စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးနေလို့ ငလျင်ဒဏ်သင့်တဲ့ စစ်ကိုင်းဒေသခံတွေ လုံခြုံမှုမရှိ ဖြစ်နေ

စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံတွေဟာ အင်အားပြင်း စစ်ကိုင်းငလျင် လှုတ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းမြို့ နေရာအနှံ့မှာ စစ်မှုထမ်းဖို့အတွက် နေ့အချိန်တွေမှာပါ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ စစ်ကိုင်းမြို့ခံလူငယ်တွေ လုံခြုံမှုမရှိအောင် ခံစားနေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို ဖမ်းဆီးနေရာမှာ မေလ ၂၃ ရက် မနက် ၁၁ နာရီခွဲ ဝန်းကျင်ခန့်မှာလည်း စစ်ကိုင်းမြို့ မကျည်းစဥ်ရပ် အစွန်ပိုင်းရှိ အောက်ဆွဲအပိုင်းမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(ပျူစောထီး)တွေက နေအိမ်တွေအထဲထိ ဝင်ရောက်ကာ ဖမ်းဆီးခဲ့တာကြောင့် လူငယ် ၅ ဦးခန့်ပါသွားခဲ့တယ် လို့ စုံစမ်းသိရှိရပါတယ်။
“ ဒီနေ့မှ ဆွဲသွားတာဗျ။ အိမ်တွေထဲအထိကိုဝင်ဆွဲသွားတာ၊ ၅ ဦးလောက်ပါသွားတယ်။ အရင်ဆုံး စစ်ကိုင်းမြို့ ထွေအုပ်ရုံး နဲ့ တပ်မ ၃၃ထဲ ခေါ်သွားဖို့များတယ်ဗျ။ နောက်ဆက်တွဲတော့ မကြားသိရသေးဘူးဗျ” လို့ ဒီအကြောင်းသိရှိသူ စစ်ကိုင်းဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ် ၅ ဦးမှာ အသက် ၂၀ ဝန်းကျင်ရှိ လူငယ်တွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
အင်အားပြင်း စစ်ကိုင်းငလျင်လှုတ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်အောက်ခံတွေဟာ စစ်ကိုင်းမြို့ နေရာအနှံ့မှာ လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိနေသလို မြို့တွင်းမှာလည်း ဆိုင်ကယ်တွေကို ဖမ်းဆီးငွေညှစ်နေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မန္တလေးနဲ့ စစ်ကိုင်းကူးတဲ့ စစ်ကိုင်းတံတားမှာလည်း ဆိုင်ကယ်တွေကို မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ပြီး ငွေတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားပြင်း စကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲမှုကာလကို မေလကုန်အထိ တတိယအကြိမ် သက်တမ်းတိုးထားခဲ့ပေမဲ့ အခု မေလအတွင်းမှာပင် စစ်ကိုင်းမြို့ဝန်းကျင်နဲ့ မြို့အနောက်ဘက် တကြောမှာ ပစ်ခတ်သံတွေ ပြန်လည်ကြားနေရတာကြောင့် ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူတွေ စိုးရိမ်သောကရောက်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
” ခုကမြို့ပေါ်က ဆိုးနေတာ၊ ငလျင်ပြီးနောက် ဒုက္ခတွေများရတဲ့ကြားထဲ စစ်ကိုင်းမြို့ ငါးထိပ်ကြီးဘက်တွေ အဲဒီအနောက်ဖက်တကြောမှာ ပစ်ခတ်သံတွေကြားနေရတယ်။ လူတွေလဲ ဖမ်းဆီးသံတွေ ကြားနေရတာ။ ခုကမြို့ပေါ်မှာ နေရတာ စိတ်ချမ်းသာစရာကို မရှိဘူး” လို့ အသက် ၆၀ ဝန်းကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦးကလည်း CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီက အင်အားပြင်းမြေငလျင်ကြောင့် အပစ်ရပ်တယ်လို့ အကြိမ်ကြိမ်ကြေညာထားပေမဲ့ နိုင်ငံတဝန်း အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ယခင်ကထက် ပိုပြီးလုပ်ဆောင် လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ရဲ့ ဗဟိုချက်ဖြစ်တဲ့ စစ်ကိုင်းမြို့ဟာ လူထိခိုက်သေဆုံးတာတွေအပြင် အဆောက်အဦများစွာ ပြိုကျပျက်စီးခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ စစ်ကိုင်းမြို့အတွင်း အလုပ်အကိုင်တွေ ရှားပါးသွားပြီး မြို့ခံအချို့ဟာ စီးပွားရေးအဆင်မပြေတာတွေကြောင့် အခြားမြို့တွေကို ပြောင်းရွှေ့တာတွေရှိသလို နေအိမ်တွေကိုလည်း ဈေးလျှော့ရောင်းတာတွေရှိနေတယ်လို့ စစ်ကိုင်းမြို့မှာ အိမ်ခြံမြေ ပွဲစားလုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကိုင်းမြို့အတွင်း အဆောက်အဦများစွာ ပြိုကျပျက်စီးခဲ့တာကြောင့် အိမ်ဆောက်ပစ္စည်းတွေ လိုချက်မြင့်မားနေချိန် စစ်ကောင်စီက စစ်ကိုင်းမြို့ထဲမှာ ဆောက်လုပ်ရေးပစ္စည်းတွေကို ဈေးပွဲတော်အဖြစ် အကန့်အသတ်နဲ့ သွားရောင်းခဲ့လို့ ဒေသခံတွေအနေနဲ့ လောက်ငှမှုမရှိဘဲ လိုအပ်ချက်တွေ မြင့်မားနေဆဲ ဖြစ်တယ်လို့ စစ်ကိုင်းမြို့ဒေသခံတွေဆီက သိရပါတယ်။
ငလျင်ဒဏ်ကြောင့် အခက်အခဲများစွာနဲ့ကြုံတွေ့နေရတဲ့ စစ်ကိုင်းမြို့ခံတွေအနေနဲ့ လက်ရှိမှာတော့ ငလျင်လှုပ်ခတ်မှုအတွင်း ပျက်စီးသွားတဲ့ အိမ်တွေကို ဖြိုဖျက်နေဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်သေးချိန်မှာပဲ စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် မြို့ခံတွေအနေ လုံခြုံမှုမရှိဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်ကလည်း စစ်ကိုင်းမြို့ပေါ်မှာ သုံးရက်တာအတွင်း လမ်းသွားလမ်းလာ ပြည်သူတွေအပါအ၀င် မြို့ခံ လူငယ် ၁၀၀ ထက်မနည်းကို ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ်နဲ့ မြို့တွင်းလှည့်လည်ဖမ်းဆီးတာတွေအပြင် နေအိမ်တွေမှာပါ ၀င်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။