ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ဗုံးကြဲပြီးနောက် PDF တွေ အစည်းအဝေး လုပ်နေတဲ့ နေရာ ဗုံးကြဲတာဖြစ်တယ်ဆိုတဲ့ သတင်းအမှား

မကွေးတိုင်း ပုခုက္ကူခရိုင် ပခုက္ကမြို့နယ်ထဲက မြို့စိုးရွာကို စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက် အရသိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကို ပခုက္ကူခရိုင်တွင်းက မြေပြင်သတင်းတွေ ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်ကလည်း အတည်ပြုပြီး ဖော်ပြပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု သတင်းတွေ ဒေသတွင်း သတင်းဌာနတွေမှာ တက်လာပြီး မကြာခင်မှာပဲ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက မြို့စိုးရွာက ဘုန်းကြီးကျောင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အဖွဲ့တွေ အစည်းအဝေး ပြုလုပ်နေတာကြောင့် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခဲ့တယ်လို့ ဖော်ပြကြတာကြောင့် အဆိုပါ သတင်းကို CJ Platform က အတည်ပြုနိုင်ဖို့ စစ်ဆေးခဲ့ပါတယ်။
မြို့စိုးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်များ –
ခေတ်သစ်သတင်းဌာန၏ ဖော်ပြချက်- http://archive.today/rG85N
BBC သတင်းဌာန၏ ဖော်ပြချက်- http://archive.today/7Zic9
3 Star Myaing တယ်လီချန်နယ်၏ ဖော်ပြချက် – http://archive.today/X8mLP
ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ စစ်ကောင်စီ၏ မြို့စိုးရွာကို လေကြောင်း တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းဆောင် တချို့ပျက်စီးကာ ကျောင်းထိုင်ဆရာတော်၊ (၁၃) နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း သုံးဦးတို့ မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့သလို လေကြောင်း တိုက်ခိုက်ခံရချိန်မှာ မြေပြင်မှာ တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိဘူးလို့လည်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံရမှုပြီးတဲ့နောက်မှာ မြို့စိုးရွာက ဒေသခံ ရွာသူ ရွာသား ၁,၀၀၀ ဝန်းကျင်ဟာ ကျေးရွာအတွင်း ဆက်လက်နေထိုင်ရဲခြင်း မရှိတော့တာကြောင့် စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဒေသတွင်း သတင်းဌာတွေရဲ့ ဖော်ပြချက်တွေအပြီး ညနေပိုင်းမှာပဲ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်ဖြစ်တဲ့ Truth Media က မြို့စိုးရွာ ဘုန်းကြီးကျောင်းမှာ အစည်းအဝေး ပြုလုပ်နေတဲ့ PDF တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အိုင်ကြီးရွာ ဆေးခန်းမှာ ဆေးကုသနေတယ်လို့ ဝါဒဖြန့်လာပါတယ်။ Truth Media ရဲ့ ဖော်ပြချက်ကို နေပြည်တော်ဆိုတဲ့ တယ်လီချန်နယ်ကလည်း ထပ်ဆင့် ဝေမျှထားတာကို တွေ့ရပါတယ်။
Truth Media တယ်လီချန်နယ် ဖော်ပြချက် – http://archive.today/lEBGH
နေပြည်တော် တယ်လီချန်နယ် ဖော်ပြချက် – http://archive.today/Avpwq
ဒါကြောင့် မြို့စိုးရွာကို စစ်ကောင်စီဟာ လေကြောင်းကနေ အမှန်တကယ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုနိုင်သလို ပခုက္ကူဒေသအခြေစိုက် 3 Star Myaing တယ်လီချန်နယ်ကလည်း မြို့စိုးရွာကို မိတ္ထီလာ ရှမ်းတဲလေတက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စင်းက နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထိခိုက်ပျက်စီးမှုတွေ ဓာတ်ပုံတွေနဲ့ ဖော်ပြခဲ့ပါတယ်။
အဆိုပါ ထိခိုက်ပျက်စီးမှု ပုံတွေကို CJ Platform က စစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးခဲ့ရာ တည်နေရာကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။
ထိခိုက်ပျက်စီးမှုပုံတွေအရ လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာဟာ မြို့စိုးရွာအတွင်းက ငါးဆူတော်မြတ်စွာဘုရား ဘုန်းကြီးကျောင်းနဲ့ အမှတ် (၁၆၉) အခြေခံပညာမူလတန်းကျောင်း (အမက) ဖြစ်တယ်ဆိုတာကို Google မြေပုံတွေအရ အတည်ပြုနိုင်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှု တည်နေရာ အတည်ပြုထားပုံ (၁) –https://tinyurl.com/23dh3342
လေကြောင်းတိုက်ခိုက်ခံရမှု တည်နေရာ အတည်ပြုထားပုံ (၂) – https://tinyurl.com/m764eahe
