ရခိုင်ကို ကုန်ပစ္စည်းပို့ခွင့်ပြုလို့ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူတွေကို သေဒဏ်အပါအဝင် ပြစ်ဒဏ်တွေ ချမှတ်လို့ဆို

Author CJ Platform
Categories
Published on Jul 15, 2025

ဧရာဝတီတိုင်းကနေ ရခိုင်ပြည်ကို စက်သုံးဆီ၊ ဆေးဝါးနဲ့ အခြားကုန်ပစ္စည်းတွေ တင်ပို့ဖို့ ခွင့်ပြုခဲ့တဲ့ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်ကြီးအဆင့်ရှိသူတွေကို စစ်ကောင်စီက ၁၁ လကြာ ဖမ်းဆီးထားပြီးနောက် သေဒဏ်အပါအဝင် ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ဧရာဝတီတိုင်းတွင်း တော်လှန်ရေးသတင်းရေးတွေကို ဖော်ပြနေတဲ့  သတင်းအထူးတပ်ဖွဲ့ ပုသိမ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

စစ်ကောင်စီက ဖြတ်လေးဖြတ်လုပ်ဆောင်နေတဲ့ ရခိုင်ပြည်ကို ကုန်စည်တွေမှောင်ခို ပို့ဆောင်နိုင်ဖို့အတွက် ခွင့်ပြုခဲ့တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီးချုပ်အပါအဝင် စစ်ဦးစီးအရာရှိတွေ၊ အခြားစစ်ဘက်ဆိုင်ရာအရာရှိတွေကို စစ်ကောင်စီရဲ့ စစ်ခုံရုံးကနေ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေအပါအဝင် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာလို့ ဆိုပါတယ်။

 

နတခတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်ကို ထောင်ဒဏ် (၁၀) နှစ်၊ စစ်ဦးစီးဗိုလ်မှူးကြီး အောင်ဆန်းလွင် ထောင်ဒဏ်(၂၀) နှစ်၊ ဒုဗိုလ်မှူးကြီး ကျော်စွာထွန်း သေဒဏ်၊ ဒုဗိုလ်မှူးကြီး မျိုးဇော်အောင်ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်နဲ့
အခြားအရာရှိတွေကိုလည်း ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ သတင်းအထူးတပ်ဖွဲ့ ပုသိမ်က ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်ကို စက်သုံးဆီအများအပြား တင်ပို့ခဲ့တဲ့ တိုင်းရဲတပ်ဖွဲ့ရဲ့ တိုင်းဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ ခေါင်းဆောင်၊ ခရိုင်ဒုစရိုက်နှိမ်နင်းရေးတပ်ဖွဲ့ ခေါင်းဆောင်တို့ကိုတော့ ရာထူးအဆင့်နှိမ့် ပြစ်ဒဏ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

အခုလို စစ်ဆေးရေး အရေးယူမှုတွေကို CJ Platform အနေနဲ့တော့ သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

 

ရခိုင်ကို စားသောက်ကုန်ပစ္စည်းတွေ လာဘ်ယူပြီး ခွင့်ပြုခဲ့တဲ့ စစ်ကောင်စီအရာရှိတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း စစ်ကောင်စီက ပိုင်ဆိုင်မှုတွေ သိမ်းဆည်းကာ နေအိမ်တွေကိုပါ ချိတ်ပိတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် ကုန်စည်စီးဆင်းမှုနဲ့ ဘဏ်လုပ်ငန်းစနစ်တွေအားလုံး ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဒါကြောင့် ဒေသခံတွေအနေနဲ့ ငွေသားတွေ၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ အခြားကုန်ပစ္စည်းတွေကို နည်းလမ်းပေါင်းစုံနဲ့ ရခိုင်ပြည်အတွင်း တင်သွင်းခဲ့ကြတာရှိသလို၊ စစ်ကောင်စီအရာရှိတွေရဲ့ လျှို့ဝှက် ခွင့်ပြုချက်တွေနဲ့ တင်သွင်းတာတွေလည်း ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC