စပါးစျေးအကျနဲ့ အထွေထွေအကျပ်တည်းကြားက လယ်သမားတွေရဲ့ ဆုံးရှုံးမှုကြီးမားတဲ့ နှစ်တနှစ်

Author ဝေလင်း
Categories
Published on May 27, 2025

မေလရဲ့ နွေနှောင်းရက်တွေဟာ ခပ်မြန်မြန်ပဲကုန်သွားမယ်လို့ ထင်မထားကြပါဘူး။ မုတ်သုန်အဝင်စောမယ်လို့ သတင်းတွေဖတ်ရအပြီးမှာတော့ နွေစပါးကွင်းအလယ်မှာ မအေး(အမည်လွှဲ) တို့ လယ်သမားတွေ ရင်တမမနဲ့ ဆုတောင်းနေရပေါ့။

 

ဒါပေမဲ့ ဆုတောင်းမပြည့်ခဲ့ပါဘူး။ မအေး တယောက်တည်းသာမဟုတ်ဘဲ နွေစပါးစိုက်ထားကြတဲ့ လယ်သမားတွေ ဆုတောင်းမပြည့်ခဲ့ ကြတာပါ။

 

စပါးကွင်းတွေရဲ့ မျက်စိတဆုံး ပဲခူးရိုးမတောင်တန်းတွေအပေါ်မှာတော့ တိမ်ညိုတိမ်မဲတအုပ် ကသုတ်ကရုတ်နဲ့ ရွေ့လာနေကြတယ်။ မိုးခြိမ်းသံနဲ့ လျှပ်စီးလက်သွားတဲ့ မြင်ကွင်းတွေကို အလှမကြည့်အား။

 

လယ်ကန်သင်းရိုးမှာ တာပေါ်လင်အမိုးတွေပိုက်လို့ လယ်သမားတွေနဲ့ ရိတ်ခြွေလုပ်သားတွေ ပြေးကြ၊  လွှားကြရတယ်။

 

“စပါးရိတ်တဲ့နေ့ကို မိုးကတည့်တည့်ရွာချတာပဲ။ ရိတ်ပြီးသားတွေသယ်ဖို့ ပုစဉ်းခေါင်းကလည်း ငှားမရဘူး” လို့ မေလ ၁၉ ရက်နေ့မှာပဲ မအေး က ပြောပြပါတယ်။ အဲဒီနေ့ဟာ သူ့လယ်ထဲမှာ မိုးရွာတဲ့နေ့ပါ။

 

လေတိုက်မိုးရွာလို့ စပါးခင်းတချို့လည်း လဲကုန်ကြသလို ရေဆိုသွားတဲ့အတွက် ရိတ်ခြွေတာနဲ့ နေလှန်းဖို့အတွက် အခက်တွေ့ကုန်ရပါတယ်။ ရက်ကြာလို အစိုဓါတ်မကင်း အရည်အသွေးဖျင်းရင်လည်း စပါးဒိုင်က စျေးနှိမ်မှာကို စိုးရိမ်ကြရပြန်ပါတယ်။

 

တကယ်တော့လည်း ဒီနှစ်ရဲ့ နွေစပါးစျေးနှုန်းဟာ နှိမ်ဝယ်စရာမရှိတော့လောက်အောင်ကို အနိမ့်စျေးနဲ့ အရှုံးကြီးရှုံးနေပြီးသားပါ။

 

“စပါးစျေး ၁၁ သိန်းဝန်းကျင်နဲ့ ဝယ်သူကို လက်ဆွဲခေါ်နေရသူတွေ”

 

နွေစပါးအများဆုံးစိုက်ပျိုးတဲ့ တိုင်းတွေထဲက တခုဖြစ်တဲ့ ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့ မှာ မအေးနေထိုင်ပါတယ်။ သူ့မှာ နွေစပါး ၁၀ ဧကလောက်စိုက်ပျိုးထားတာပါ။

 

