အိန္ဒိယနဲ့ ပါကစ္စတန်တို့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ G7 နိုင်ငံတွေက တိုက်တွန်း

Author CJ Platform
Categories
Published on May 10, 2025

ကမ္ဘာ့ထိပ်သီး နိုင်ငံတွေဖြစ်ကြတဲ့ G7 နိုင်ငံတွေဟာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံတို့ကို နှစ်နိုင်ငံကြားက တင်းမာမှုတွေ အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ ယမန်နေ့ မေလ ၉ ရက်နေ့မှာပဲ ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

 

နျူကလီးယားလက်နက်ကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ နိုင်ငံ နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပိုပိုပြီး မြင့်တက်လာချိန်မှာ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးအင်အားစုဖြစ်တဲ့ G7 အဖွဲ့က အခုလိုမျိုး တိုက်တွန်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 

“တင်းမာမှုတွေကို ချက်ချင်းလျှော့ချဖို့နဲ့ ငြိမ်းချမ်းတဲ့ ရလဒ်တတစ်ခုရရှိဖို့အတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးကြဖို့ တောင်းဆိုပါတယ်” လို့ G7 ရဲ့ ယမန်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့ပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ အိန္ဒိယထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသထဲကို ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေက နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး ဟိန္ဒူခရီးသွားတွေကို  တိုက်ခိုက်ခဲ့မှုကိုလည်း ရှုတ်ချကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဲဒီ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့  မေလ ၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံက ဆင်ဒေါစစ်ဆင်ရေးဆိုပြီး ပါကစ္စတန်ဘက်ကို လေကြောင်းကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား လက်ရှိအချိန်ထိ နေ့စဉ် ပဋိပက္ခတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး လူပေါင်း ဒါဇင်နဲ့ချီသေဆုံးခဲ့ရသလို ရာနဲ့ချီ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

 

ဧပြီ ၂၂ ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အစိုးရကို စွပ်စွဲပြောဆိုခဲ့ပေမဲ့  ပါကစ္စတန်ဘက်ကတော့ အဆိုပါ ကိစ္စမှာ သူတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သလို ကြားနာစုံစမ်းမှုတစ်ရပ်ပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။G7 အဖွဲ့ဝင်နိုင်ငံထဲက အမေရိကန်ပြည်ထောင်စုဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးနဲ့ ပုံမှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာမျိုး ရှိပေမဲ့ အမေရိကန်ရဲ့ ဒုတိယသမ္မတဖြစ်သူ ဂျေဒီဗန့် ကတော့ ဒီစစ်ပွဲဟာ အမေရိကန်နဲ့ မသက်ဆိုင်ပါဘူး လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

 

မွတ်စလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အမြဲလိုလို အငြင်းပွာနေရတဲ့ ဒေသဖြစ်ပြီး နှစ်နိုင်ငံစလုံးဟာ တစ်စိတ်တစ်ပိုင်းစီ ထိန်းချုပ်ထားရာ ဒေသလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ဒီဒေသဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေနဲ့ သံတမန်ရေးရာ အကြပ်အတည်းတွေ ဖြစ်ပွားခဲ့ရာ နေရာလည်း ဖြစ်ပါတယ်။

 

ကိုးကား- Reutersဓာတ်ပုံ- Reuters

 

ပုံစာ- ယမန်နေ့ မေလ ၉ ရက်နေ့က ပါကစ္စတန်နိုင်ငံ ကရာချိဆိပ်ကမ်းမှာ သတင်းသမားတွေရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးယူပေးနေတဲ့ စစ်သားတစ်ဦးကိုတွေ့မြင်ရစဉ်