ယောကာကွယ်ရေးတပ် YDF အကျဉ်းထောင်ကနေ အကျဉ်းသားတစ်ချို့ ထောင်ဖောက်ပြေး

Author CJ Platform
Categories
Published on May 21, 2025

မကွေးတိုင်း ယောဒေသရှိ ယောကာကွယ်ရေးတပ် YDF ရဲ့ အမှတ်-၁ အကျဉ်းထောင်ကနေ အကျဉ်းသားတချို့ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က ထောင်ဖောက်ပြေးသွားခဲ့ပြီး အကျဉ်းသားတွေထဲ ပြစ်ဒဏ်ကြောင့် အကျဉ်းကျနေတဲ့ YDF ရဲဘော် ၅ ဦးပါ လွတ်မြောက်သွားတာဖြစ်တယ်လို့ ယောကာကွယ်ရေးတပ် YDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တဲ့ YDF ရဲဘော် ၅ ဦးအပါအဝင် ဆက်စပ်တရားခံတွေကို မဟာမိတ်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက တွေ့ရှိပါက ယောကာကွယ်ရေး တပ်ဖွဲထံ လွှဲပြောင်းပေးဖို့ အသိပေးမေတ္တာရပ်ခံတယ်လို့လည်း ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ ရဲဘော် ၅ ဦးမှာ ရဲဘော်ကောင်းကောင်း၊ ရဲဘော်ကိုငယ်၊ ရဲဘော်ဂျစ်တူး၊ ရဲဘော်သားငယ်၊ ရဲဘော်သားကြီး (ခ)လယ်မ တို့ဖြစ်ကြပြီး တပ်တွင်းစည်းကမ်းဖောက်ဖျက်မှုတို့ကြောင့် ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

 

အခုလို ထောင်ဖောက်ရာမှာ ရဲဘော်ကောင်းကောင်း၊ ရဲဘော်ကိုငယ်နဲ့ ရဲဘော်ဂျစ်တူးတို့က ဦးဆောင်ဖောက်ခဲ့တာ ဖြစ်ပြီး တပ်ပိုင် လက်နက်ခဲယမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ရောင်းဝယ်ဖောက်ကားခြင်း၊ တပ်ဘဏ္ဍာငွေများဖြင့် ကိုယ်ကျိုးစီးပွား ရှာဖွေခြင်း၊ သစ်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ တပ်တွင်း စည်းလုံးညီညွတ်မှုကို ဖျက်ဆီးရန် လှုံ့ဆော်ခြင်း၊ တပ်မှူးများအကြား ပဋိပက္ခဖြစ်ပေါ်စေရန် သတင်းမှားများ ဖြန့်ခြင်း၊ တပ်တွင်း ပုန်ကန်မှုများ ပြုလုပ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ပြစ်မှုဆိုင်ငံ့ခံဝန်ကတိများ ချိုးဖောက်ခြင်း၊ တားမြစ်ထားသော မူးယစ်ဆေးဝါးများ ကုန်ကူးခြင်း၊ သင်တန်းသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း၊ တပ်ဖွဲ့ဝင်များအား ပြန်ပေးဆွဲခြင်း၊ စစ်ဘေးရှောင် ပြည်သူများ၏ ပစ္စည်းများ လုယက်ခြင်း၊ စစ်မြေပြင်တာဝန်များကို လစ်ဟင်းခြင်း၊ တာဝန်မှ ထွက်ပြေးခြင်း တွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

ဖမ်းဆီးထိန်းသိမ်းထားသူတွေဟာ ယောကာကွယ်ရေးတပ် – YDF အတွင်း/အပြင်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ အဖျက်အမှောင့်လုပ်ငန်းတွေကို‌ လုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်တဲ့အပြင် ယောကာကွယ်ရေးတပ် -YDF ရဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်များနဲ့ ရှေ့ဆက်ရမယ့် တော်လှန်ရေးလုပ်ငန်းစဉ်တွေကို နှေးကွေးကြန့်ကြာအောင် လုပ်ဆောင်ခဲ့သူတွေ ဖြစ်တယ်လို့လည်း YDF ကဆိုပါတယ်။

 

ဒါကြောင့် ထွက်ပြေးလွတ်မြောက်နေသူတွေရဲ့ ဖြစ်စဉ်ကို မသိရှိဘဲ လက်ခံထားမိပါက အရေးယူဖမ်းဆီးထိန်းသိမ်းပြီး ပြန်လည်လွှဲပြောင်းပေးဖို့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ယောကာကွယ်ရေးတပ်က အသိပေး အကြောင်းကြားထားပါတယ်။

 

ယောကာကွယ်ရေးတပ် YDF အနေနဲ့ ချင်းပြည် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် (Chin Brotherhood )ရဲ့ CB Operation မှာ မဟာမိတ်တပ်ဖွဲ့အနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က စစ်ကောင်စီရဲ့ ခလရ-၂၆၈ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – YDF