“စပါးဝယ်မဲ့သူမရှိ၊ လူယူမလား စပါးယူမလားလို့ မေးရမဲ့အခြေအနေ” လို့ မအေး က ဆိုပါတယ်။

 

နွေစပါးတင်း ၁၀၀ ကို ၁၁ သိန်း ၁ သောင်းပဲရတယ်လို့ မေလ ၁၇ ရက်နေ့ရဲ့ စပါးပေါက်စျေးကို မအေး ကဆက်ပြောပါတယ်။ ပေါင်းတည်မြို့နယ်ထဲမှာပဲ တချို့နေရာတွေမှာတော့ ၁၀ သိန်း ၁ သောင်းလို့ဆိုပါတယ်။ နတ်တလင်းမြို့နယ်မှာ ၁၂ သိန်းဝန်းကျင်ပေါက်စျေးရှိပြီး၊ ပြည်မြို့နယ်မှာတော့ ၁၀ သိန်း ၁ သောင်းဝန်းကျင်မှာပဲရှိနေတာပါ။

 

အလားတူ ဧရာဝတီတိုင်းထဲမှာလည်း နွေစပါးပေါက်စျေးဟာ စပါးအမျိုးအစားကိုလိုက်ပြီး ရက် ၉၀၊ ထိုင်းနှံကောက်၊ ဆင်းသုခ စပါးတင်း ၁၀၀ ကို ၁၂ သိန်းဝန်းကျင်နဲ့ GW 11၊ နယူးဧရာ၊ ဗျောသုခ ထိုင်းဘေးကြားစပါး တင်း ၁၀၀ ကို ၁၁ သိန်းဝန်းကျင်မှာသာ ပေါက်စျေးရှိပါတယ်။

 

“တောင်သူတွေပြောတဲ့စကားအရ နွေစပါးက အဲစျေးတွေက မကိုက်ဘူး။ ဆန်စက်ဘက်ကတော့ မလည်နိုင်ဘူး မီးမလာတော့ မလည်နိုင်ဘူး နွေစပါးဆိုတဲ့အမျိုးက အများကြီးဝယ်ထားလို့မရဘူး မိုးစပါးလို လောင်လို့မရဘူး အဆိုဓါတ်ကင်းမှ လှောင်ရတာ ပေါ်လာရင် နေလှန်းကျိတ်ပေါ့” လို့ ဆန်စပါးအရောင်းအဝယ်ကျွမ်းကျင်သူ စီးပွားရေးအကြံပေးတဦးက ပြောပါတယ်။

 

လျှပ်စစ်မီးရရှိနိုင်မှုကလည်း အဓိကနေရာမှာပါဝင်နေပြီး အခြောက်ခံ၊ ကျိတ်ခွဲရာမှာ မီးမရတဲ့ ရပ်ထားရတဲ့ စက်တွေရှိနေပြီး မီးစက်နှိုးလည်ပတ်ရပါက လောင်စာဆီစျေးနဲ့ မကိုက်ဘူးလို့ ပြောပါတယ်။

 

မတည်ငြိမ်တဲ့စျေးကွက်ကြောင့် ကုန်သယ်ပွဲစားတွေက စျေးကိုနှိမ်ဝယ်လိုကြပြီး အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့်လည်း စျေးကောင်းမရဖြစ်နေတာလို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေနဲ့ စျေးနှုန်းကျဆင်းတာနဲ့ ရောင်းချရန်ခက်နေတာတွေကို စိုးရိမ်ပူပန်နေတဲ့ တောင်သူလယ်သမားတွေဆီက စပါးတင်းသိန်း(၁၅၀) ကို ဧပြီလ နဲ့ မေလမှာ ဝယ်ယူပေးသွားမယ်လို့ မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ ပါတယ်။

 

လက်ရှိအခြေအနေဟာ နိုင်ငံတကာဝယ်လိုအားနဲ့ ပြည်တွင်းဝယ်လိုအား ကျဆင်းနေတယ်လို့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

 