လေကြောင်းတိုက်ခိုက်ခံရမှု တည်နေရာ အတည်ပြုထားပုံ (၃) – https://tinyurl.com/c343awnh
လေကြောင်းတိုက်ခိုက်ခံရမှု တည်နေရာ အတည်ပြုထားပုံ (၄) – https://tinyurl.com/wjm96y4n
လေကြောင်းတိုက်ခိုက်ခံရတဲ့ တည်နေရာကို အတည်ပြုပြီးနောက် စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြနေတဲ့ ဘုန်းကြီးကျောင်းမှာ PDF တွေ အစည်းအဝေး ပြုလုပ်နေတာကြောင့် လေကြောင်း တိုက်ခိုက်ခံရတာ ဖြစ်တယ်ဆိုတဲ့ ရေးသားဖော်ပြချက် မှန် မမှန်ကို စဉ်းစားနိုင်ဖို့အတွက် ဘုန်းကြီးကျောင်းနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားရာ နေရာအကွာအဝေးကို တိုင်းတာကြည့်ပါတယ်။
Google မြေပုံအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတဲ့ ကျွန်းချောင်း ဓာတ်အားပေးစက်ရုံနဲ့ လေကြောင်း တိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းဟာ အဖြောင့်အတိုင်း တိုင်းတာကြည့်ရင် မီတာ ၆၅၄ မီတာပဲ ဝေးတာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တင်တွေနဲ့ အဲဒီလောက် နီးကပ်တဲ့ နေရာမျိုးမှာ PDF တွေက အစည်းအဝေးလုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ ထုံးစံအတိုင်း အရပ်သားနေထိုင်ရာတွေ၊ သာသနိက အဆောက်အဦ တွေနဲ့ စာသင်ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီးတိုင်း PDF တွေရှိရာနေရာကို တိုက်ခိုက်ခြင်းသာ ဖြစ်တယ်လို့ ယခင်ကလည်း ဝါဒဖြန့်တဲ့အတိုင်း အခုတစ်ခေါက်မှာလည်း ထပ်တူ ဝါဒဖြန့်ခြင်းသာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
စစ်ကောင်စီတပ်တွေ တည်ရှိရာ ကျွန်းချောင်း ဓာတ်အားပေး စက်ရုံနဲ့ လေကြောင်း တိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းတို့ အကွာအဝေးကို ကြည့်ရှုရန် – https://tinyurl.com/yc4vh3f2
ဒါ့အပြင် မြို့စိုးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတို့ လေကြောင်းတိုက်ခိုက်ခြင်း မခံရမီ ရှေ့တစ်ရက် ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီချန်နယ်တွေဟာ ပခုက္ကူမြို့နယ် ဒဲ့ဖျားကျေးရွာက PDF တွေဟ မြို့စိုး၊ ညောင်နှစ်ပင်ရွာတွေဘက်ကို ဖောကား သုံးစီးနဲ့ ဆင်းသွားပြီး မြို့စိုးရွာ ငါးဆူဘုရားအနီးမှာ အင်အား ၁၅၀ ခန့် ရောက်ရှိနေတာကြောင့် မြစ်ခြေ မွေးမြူရေးစခန်းနဲ့ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေး စက်ရုံက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတိရှိကြဖို့ ဆိုလည်း မျှဝေခဲ့တာကိုလည်း စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီဝါဒဖြန့်တယ်လီချန်နယ်တွေက ဖော်ပြအပြီး နောက်တစ်ရက်မှာပဲ မြေပြင်မှာ ထိတွေ့ တိုက်ပွဲတွေ မရှိပေမဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဟာ စစ်ကောင်စီ လော်ဘီတွေ ပြောတဲ့အတိုင်း လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ် ဆိုတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီလော်ဘီ Truth Media ချန်နယ် ဖော်ပြမှု – http://archive.today/Y8dFR
စစ်ကောင်စီလော်ဘီ Snow Queen ချန်နယ် ဖော်ပြမှု – http://archive.today/xdyvi
အချုပ်အားဖြင့် စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မြို့စိုးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းလဲမရှိဘဲ အကြောင်းမဲ့ လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီလော်ဘီတွေ ဖော်ပြနေတဲ့ PDF တွေ အစည်းအဝေးလုပ်လို့ ပစ်ခတ်တိုက်ခိုက်ရခြင်း ဖြစ်တယ်ဆိုတဲ့ သတင်းဟာလည်း အမှားသာဖြစ်တယ်ဆိုတာကို CJ Platform အနေနဲ့ စိစစ် အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ ပျံ့နှံ့နေတဲ့သတင်းဟာ လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းအချက်အလက်အမှန်ကို ပြုပြင်စီမံပြီး ကိုယ်လိုချင်တဲ့ ပုံစံရောက်အောင် လှည့်ဖြားထားတဲ့ “ပြုပြင်စီမံတင်ဆက်ချက်” သတင်းအမှားသာ ဖြစ်ပါတယ်။
အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။
ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။
အလွယ်မယုံလိုက်ကြနဲ့နော်။