ကုန်စိမ်းသီးနှံတွေ ဈေးကျလာလို့ တောင်သူတွေ ခက်ခဲနေ

ဧရာဝတီတိုင်းအတွင်း ဇူလိုင်လ လဆန်းပိုင်းက စတင်ကာ ကုန်စိမ်းသီးနှံတွေ စျေးနှုန်းကျဆင်းလာပြီး ပို့ဆောင်ရေးတွေပါ ခက်ခဲလာတာကြောင့် ယာစိုက်တောင်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အထွေထွေကုန်စျေးနှုန်းတွေနဲ့ သွင်းအားစုစျေးတွေ မြင့်တက်နေချိန်မှာ တောင်သူတွေအနေနဲ့ စပါး၊ ကွမ်း စတာတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် ကုန်စိမ်းသီးနှံတွေပါ ယခင်နှစ်က ဈေးနှုန်းပင် မရှိတော့ဘဲ ဈေးကျဆင်းလာတာကြောင့် ဝင်ငွေလျော့ကျကာ ပိုပြီး ကျပ်တည်းလာရတယ်လို့ ပြောပါတယ်။
“ကုန်စိမ်းကလည်း ဈေးတွေကျ၊ ဝယ်တဲ့သူလည်း မရှိ။ အလုပ်အကိုင်တွေလည်း မရှိကြတော့ဘူး” လို့ ညောင်တုန်းမြို့က တောင်သူမကြီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
ကုန်စိမ်းသီးနှံတွေထဲ ချဉ်ပေါင်၊ ပဲသီး၊ ကြက်ဟင်းခါးသီး၊ သံပရာသီး၊ ဘုံလုံသီး၊ သခွားသီး စတာတွေ ဈေးကျဆင်းနေတာအပြင် ငရုတ်နဲ့ ငှက်ပျောသီးဈေးတွေလည်း ကျဆင်းနေတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ယခင်က သခွားသီးတစ်လုံး ၃၀၀ ကျပ်၊ ကြက်ဟင်းခါးသီး တစ်လုံး ၅၀၀ ကျပ်၊ ဘုံလုံသီးတစ်လုံး ၁၀၀၀ ကျပ်၊ ငှက်ပျောသီး တစ်ဖီးကို ၇ ထောင်ကျပ်နဲ့ ငရုတ်သီး တစ်ဆယ်သား ၈၀၀ ကျပ်ရှိရာကနေ ယခု သခွားသီးတစ်လုံး ၁၀၀ ကျပ်၊ ကြက်ဟင်းခါးသီး တစ်လုံး ၂၀၀ ကျပ်၊ ဘုံလုံသီးတစ်လုံး ၄၀၀ ကျပ်၊ ငှက်ပျောသီး တစ်ဖီးကို ၃၅၀၀ ကျပ်နဲ့ ငရုတ်သီး တစ်ဆယ်သား ၆၀၀ ကျပ်အထိ ထက်ဝက်နီးပါး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံစီးပွားရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အဓိကထား ဖော်ဆောင်နေပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်မှုကို မှတ်ကျောက်အဖြစ် ကျန်ရှိအောင် ဆောင်ရွက်မယ်လို့ ဇူလိုင်လ ၂ ရက်နေ့က ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြည်သူအများစု အငတ်ဘေး ကြုံတွေ့နေရချိန်မှာ တစ်နိုင်ငံလုံး ဆန်ဖူလုံမှု ၁၇၀ ရာခိုင်နှုန်းထိ ရှိနေတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
တောင်သူတွေအနေနဲ့ ယခုနှစ်အတွင်း စပါးဈေးကျဆင်းတာကြောင့် စပါးစိုက်တောင်သူတွေ သွင်းအားစုပင် ပြန်မရပဲ အရှုံးပေါ်ခဲ့ရသလို ကွမ်းစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့လည်း ယခုနှစ်အတွင်း အရှုံးနဲ့သာ ကြုံတွေ့နေရပါတယ်။
“ဘာစိုက်စိုက် ရှုံးနေတာဟ၊ ကိုယ်ပဲ ကံမကောင်းတာလား။ ပျက်နေတဲ့ တိုင်းပြည်ပဲလား၊ ဘာကြောင့်လို့ ပြောရမယ် မသိတော့ဘူး။ ကုန်ဈေးနှုန်းကလည်း ကောင်းကင်မှာပဲလေ။ ဒီကြားထဲ စစ်မှုထမ်းကြေးကလည်း လတိုင်းပေးနေရတာ” လို့ ဓနုဖြူမြို့က တောင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
တောင်သူတွေအနေနဲ့ အခုနှစ် စိုက်ပျိုးရာသီအတွင်း လုပ်သားရှားပါးတာ၊ သွင်းအားစုစရိတ် ကြီးမြင့်တာတွေနဲ့ အထွက်နှုန်း လျော့ကျတာတွေအပြင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာတွေကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။