“စပါးစျေးက တင်း ၁၀၀ ကို ၁၇ သိန်းရမှ လယ်သမားအတွက် ကျန်မယ်တွက်ခြေကိုက်မယ်” လို့ ပြည်မြို့နယ်က လယ်သမားတဦးက ဆိုပါတယ်။

 

“သွင်းအားစုစားရိတ်အမြင့်မှာ အတိုးကြီးပေးရင်းထားရတဲ့ လယ်သမား”

 

ဒီနှစ်ရဲ့ နွေစပါးစိုက်ပျိုးရာမှာကုန်ကျမှုတွေကတော့ မျိုးစပါး ၁ သိန်း ၃သောင်း၊ ထွန်ယက်ခ ၁ သိန်း ၂ သောင်း၊ မျိုးကြဲခ ၂ သောင်း၊ ဓါတ်မြေဩဇာ ၃ သိန်းဝန်းကျင်၊ ပိုးသတ်ဆေး ၆ သောင်း၊ ရိတ်သိမ်းခ ၂ သိန်းခန့် သယ်ယူစားရိတ် ၇ သောင်း ဝန်းကျင်နဲ့ လုပ်သားတွေပေါင်းလိုက်ပါက သွင်းအားစားရိတ် ၁၀ သိန်းကျော် ပျှမ်းကုန်ကျတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒီနှုန်းထားတွေဟာ နေရာအခြေအနေပေါ်မူတည်ပြီး ပိုမိုကုန်ကျမယ်လို့ ဆိုကြပါတယ်။

 

“စိုက်ပျိုးစားရိတ်ကြီးမာတာလည်းကြုံရတယ်။ အထွေထွေစားရိတ်ထဲမှာ(အိမ်ရှိလုပ်အားမပါ) ၁၅ သိန်းရှိတယ်။ တဧက တင်း ၁၀၀ ထွက်တောင် တဧက ၃ သိန်းရှုံးနေပြီ” လို့ နတ်တလင်းမြို့နယ်ထဲက လယ်သမားတွေကို မေးမြန်းစုံစမ်းထားတဲ့ တက်ကြွလှုပ်ရှားသူတဦး က ပြောပြပါတယ်။

 

သွင်းအားစုစားရိတ်ကြီးမြင့်တဲ့အတွက် အထွက်တိုးဖို့ ဆေးဝါးမသုံးနိုင်ကြဘဲ တချို့ကတော့ စားရိတ်ကျုံလိုက်ကြရတယ်လို့ ဆိုပါတယ်။ ဓါတ်မြေဩဇာဆိုင်တွေက စိုက်ပျိုးရေးဆေးတွေကို အကြွေးစနစ်နဲ့ ရောင်းချပေးကြပေမဲ့ အတိုးနှုန်းကြောင့် ဆတိုးနဲ့ ပိုဆိုးသွားတယ်လို့ လယ်သမားတွေဆီက သိရပါတယ်။

 

ယခုနှစ်ရဲ့ နွေစပါးအထွက်နှုန်းဟာ တဧက တင်း ၈၀ ဝန်းကျင်မှာသာရှိပြီး အချို့လယ်တွေမှာ တင်း ၇၀ အောက်အထိကျဆင်းခဲ့ပြီး မျိုးကောင်းကာရေရခဲ့သူတွေကတော့ တင်း ၁၀၀ အထိ ထွက်ရှိကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။

 

“စိုက်ပျိုးရေးဆေးက ၄ ကျပ်တိုးနဲ့ ၂ လစာ ရွှေပေါင်တော့လည်း ၃ ကျပ်တိုးဆိုပြီး မထူးပါဘူးဆိုပြီး ၄ ကျပ်တိုးနဲ့ ယူပက်ရတာ လယ်ရောလူပါအပ်ရတော့မယ်” လို့ မအေး က မချိတင်ကဲ ဆိုပါတယ်။

 

“ကျီမီးနဲ့ရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ”

 

