ရခိုင်ပြည်က ပြည်မကို သွားရောက်သူတွေ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံနေရ

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ မြို့နယ်တွေကနေ ပြည်မကို ထွက်ခွာသူတွေဟာ စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ အထွေထွေကိစ္စရပ်တွေကြောင့် ပြည်မသို့ ထွက်ခွာကြတာဖြစ်ပြီး AA ရဲ့ ပြည်မထွက်ခွာဖို့ ကန့်သတ်တာနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပေဒ အကြောင်းပြုပြီး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
“ရခိုင်မှာ အလုပ်အကိုင်ရှားပါးပြီး မိသားစုစားဝတ်နေရေး ကြပ်တည်းမှုကြောင့် ရန်ကုန်မှာ အလုပ်လုပ်ကြဖို့သွားကြတဲ့သူတွေရှိသလို တချို့က မလေးရှား၊ ထိုင်း၊ တရုတ်နိုင်ငံဘက် အလုပ်လုပ်ဖို့ပါ။ ရွာဘက်မှာ ကျောင်းမဖွင့်တော့ ရန်ကုန်မှာ ကျောင်းတက်ဖို့ သွားကြတဲ့သူတွေလည်း ရှိပါတယ်” လို့ အသက် (၄၀) နှစ်အရွယ် အမ်းမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်၊ အမ်းမြို့နယ်ထဲက AA ရဲ့ စစ်ဆေးရေးဂိတ်နဲ့ မကွေးတိုင်း၊ ပဒါန်း၊ ငဖဲ၊ မင်းဘူး၊ ကံမ စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေကို စစ်သင်တန်းကို ပို့ဆောင်ထားကာ မိသားစုဝင်နဲ့လည်း အဆက်သွယ်မရကြဘူးလို့ သိရပါတယ်။
“ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ရန်ကုန်သွားကြတာ လူငယ်တွေ အမ်းမြို့နယ်က AA စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတယ်။ ကျွန်တော်တို့က လိုက်စုံစမ်းကြည့်တော့ စစ်သင်တန်းထဲ ရောက်နေတယ်။ တွေ့ဖို့တောင်းတယ်။ တွေ့ခွင့် မပေးသေးဘူး။ သင်တန်းဆင်းပြီးရင် ပြန်လွတ်ပေးမယ်လို့ ပြောတယ်”လို့ မင်းပြားမြို့နယ်မှ ဖမ်းဆီးခံရတဲ့ မိသားစုဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မင်းပြားမြို့နယ်မှ အများစုဖြစ်ပြီး ဖေသာပြင်၊ မင်းတင်မ၊ ဖားပြို၊ ကျောက်မော် စတဲ့ကျေးရွာတွေကဖြစ်ပါတယ်။ လူဦးရေ အားဖြင့် ၂၀ ကျော်ရှိကာ ရခိုင်နဲ့ ချင်းလူမျိုးတွေဖြစ်ပါတယ်။ အခုမေလ ၃ရက်နဲ့ ၈ ရက်က ဖမ်းဆီးခံရသူတွေဖြစ်ပါတယ်။
ထိန်းချုပ်နယ်မြေ မြို့နယ်တွေက ပြည်သူတွေကို ရခိုင်ပြည်ကလွဲရင် မည်သည့်မြို့နယ်တွေကို ထွက်ခွင့်မပေးဘဲ ကန့်သတ်တင်းကြပ်ထားတယ်လို့ AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“AA က ရခိုင်ပြည်နယ်ကနေ တခြားပြည်မဘက်ကို ဘယ်သူမှထွက်ဖို့ မပေးပါဘူး။ တင်းကြပ် ကန့်သတ်ထားပါတယ်။ တခြားသေရေးရှင်းရေးကိစ္စမှသာ ထွက်ခွင့်ရတယ်။ ဒါတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူး၊ နိုင်ငံရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါမှ ထွက်လို့ရတယ်။ အဲဒါမှမဟုတ်ရင် တွေ့တဲ့နေရာမှာ ဖမ်းဆီးခံရနိုင်ပါတယ်။”လို့ မြောက်ဦးမြို့နယ်မှ AA နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် မေလ ၁၅ ရက်နဲ့ ၁၇ ရက်နေ့ကလည်း အမ်းမြို့နယ်၊ မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ်တွေက ရခိုင်၊ ချင်း လူငယ် ၂၀ ဦးထက်မနည်းဟာ ပဒါန်းနဲ့ ကံမမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်စစ်ဆေးစဥ် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
“တချို့ ပြန်လွတ်လာသူတွေရှိသလို ဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်တာလည်း ရှိပါတယ်။ ပြီးတော့ စစ်သင်တန်း တက်ခိုင်းတာလည်းရှိတယ်။ သူတို့တွေက စစ်ဆေးရေးဂိတ်တွေမှာ ရခိုင်မှတ်ပုံတင် ကိုင်ဆောင်လို့ စစ်ဆေးနေစဥ် ဖမ်းဆီး ခံရတာဖြစ်ပါတယ်”လို့ ရန်ကုန်ရောက်နေတဲ့ အသက် ၂၈ နှစ်အရွယ် အမ်းမြို့နယ်ဒေသခံ ချင်းအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ AA ဖမ်းဆီးထားတဲ့ထဲမှာ အသက်မပြည့်တဲ့ ကလေးတွေလည်းပါပြီး သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ ပြည်မကို ထွက်ခွာဖို့ ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကြား ပွဲစားဆီမှာ ပေးဆောင်ရတယ်လို့ သိရပါတယ်။
အကျိုးကြောင်း ဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာလိုသူတွေအနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်အရ ပြည်ပသို့ထွက်ခွာထွက်ပြေးဖို့ ကြိုးစားသူတွေကို ထွက်ခွင့်မပေးဘဲ တည်ငြိမ်တဲ့ စစ်ရေးအခြေအနေသို့ ရောက်ရှိသွားတဲ့အထိ တားမြစ်လိုက်တယ်လို့ AA က မေလ ၂၂ ရက်နေ့ညက ထုတ်ပြန်ထားပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါဝေဒနာရှင်မှလွဲ၍ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်အရ စစ်မှုထမ်းဖို့အကြုံးဝင်တဲ့ အမျိုးသား ၁၈ နှစ်မှ ၄၅ နှစ်နဲ့ အမျိုးသမီး ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိသူများကို ပြည်ပထွက်ခွာခွင့် မပြုဘဲ တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အရေးပေါ်ကာလထိ တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – pro-SAC