အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေမှာ အစားအသောက်တွေ  လျော့ကျွေးနေ

Author CJ Platform
Categories
Published on May 19, 2025

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေမှာ စစ်ကောင်စီက အကျဉ်းသားတွေကို ယခုနှစ်စပိုင်းက စတင်ကာ အစားအသောက်တွေ လျော့ကျွေးနေတာတွေ ပြုလုပ်လာတယ်လို့ အကျဉ်းထောင်က ပြန်လွတ်မြောက် လာသူတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ထားချက်တို့အရ သိရပါတယ်။

 

စစ်ကောင်စီက အကျဉ်းထောင်တွေကို ဘတ်ဂျက်ငွေ လျော့ချသုံးစွဲလာတာကြောင့် အကျဉ်းထောင်တွေအတွင်း အကျဉ်းသားတွေကို ပုံမှန်ကျွေးနေမြဲ အသားဟင်းကျွေးတာကို ကန့်သတ်လိုက်ပြီး အလုပ်စခန်းတချို့မှာလည်း အသားဟင်း မကျွေးတော့တဲ့ အပြင် ပဲဟင်းပင် နပ်မှန်အောင် မကျွေးတော့ဘူးလို့ စုံစမ်းသိရှိရပါတယ်။

 

“ ၃ လပိုင်းထဲက နေပြီး အသားကျွေးရက်တွေကို မကျွေးတော့တာ ပဲဟင်းတောင် နပ်မမှန်ဘူး။ ညနေပိုင်း ဆို တာလဘောပဲကျွေးတာ စားရေး နေရေး အကုန်ကြပ်တည်းနေတယ် “ လို့ အမြန်လမ်းပိုင်းရှိ အလုပ်စခန်းတစ်ခုကနေ မကြာခင်က လွတ်မြောက်လာသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

အသားဟင်းတွေမပါပဲ ကျွေးမွေးပေမဲ့ အလုပ်လုပ်ရာမှာ ပုံမှန်လုပ်နေကြအတိုင်း လုပ်ဆောင် နေရတာကြောင့် တချို့ အကျဉ်းသားတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

 

အကျဉ်းထောင်တွေအတွင်း ကျွေးမွေးတဲ့ ထမင်းတွေမှာလည်း အပျော့အမာ မမှန်သလို အသားကျွေးတဲ့အခါ မှာလည်း ယခင်ကျွေးတဲ့ ကြက်သားနဲ့ ကြက်ဥတွေအစား ငါးဒန်ကိုသာ အဓိကထား ကျွေးတဲ့အပြင် ငါးဟင်းတွေကလည်း ညှီနံ့မပျောက်တာမျိုးတွေ ဖြစ်တယ်လို့ PPNM ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

 

PPNM ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ မိတ္ထီလာအကျဉ်းထောင်၊ အိုးဘိုအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊ လွိုင်ကော်အကျဉ်းထောင်၊ ပေါင်းတည်အကျဉ်းထောင်၊ ပုသိမ်အကျဉ်ထောင်တို့အပြင် ပုသိမ်ကြီး (လူငယ်ထောင်)ပါ ပါဝင်တယ်လို့ ဆိုပါတယ်။

 

အကျဉ်းထောင်တွေအတွင်း အသားဟင်း တစ်ပတ်လျှင် ၄ နပ်ရရှိပေမဲ့ အသားဟင်းတွေမှာ ငါးဟင်းသာပါဝင်ပြီး ယခင်အသားဟင်းတုံးကဲ့သို့ မရှိတော့ဘဲ ဟင်းတုန်းသေးငယ်တဲ့အပြင် လတ်ဆတ်မှုမရှိ ညှီနံ့မကင်းတာကြောင့် အကျဉ်းသားတွေအနေနဲ့ စားသောက်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

 

အာဟာရမပြည့်ဝတဲ့ အစားအစာတွေကိုသာ ရရှိတာကြောင့် အကျဉ်းသားများအနေနဲ့ အဟာရချို့တဲ့မှုကြောင့် ကိုယ်အလေးချိန်ကျဆင်းကာ တုတ်ဆွဲခြင်း (ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမရ)စတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ PPNM ကထုတ်ပြန်ပြောဆိုပါတယ်။

 

အဲဒီလိုအဟာရချို့တဲ့မှုကြောင့် မြင်းခြံအကျဉ်းထောင်ရှိ အကျဉ်းသား ၁၅ ရာခိုင်နှုန်း ခန့်ဟာ အဟာရချို့တဲ့တဲ့ ဝေဒနာကို ခံစားနေရတယ်လို့ သိရှိရပါတယ်။

 

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေအတွင်း လူအခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားလာကာ ဆေးဝါးမလုံလောက်တဲ့ပြသနာတွေ ညှင်းပန်းနှိပ်ဆက်တာတွေကြောင့် အကျဉ်းထောင်တွေ အတွင်း အရေပြားရောဂါ ဝမ်းရောဂါစတဲ့ ရောဂါတွေခံစားလာကြရပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေပါ သေဆုံးခဲ့ကြရတာတွေ ရှိနေပါတယ်။

 

စစ်ကောင်စီရဲ့ အကျဉ်းထောင်တွေအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့် ယခုနှစ် ဇန်နဝါရီလ ကနေ ဧပြီလအထိ ၄ လတာကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ဦးအထိ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – pro-SAC