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ခေါ်တဲ့ ဧရာဝတီတိုင်းဟာ ဆန်စပါးအများဆုံးထွက်ရာဒေသ ဖြစ်ပြီး နွေစပါး ၁.၃ သန်းစိုက်ပျိုးတာပါ။ ဒုတိယအများဆုံးစိုက်ပျိုးတဲ့ ပဲခူးတိုင်းမှာတော့ စိုက်ဧက ၄ သိန်းအထိ တိုးချဲ့စိုက်မယ်လို့ စစ်ကောင်စီစိုက်ပျိုးရေးဦးစီးဌာနက လျာထားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နွေစပါး စိုက်ဧက ၂ သန်းခွဲကျော်အထိ တိုးချဲ့စိုက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

 

ဒီစာရင်းတွေဟာ ထုတ်ပြန်ချက်တွေနဲ့ စာရင်းစာရွက်တွေပေါ်မှာသာ ရှိခဲ့ပြီး မြေပြင်မှာ အကောင်အထည်ဖော်စိုက်ပျိုးရတဲ့ လယ်သမားတွေကတော့ စိုက်ပျိုးရေးမှာ သွင်းအားစုစားရိတ် ကြီးမြင့်တဲ့အခက်ခဲ အပြင် စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းအပြီး ငွေကြေးကောက်ခံမှုတွေနဲ့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးမှုကလည်း စိုက်ပျိုးရေး ကို ကြီးကြီးမားမား ထိခိုက်စေခဲ့တာပါ။

 

ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ပန်းတောင်းမြို့နယ်၊ နတ်မောက်လမ်းဆုံမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဆိုင်ကယ်မောင်းလာတဲ့ လယ်သမားလူငယ် ၂ ဦးကို သေနတ်ပစ်ဖောက်ဖမ်းဆီးဖို့ကြိုးစားခဲ့ကြပါတယ်။ အဲဒီတရက်တည်းမှာပဲ လယ်ထဲမှာ ထွန်စက်မောင်းထွန်ယက်နေတဲ့ လူငယ်တဦးကို ဖမ်းဆီးဖို့ ကြိုးစားတဲ့အတွက် စက်ကိုထားပြီး ထွက်ပြေးခဲ့ရပါတယ်။

 

“အခုဆိုရင် လယ်သမားတွေ ကိုယ့်လယ်ကို မလုပ်ရဲတော့ပါ။ လယ်ထွန်စက်ပေါ်က မောင်းတဲ့သူတွေလည်း ဖမ်းဆီးပေါ်တာဆွဲနေတာဆိုတော့ လယ်သမားတွေ လယ်လုပ်ဘို့ အခက်အခဲ အရမ်းရှိနေ” တယ်လို့ ပန်းတောင်းမြို့နယ်ထဲက တောင်သူလယ်သမားတဦး က ပြောပါတယ်။

 

ကျေးရွာတွေမှာ လူဖမ်းဆီးမှုနဲ့ ပေါ်တာဆွဲတာတွေဟာ နေ့စဉ်ဆိုသလိုဖြစ်နေတာပါ။ အမည်စာရင်းပါဝင်တဲ့ တောင်သူလယ်သမားသမားတွေဟာ စစ်မှုထမ်းဖို့လိုက်ကြရသလို စစ်မှုထမ်းကင်းလွတ်ဖို့ဆိုပြီး ဒေသတွင်း အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေကို တအိမ် အနည်းဆုံး ၂၀၀၀၀ ကျပ်ကနေ ၅၀၀၀၀ ကျပ်အထိ လစဉ်ကောက်ခံနေတာပါ။

 

သား ၂ ဦးရှိတဲ့နေအိမ်တွေက လစဉ်ကြေး ၂ ဆပေးဆောင်ရတဲ့အတွက် တောသူတောင်သားလယ်သမားတွေ ဝန်ထုပ်ဝန်ပိုးကြီးမားရသလို ဖမ်းဆီးခံရတဲ့ သားတွေအတွက် ပြန်လည်ရွေးယူမယ်ဆိုပါက သိန်း ၈၀ ဝန်းကျင်ပေးဆောင်ရပါတယ်။

