မဲဆောက်မှာ ပြေးစရာမြေမရှိတဲ့ မြန်မာ

ဒီနေ့ ဘာထူးသလဲဆိုတဲ့မေးခွန်းနဲ့ မဲဆောက်ရဲ့မနက်ခင်းကို မဲဆောက်ရောက်မြန်မာတွေ ဖွင့်လှစ်နေကြ တယ်။ဒီနေ့ဘာထူးသလဲ၊ဒီနေ့ ဘယ်နေရာကို ဝင်သေးလဲ၊အဖမ်းအဆီးတွေ ဘယ်နေ့ပြီးမှာလဲတဲ့။မဲဆောက် ရောက် မြန်မာတွေရဲ့ အရေးပေါ်နေ့စဉ်သုံးဘာသာစကား။အွန်လိုင်းပေါ်မှာလည်း အဲဒီလိုမေးခွန်းတွေနဲ့ အ ထိတ်တလန့်။ ထိုင်းအာဏာပိုင်တွေ ကိုယ့်တန်းလျား ဘယ်တော့ရောက်လာမလဲ။တန်းလျားမှာသာ နေနိုင်ရှာ တဲ့ မျက်နှာမွဲ မြန်မာတွေ အတွေးပွား သွေးပျက်ကြရ။
ဇာတ်လမ်းက ဇွန်၆ရက်မှာ စတင်တယ်။အဲဒီနေ့မနက် စာမလာသတင်းမကြားနဲ့ လမ်းမပေါ်တက်လာတဲ့ အီး ဘိုက်(E-bike)တွေကို ထိုင်းရဲတွေက ဖမ်းပစ်လိုက်တယ်။အီးဘိုက်ဖမ်းပေမဲ့ အီးဘိုက်စီးလာသူကိုတော့ မဖမ်း။ ဖမ်းဆီးရခြင်းအကြောင်းက လမ်းမတွေပေါ် မဆင်မခြင်မောင်းနှင်တဲ့ အီးဘိုက်တွေကြောင့် ယာဉ်တိုက်မှုမ ကြာခဏဖြစ်နေတယ်လို့ ဌာနေထိုင်းပြည်သူတချို့ရဲ့ တိုင်ကြားချက်ကြောင့်လို့ ကြားရတယ်။
အီးဘိုက်ဆိုတာက မဲဆောက်မှာတင် တရားဝင်ဝယ်ယူလို့ရတဲ့ ထိုင်းနိုင်ငံထုတ်တွေချည်း။ဆိုင်ကယ်ဝယ်မစီး နိုင်တဲ့ မြန်မာတွေက လိုရာခရီးကို သာသာယာယာပြေးပေးတဲ့ အီးဘိုက်ဝယ်စီးကြတယ်။တချို့က ဆိုင်ကယ် ဝယ်စီးနိုင်ပေမဲ့ ရဲလိုင်းကြေး တစ်လ ဘတ်၁၀၀၀ မပေးနိုင်တာကြောင့် မစီး။ဘတ်၁၀၀၀ဆိုတာက ဆိုင်ကယ် လိုင်စင်ရှိပေမဲ့ လူလိုင်စင်မရှိတာကြောင့် ပေးရတဲ့ငွေ။ အီးဘိုက်ကျတော့ အဲဒီလို လိုင်းကြေးမရှိတာကြောင့် ဘတ်တစ်သောင်းခွဲလောက် သုံးနိုင်တဲ့မြန်မာတွေက အီးဘိုက်လေးဝယ်ကာ ဟိုနားဒီနား သက်သောင့်သက် သာ ခြေများနိုင်တယ်ဆိုပြီး ဝယ်စီးကြ။အခုတော့ အဖမ်းအဆီးတွေကြောင့် အီးဘိုက်တစ်ခန်းရပ်။
အီးဘိုက်ပြီးတော့ ဆမ်လော့(မြန်မာအခေါ် ဆမ်ပလော)လို့ခေါ်တဲ့ ဘေးတွဲပါသုံးဘီးဆိုင်ကယ်အလှည့်။မဲ ဆောက်ဈေးဝန်းကျင် ဝုန်းဒိုင်းကြဲ ထိုးစစ်ဆင်တယ်။ဇွန်၁၇ရက်။သုံးဘီးဆိုင်ကယ်ကျတော့ လူကိုပါ ဖမ်းဆီး တာမို့ သုံးဘီးအသွားအလာများတဲ့ မဲဆောက်ဈေးဝန်းကျင် ဝရုန်းသုန်းကား။သုံးဘီးဆိုင်ကယ်ကျတော့ ကုန် ခြောက်တင်၊ကုန်စိမ်းတင်၊ရေသန့်ဗူးတင် မဲဆောက်တခွင် မြန်မာတွေ မောင်းနှင်အလုပ်လုပ်ကြတာကြောင့် ပုံမှန်စီးဆင်းမှုယန္တရား ရပ်တန့်။မဲဆောက်မြို့လမ်းမတွေပေါ် မြင်နေကျ အီးဘိုက်နဲ့ သုံးဘီးတွေ မမြင်ရတော့ ။
