တအာင်းတပ်ထိန်းချုပ်ထားရာ ကျေးရွာတွေကို အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေ

Author CJ Platform
Categories
Published on May 23, 2025

စစ်ကောင်စီက တအာင်းတပ်ထိန်းချုပ်ထားရာ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေရာ ယမန်နေ့ မေလ ၂၂ ရက်နေ့မှာလည်း အုမ္မတီးကျေးရွာကို ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ အဆိပ်ငွေ့သုံးဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်နေတဲ့ အပြင် ဒရုန်းအသုံးပြုတိုက်ခိုက်တာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို  နေ့စဉ်နီးပါးပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

အုမ္မတီးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယမန်နေ့ မနက် ၁၁ နာရီ ၅၀ မှာ နှစ်ကြိမ်၊ ၁၁ နာရီ ၅၃ မှာ နှစ်ကြိမ် ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၄ လုံး လာရောက် ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း အုမ္မတီးကျေးရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို လက်နက်ကြီး (၁၅)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ မေလ (၂၀)ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟိုခိုကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅ဝ) ဗုံး (၁)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် (၁)လုံး ထိမှန်ပျက်စီးဆုံးရှုံးသွားခဲ့ရတယ်လို့ PSLF/TNLA ကထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီအနေနဲ့ မေလ ၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အပစ်ရပ်ကာလကို သက်တမ်းတိုးထားပေမဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာကို လေကြောင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်ခြင်းတွေပါ ပြုလုပ်နေပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းအသုံးပြု တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရန်ကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က သတိပေးထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

Related News

Depend on news