 

ဒါတွေအတွက် လယ်ပေါင်၊ နွားရောင်းရသူ ငွေတိုးချေးပေးရသူတွေလည်း မနည်းလှပါဘူး။

 

“ရွာသားတွေကမထည့်ပေးခြင်တော့ဘူးလတိုင်းအသုဘစရိတ်ထည့်ပေးနေရတယ်။ စားဝတ်နေရေးခက်ခဲနေသူတွေအတွက်ကပိုဆိုးတယ်ကိုယ်စားဖို့ထက်သူတို့ကိုပဲထည့်ပေးနေရတယ်လတိုင်းပဲအုပ်ကြီးတွေကလည်းသူတို့မျက်နှာရဖို့အတွက်ကိုပဲကည့်နေကြတယ်” လို့ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာ မှ အမျိုးသမီးတဦးက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စပါးကျီကို မီးနဲ့ရှို့နေသလိုဖြစ်နေပြီး စစ်ကြောင်းထိုး၊ မီးရှို့မှုတွေနဲ့ တဖက်က တိုက်ပွဲတွေကြောင့်လည်း ကျေးရွာတွေဟာ စိုက်ပျိုးရေးကောင်းစွာမလုပ်နိုင်ဘဲ ထိန်းသိမ်းမှုပါအားနည်းခဲ့ရပါတယ်။

 

တချို့လယ်သမားတွေကတော့ ရိတ်သိမ်းချိန်တန်နေတဲ့ စပါးခင်းတွေကို ထားရစ်ပြီး စစ်ရှောင်ရတာတွေလည်း ရှိနေပါတယ်။

 

“စပါးမစိုက်ချင်ကြတော့တဲ့ လယ်သမားတွေ”

 

“နွေစပါးမှာအထိနာတော့ စပါးစျေးကသာမကောင်းတာ ဓါတ်မြေဇာ၊ လုပ်အားခ ဆီကိစ္စတွေက စားရိတ်မကျတော့ မိုးစပါးကို မလုပ်မဲ့သူတွေတောင်ရှိတယ်။ မဖြစ်မနေ လုပ်ရမဲ့သူပဲလုပ်မယ်။” လို့ ဆန်စပါးအရောင်းအဝယ်ကျွမ်းကျင်သူ စီးပွားရေးအကြံပေး က ပြောပါတယ်။

 

တောင်သူလယ်သမားအများစုဟာ ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် ငှားရမ်းထားတဲ့ လယ်ယာတွေကို စွန့်ခွါမှုများပြားလာကြတယ်လို့ သူက ဆက်ပြောပါတယ်။

 

ရာသီဥတုဖောက်ပြန်တာ၊ အထွက်နှုန်းကောင်းမွန်အောင် သွင်းအားစုစားရိတ်မထည့်နိုင်တာ သင့်တင့်မျှတတဲ့ စျေးနှုန်းမရရှိတာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် စျေးကွက်ပျက်စီးပြီး ရောင်းဝယ်ဖောက်ကားမှု နှောင့်နှေးကြန့်ကြာ နေရတာတွေ၊ လုံခြုံမှုမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတာတွေဟာ တောင်သူလယ်သမားတွေကို စိုက်ပျိုးဖို့ စိတ်ပျက် လာစေပါတယ်။

 

“နိဂုံးချုပ်တော့ ဟိုစကားပဲ လယ်လုပ်ဖို့ ဆန္ဒမရှိတော့ဘူး။ အမတို့အခု နွေစပါးစိုက်ထားတဲ့ လယ်သူမတွေ ပြောကြတာတခုရှိတယ်။” မအေး က ပြောလက်စကားကို ရပ်တန့်လိုက်ပါတယ်။

 

ခဏအကြာမှာတော့ “အမတို့အဖြစ်က နေ့စပါးလှန်း၊ ည ဖာတန်း ဖြစ်နေပြီ” လို့ အားမနာတမ်းဆက်ပြောချလိုက်ပါတော့တယ်။