တောမော(မြန်မာအခေါ် တောမောင်း)ဝင်တယ်လို့ဆိုပေမဲ့ အခုလိုစစ်ဆင်ရေးမှာ စစ်တပ်၊ရဲ၊လဝက(တော မော)စတဲ့ ထိုင်းအာဏာပိုင် အဖွဲ့စုံ။နောက်တစ်ရက် ဇွန်၁၈ရက်ရောက်တော့ မဲဆောက်ဈေးထဲက ဆိုင်တွေ ထဲ မုန်တိုင်းထန်တော့တယ်။ထိုင်းဆိုင်ပဲဖြစ်ဖြစ်၊မြန်မာဆိုင်ပဲဖြစ်ဖြစ် တရားဝင် အထောက်အထားတွေမရှိတဲ့ မြန်မာဝန်ထမ်းတွေ ရှိ၊မရှိ ဝင်မွှေ။ဖမ်းမိသူလည်းမိ၊ လက်မတင်ကလေး လွတ်သူတွေလည်း ရှိ။
သုံးဘီးတွေကို ဖမ်းပြီဆိုကတည်းက လမ်းမတွေပေါ် လူနဲ့ဆိုင်ကယ်ပါးသွားတယ်။စီမံချက်ကာလ၊သုံးဘီးသာ ဖမ်းတယ်ဆိုပေမဲ့ ခရီးသွားဟန်လွဲနဲ့ အထောက်အထားမဲ့မြန်မာတွေ ဖမ်းဆီးခံရတဲ့ သာဓကတွေ ရှိခဲ့တယ်မ ဟုတ်လား။စီမံချက်ကာလမှာ အဖမ်းခံရရင် ကြေးကကြီးပါ့၊ဘတ်တစ်သောင်း၊နှစ်သောင်း နင့်ခနဲ။ဒါ့ကြောင့် အထောက်အထားလည်းမဲ့၊ချို့လည်းချို့တဲ့တဲ့ နိုင်ငံရေးတိမ်းရှောင်မြန်မာတွေ လမ်းမပေါ် ခြေမချရဲ။
မဲဆောက်ဈေးထဲ လူတွေပါ ဖမ်းပြီဆိုတော့ မဲဆောက်ဂရုဖ် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ် လှုပ်ခတ်ကုန် တယ်။နောက်တစ်ရက်ကျတော့ မယ်ပရပ်ကွက်အစွန်က တန်းလျားတွေကို ထိုင်းအာဏာပိုင်တွေ ဝင်စစ် နေကြောင်း ဓာတ်ပုံအထောက်အထားတွေနဲ့ လိုင်းပေါ်တက်လာတော့ အခုစီမံချက်မှာ တရားမဝင်မြန်မာ ဖမ်းဆီးခြင်းပါ အကျုံးဝင်ကြောင်း ကြောက်ကြောက်နဲ့ လက်ခံလိုက်ရတော့တယ်။
၂၀၂၅၊ဇန်နဝါရီနောက်ဆုံးပတ်တုန်းကလည်း မဲဆောက်မှာ အိမ်တွေထဲထိ ဝင်စစ်တာမျိုးရှိခဲ့ဖူးတယ်။အဲဒီတုန်း က ကျားဖြန့်နှိမ်နင်းရေးစီမံချက်။ကျားဖြန့်တွေ ခိုအောင်းတတ်တဲ့ အိမ်ယာတွေ၊ Apartment တွေ၊ဟိုတယ် တွေ၊တည်းခိုခန်းတွေကို ဝင်စစ်တာကြောင့် ကျွဲကူးရေပါ အဲဒီလိုနေရာတွေမှာ နေထိုင်တဲ့ အထောက်အထားမဲ့ မြန်မာတချို့ ဖမ်းဆီးခံခဲ့ရသေးတယ်။
အခုကတော့ မြန်မာတွေသာနေထိုင်တဲ့ တန်းလျားတွေကို ဝင်စစ်တာမို့ တရားမဝင်မြန်မာရှင်းလင်းရေး လို့ ပြောနိုင်တဲ့ စီမံချက်။The Deplomat သတင်းဌာနရဲ့ မေလထုတ်ပြန်ချက်က မဲဆောက်မှာ မြန်မာစုစုပေါင်း စုစုပေါင်း၂သိန်းခွဲဝန်းကျင်ရှိတယ်လို့ ဆိုတယ်။အဲဒီ၂သိန်းခွဲထဲမှာ ရွှေ့ပြောင်းလုပ်သားက တစ်သိန်းမရှိနိုင်တာ ကြောင့် တရားမဝင်မြန်မာရှင်းလင်းရေးရဲ့ အဓိကပစ်မှတ်က နိုင်ငံရေးတိမ်းရှောင်တွေကိုလားလို့ နောက်တစ် လှမ်း ဆက်တွေးနိုင်တယ်။
