ထိုင်း-မြန်မာ လူမှုအသိုင်းအဝန်းနှစ်ခုကို ရန်မီးပွားဖို့ လုပ်ဆောင်နေသူတွေ ရှိနေ

Author CJ Platform
Categories
Published on May 10, 2025

မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံအတွင်း ခိုလှုံနေထိုင်လာတဲ့ မြန်မာနိုင်ငံသားတွေ များပြားလာပြီးနောက် မြန်မာနိုင်ငံသားတွေ အများစု နေထိုင်နေကြတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ထိုင်းနိုင်ငံသားတွေနဲ့ ခိုလှုံမြန်မာနိုင်ငံသားတွေ ရန်မီးပွားစေဖို့ ရည်ရွယ်ချက်ရှိစွာနဲ့ လုပ်ဆောင်နေသူတွေ ရှိလာတယ်လို့ မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

 

မိမိကိုယ်ကိုယ် ထိုင်းနိုင်ငံသားလို့ ဆိုကာ မဲဆောက်မြို့မှာ ခိုလှုံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အချို့ကို မြန်မာစကားနဲ့ ဖုန်းဆက်ခြိမ်းခြောက်တာ၊ ဦးဆောင်သူတစ်ဦး ပါဝင်ပြီး မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ တစ်ဦးတည်း သွားလာနေသူတွေကို ခြိမ်းခြောက်ရန်ပြုနေတဲ့ အဖွဲ့အချို့လည်း ပေါ်ပေါက်နေခဲ့ပါတယ်။

 

“ည ၁၂နာရီလောက်ကြီး ဖုန်းဆက်လာတယ်၊ မြန်မာလိုပီပီသသနဲ့ ပြောတာ၊ မင်းတို့ ငါတို့နိုင်ငံမှာ ဘာလာလုပ်နေတာလဲဆိုပြီး အပြင်မှာ တွေ့ဖို့ ချိန်းဆိုတယ်၊ ရန်ပြု ဆဲဆိုစကားတွေ ပြောတယ်၊ ကျွန်တော်က ဒီနိုင်ငံမှာ ရောက်နေတာ နှစ်ပေါင်းအများကြီးကြာနေပြီ ထိုင်းစကားလည်း ကျွန်တော် ကောင်းကောင်းပြောတတ်တယ်၊ မင်း ထိုင်းမဟုတ်ဘူးပြောတော့ ဆဲဆိုတာပဲလုပ်တယ်၊ ကျွန်တော် ထိုင်းလိုပြောတော့ သူပြန်မပြောတတ်ဘူး”လို့ ဖုန်းဆက်ခြိမ်းခြောက်တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ မြန်မာရွေ့ပြောင်းလုပ်သားတစ်ဦးက ပြောပါတယ်။

 

မြန်မာနိုင်ငံသားတွေ ကိုင်ဆောင်တယ်လို့ ယူဆရတဲ့ ဖုန်းနံပါတ်တွေကို ထိုင်းနိုင်ငံသားပါလို့ သူ့ကိုယ်သူဆိုပြီး မြန်မာစကားနဲ့ ဖုန်းဆက်ကာ ရန်ပြုစကား ဆိုသူတွေဟာ ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီလဆန်းကနေ စတင်ပြီး ပိုမိုများပြားလာခဲ့ပါတယ်။

 

“မဲဆောက်က Facebook Group တွေထဲ ဖုန်းနံပါတ်တွေ တင်ထားမိပြီး အလုပ်ရှာသူတွေ၊ အချက်အလက်မျှဝေသူတွေပိုပြီး ခံရတာများတယ်၊ ဖုန်းနံပါတ်ရသွားတော့ ဖုန်းဆက်ပြီးတော့ ဆဲဆိုခြိမ်းခြောက်တာတွေ လုပ်တာ”လို့ ခြိမ်းခြောက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

 

မိမိတို့ နေအိမ်မှာ ပိုလျှံသွားတဲ့ အသုံးဆောင်ပစ္စည်းတွေကို ပြန်လည်မျှဝေ ရောင်းချဖို့ လူမှုကွန်ရက်တွေပေါ် မျှဝေမိတဲ့ မြန်မာနိုင်ငံသား အချို့လည်း စျေးဝယ်မယ်လို့ ဟန်ဆောင်ပြီး လိမ်လည်ခေါ်ဆောင်ကာ ရိုက်နှက်ပြီး ပစ္စည်းလုယက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေခဲ့ပါတယ်။

 

“ဖုန်းအဟောင်းပြန်ဝယ်ဆိုပြီး မြန်မာလိုဖုန်းဆက်ချိန်းလို့ သွားလိုက်တာ၊ ရောက်သွားတော့ ထိုင်းအယောင်ဆောင်ပြီး ရိုက်လုထားတယ်၊ သူတို့တွေက ထိုင်းတွေ မဟုတ်တာကို ကျွန်တော် ကောင်းကောင်းရိပ်မိတယ်”လို့ ရိုက်နှက်လုယက်ခြင်း ခံရသူ တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံသားလို့ ယူဆရသူတွေကို ထိုင်းနိုင်ငံသား အယောင်ဆောင်ကာ ဓားထောက်လုယက်တာတွေ၊ ဝိုင်းဝန်းရိုက်နှက်တာတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပြီး ဘာသာစကား ခက်ခဲမှု၊ တရားဝင်နိုင်ရေး အထောက်အထားပြည့်စုံမှု လိုအပ်ချက်တွေကြောင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းရဲတပ်ဖွဲ့ဆီ အမှုဖွင့်တိုင်ကြားရဲခြင်း မရှိကြပါဘူး။

 

အခုလို ရာဇဝတ်မှုတွေ ဖြစ်ပေါ်နေမှုဟာ ထိုင်း-မြန်မာ လူမှုအသိုင်းအဝန်းကြားကို အမုန်းတရားများနဲ့ ရန်မီးပွားစေဖို့ အဖွဲ့အစည်းတစ်ခုက ထိုင်းနိုင်ငံသားတွေ အယောင်ဆောင်ကာ လုပ်ဆောင်နေတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

“မဲဆောက်ရဲ့ Facebook Group တွေကို သတိထားစောင့်ကြည့်မိတာမှာ၊ ထိုင်းအမည်ပေးထားပြီး မြန်မာဘာသာနဲ့ ဝင်ရောက်ရေးသားနေသူတွေကို တွေ့ရတယ်၊ သူတို့က community နှစ်ခုကို ရန်မီးပွားစေဖို့ ရေးသားနေတာတွေ တွေ့ရတယ်၊ အဲဒီ Account တွေကို စစ်ဆေးလိုက်ချိန်မှာ သူတို့နဲ့ Friend ဖြစ်သူတွေမှာ စစ်ကောင်စီနဲ့ ပတ်သက်မှု တစ်ခုမဟုတ် တစ်ခုရှိနေတာကို သတိထားမိတယ်”လို့ သုတေသီတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို လက်မခံသူ တော်လှန်ရေးအင်အားစု အများစုဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခိုလှုံနေထိုင်နေရချိန်မှာ အခုလို ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတာဟာ စစ်ကောင်စီက မဲဆောက်မြို့ရောက် မြန်မာအသိုင်းအဝန်းကို အကြပ်ရိုက်စေဖို့နဲ့ လုံခြုံမှုကင်းမဲ့စေဖို့ နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်နေမှုတွေလည်း ဖြစ်နိုင်တယ်လို့ မဲဆောက်မြို့ရောက် မြန်မာအချို့က သုံးသပ်မှုတွေလည်း ရှိနေပါတယ်။