုံးချုပ်က ပညာရေးဝန်ကြီးဌာနမှာ အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပယ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သမ္မတ ဒေါ်နယ်ထရန့်ကို ခွင့်ပြုလိုက်ပါတယ်။
အဲဒီအစီအစဉ်ကို တားမြစ်ထားတဲ့ အောက်တရားရုံးအမိန့်ကို ပယ်ဖျက်ပေးလိုက်တာဖြစ်ပါတယ်။
မနေ့ ဇူလိုင် ၁၄ ရက် တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ လက်မှတ်မပါတဲ့ ဆုံးဖြတ်ချက်အရ တရားသူကြီးတွေက အစိုးရအဖွဲ့ကို ဝန်ကြီးဌာနရဲ့ ဝန်ထမ်းအင်အား ထက်ဝက်လျှော့ချမယ့် အစီအစဉ်ကို ပြန်လည်စတင်ခွင့်ပြုပေးလိုက်ပါတယ်။
ဒါဟာ ပညာရေးဆိုင်ရာ တာဝန်တွေကို ပြည်နယ်တွေဆီ ပြန်လည်လွှဲပြောင်းပေးဖို့ ထရန့်ရဲ့ ကြိုးပမ်းမှုတွေအနက် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ ဆက်လက်ရှိနေချိန်မှာပဲ အခုဆုံးဖြတ်ချက်ကြောင့် အလုပ်ထုတ်ပယ်မှုတွေကို ဆက်လက်လုပ်ဆောင်ခွင့် ရသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်မှုတွေက သြဂုတ် ၁ ရက်က စတင် သက်ရောက်မယ်လို့ သိရပါတယ်။
သမ္မတ ထရန့်က ဒီဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး၊ ပညာရေးကို ပြည်နယ်တွေထံ ပြန်လည်အပ်နှံဖို့အတွက် အထောက်အကူပြုတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ သူ့ရဲ့ Truth အကောင့်မှာ ဂုဏ်ပြုရေးသားခဲ့ပါတယ်။
ဒါ့အပြင် သူက “ဒီလိုလုပ်မှသာ ပြည်ထောင်စုအဆင့် ဗျူရိုကရေစီယန့်တရားကို လျှော့ချနိုင်မယ်” လို့လည်း ပြောရေးသားခဲ့ပါတယ်။
ပညာရေးဝန်ကြီး လင်ဒါ မက်မန်းကလည်း ဒီဆုံးဖြတ်ချက်ကို ကြိုဆိုဂုဏ်ပြုခဲ့ပြီး၊ ထိရောက်မှုနဲ့ တာဝန်ခံမှုကို အာရုံစိုက်သွားမယ်လို့ ကတိပြုပါတယ်။
တရားသူကြီး ဆိုနီယာ ဆိုတိုမေယာနဲ့ အခြားလစ်ဘရယ်တရားသူကြီး နှစ်ဦးကတော့ “ပညာရေးဝန်ကြီးဌာနကို ကွန်ဂရက်က ဖွဲ့စည်းခဲ့တာမို့ ဒီလုပ်ရပ်က အာဏာခွဲဝေမှုစနစ်ကို ထိပါးစေတယ်” လို့ သတိပေးခဲ့ကြပါတယ်။
ဒီအမှုဟာ အခုနှစ်အစောပိုင်းမှာ ထရန့်က ဝန်ထမ်း ၁၄၀၀ ကျော်ကို အလုပ်ထုတ်ပယ်ခဲ့ပြီးနောက် ဆရာသမဂ္ဂတွေနဲ့ ပညာရေးအဖွဲ့တွေက တရားစွဲဆိုခဲ့တာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
ပြည်ထောင်စုတရားသူကြီးတစ်ဦးက ထရန့်ကို လွှတ်တော်ရဲ့ အတည်ပြုချက်မရှိဘဲ အေဂျင်စီတွေကို ဖျက်သိမ်းခွင့်အာဏာ မရှိဘူးဆိုပြီး အလုပ်ထုတ်တာတွေကို အစကတည်းက တားမြစ်ခဲ့ပါသေးတယ်။
ဒီအမှုရဲ့ နောက်ဆုံးအဖြေက ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပေမယ့် တရားရုံးချုပ်ရဲ့ အခု ယာယီခွင့်ပြုမိန့်ကြောင့် ထရန့်အစိုးရအနေနဲ့ အလုပ်ထုတ်ပယ်တာတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
Source – CNN
ဓာတ်ပုံ – CNN