တန်းလျားတိုင်းကို ပိုက်စိပ်တိုက်ဝင်စစ်တာမျိုးမဟုတ်ပေမဲ့ ခပ်များများစစ်နေကြောင်း သတင်းတွေကဆို တယ်။ဇွန်၂၃ရက်ညမှာ မဲဆောက်မြို့နဲ့တစ်ဆက်တည်း နောင်ဘွားရွာထဲက တန်းလျားကို ဝင်စစ်တာကြောင့် အဲဒီနားမှာနေတဲ့ ဂျာနယ်လစ်မိတ်ဆွေတစ်ယောက်က သူတို့မိသားစု အိမ်မီးပိတ်ပြီးပုန်းနေရကြောင်း သူ့ဖေ့စ် ဘွတ်ခ်ကနေ သတင်းပေးပို့တယ်။သူတို့တင်မက အနီးဝန်းကျင်က မြန်မာအိမ်တွေလည်း မီးတွေအကုန်ပိတ်၊ တထိတ်ထိတ်။
ဘာအထောက်အထားမှ မရှိလို့ အဖမ်းခံရသူတွေရှိတယ်။တချို့ ပန်းရောင်ကတ်(အထောက်အထားမဲ့ နိုင်ငံခြား သား ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ယာယီသက်သေခံကတ်)ရှိပေမဲ့ အမှန် တကယ်ရွှေ့ပြောင်းအလုပ်သမားမဟုတ်မှန်း ထိုင်းအာဏာပိုင်တွေက သိတာကြောင့် ပြစ်ချက်တွေရှာ၊ဘာသာ စကားအခက်ကြောင့် ကျေလည်အောင်လည်း မရှင်းနိုင်တာကြောင့် အဖမ်းခံရ တွေလည်းရှိတယ်။မဲဆောက် ကျွမ်းကျင်သူ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္က ဌ ဦးမိုးကြိုးက ဇွန်လ၆ရက် က နေ၂၅ရက်အထိ မြန်မာ၁၀၀ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ခန့်မှန်းတယ်။ အခု ဇူလိုင်ရောက်တဲ့အထိ အဖမ်းအဆီး သတင်းတွေ ဆက်ကြားနေရတာကြောင့် ဖမ်းဆီးခံမြန်မာ ၁၅၀တောင် ကျော် လောက်ပြီ ထင်တယ်။
ကိုယ်က မဲဆောက်မြို့ရဲ့ ဈေးအပေါဆုံးသော တစ်လ ဘတ်၁၅၀၀တန် တန်းလျားမှာနေသူမို့ ဘယ်အချိန် ထိုင်းအာဏာပိုင်တွေ ရောက်လာမလဲလို့ တထိတ်ထိတ်ဖြစ်ရတယ်။အော်ဟစ်ဆူညံနေတာကြောင့် ဌာနေ ထိုင်းနိုင်ငံသားတွေ တိုင်ကြားတဲ့ တန်းလျား၊ မူးယစ်ဆေးဝါးအရောင်းအဝယ်နဲ့ ပြစ်ချက်တစ်ခုခုရှိတဲ့နေရာ တွေကိုသာ ထိုင်းအာဏာပိုင်တွေ လိုက်စစ်နေကြောင်း အတည်မပြုနိုင်တဲ့သတင်း ထွက်ပေါ်လာတာကြောင့် အဲဒီသတင်းမှန်ပါစေလို့ မြန်မာတွေ ကြိတ်ဆုတောင်းနေကြတယ်။
ဇူလိုင်၄ရက်မှာ အဖမ်းအဆီးစီမံချက် တစ်ခန်းရပ်ပြီလို့ဆိုပေမဲ့ နယ်မြေခံတောမောင်းတွေက ဆက်ဖမ်းနေ တယ်ဆိုတဲ့ သတင်းလည်း ဆက်ကြားနေရသလို နောက်တစ်ကျော့ စီမံချက်တွေ ထပ်လာဦးမယ်လို့လည်း မဲ ဆောက်ကျွမ်းကျင်သူတချို့က ဆိုတယ်။
ဘာပဲဖြစ်ဖြစ် ကံပဲလို့ ကံကိုသာ ပုံအပ်ထားရတယ်။ပြီးတော့ ကိုယ့်ဘဝ ကိုယ့်ကမ္ဘာ ပြိုကျမသွားအောင် ဖြစ် ချင်ရာဖြစ်စိတ်ကိုလည်း ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားရတယ်။ကိုယ်တွေက ပြေးစရာမြေမှ မရှိဘဲ။