နွေနေပူထဲ ဝတ်ပြုဆုတောင်းရသူများ

နွေကာလ အပူဆုံး မေလရဲ့ နေဒဏ်ကို အံတုပြီး အစ္စလာမ်ဘာသာဝင်များ သင့်တော်ရာ လမ်းဘေးဝဲယာနဲ့ ယာယီတဲတွေအောက်ဝယ် သောကြာတစ်နေ့မှာ ဝတ်ပြုဆုတောင်းနေကြပါတယ်။
အဲဒါကတော့ မန္တလေးမြို့၊ အမရပူရမြို့နယ်က အစ္စလာမ်ဘာသာဝင်တွေပဲဖြစ်ပါတယ်။ သူတို့ဟာ တစ်ပတ်မှာတစ်ရက်ရှိတဲ့ သောကြာ တစ်ရက်တည်းအတွက်မဟုတ်ပါဘူး။ အပတ်စဉ် သောကြာနေ့တိုင်းလို နေအပူဒဏ်ခံရင်း ယုံကြည်ရာအတွက် ဝတ်ပြုဆုတောင်းနေကြတာပါ။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအားပမာဏ ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြောင့် နိုင်ငံအနှံ့က ဗလီ ၁၃၅ လုံး ပြိုကျ/ပျက်စီးခဲ့တဲ့အထဲ မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းကလည်း အများအပြားပါဝင်ခဲ့တာကြောင့် အခုလို ဝတ်ပြုနေကြရတာဖြစ်ပါတယ်။
ဒါကြောင့်ပဲ သူတို့ဟာ အာဏာသိမ်းစစ်ကောင်စီက ဗလီအသစ်တွေ ဆောက်လုပ်ခွင့်ရနိုင်ရေး မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ လတ်တလောအချိန်အထိတော့ ငလျင်ကြီးလှုပ်အပြီး တစ်လကျော်ကြာမြင့်လာတဲ့အထိ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ပြိုကျ/ပျက်စီးခဲ့ရတဲ့ ဗလီတွေကို ပြန်လည်တည်ဆောက်ခွင့်ရဖို့ဆိုတာထက် အပျက်အစီးတွေကိုတောင် ရှင်းလင်းခွင့်မရသေးပါဘူး။
ငလျင်လှုပ်တာ တစ်လကျော် နှစ်လအတွင်းအထိကြာပြီဖြစ်တဲ့တိုင်အောင် ဝတ်ပြုဖို့ ယာယီတဲဆောက်ခွင့်ကိုတောင် စစ်ကောင်စီထံ စာအဆင့်ဆင့်တင်ရပြီး ကန့်သတ်မှုမျိုးစုံကို အစ္စလာမ်ဘာသာဝင်တွေ ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ဗလီတည်ဆောက်ခွင့်၊ မွမ်းမံခွင့်တွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေရှိတာကြောင့် အခုလို ပြိုကျပျက်စီးနေတဲ့ ဗလီတွေကို ပြန်လည်တည်ဆောက်ခွင့်မရမှာကိုလည်း အစ္စလာမ်ဘာသာဝင်တွေ စိုးရိမ်ပူပန်နေကြပါတယ်။
“အုတ်ပုံဖြစ်သွားတဲ့ ဗလီတွေပြန်ဆောက်ခွင့်”
မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် နိုင်ငံအနှံ့က ဘာသာရေးအဆောက်အအုံပေါင်း ၉၆၀၀ ကျော် ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ ဗလီပေါင်း ၁၃၅ လုံးပါဝင်တယ်လို့ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။
ငလျင်လှုပ်ခတ်ခဲ့တဲ့နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လရဲ့ နောက်ဆုံး သောကြာနေ့ဖြစ်ပြီး ဝတ်ပြုနေတဲ့အချိန်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ဗလီတွေ ပြိုကျပျက်စီးမှုကြောင့် ဝတ်ပြုနေတဲ့ အစ္စလာမ်ဘာသာဝင် ၆၇၃ ဦးလည်း သေဆုံးခဲ့ရပါတယ်။
ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ခြောက်မြို့နယ်မှာ ဗလီ ၅၈ လုံး၊ အမရပူရမြို့နယ်မှာ ၁၈ လုံး၊ ကျောက်ဆည်ခရိုင်မှာ ၂၂ လုံး၊ တံတားဦးခရိုင်မှာ တစ်လုံး၊ မိတ္ထီလာခရိုင်မှာ ၁၈ လုံး၊ ရမည်းသင်းခရိုင်မှာ ၁၈ လုံး အသီးသီးပျက်စီးခဲ့တယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေရဲ့ စာရင်းပြုစုထားချက်အရ သိရပါတယ်။
“ပြန်ဆောက်ဖို့ဆိုတာထက်စာရင် တချို့ဥစ္စာတွေရှင်းခွင့်ပေါ့။ ပြိုပျက်နေတာတွေ ရှင်းခွင့်ဆိုတာတွေက ကျွန်တော်တို့ကို ထိန်းချုပ်ထားပါတယ်။ လွတ်လပ်စွာလုပ်ခွင့်မရပါဘူး။ ကျွန်တော်တို့ စိုးရိမ်ပူပန်နေပါတယ်။ တချို့ဆို ဗလီတွေမရှင်းရဲသေးဘူး။ အဲဒါကို သူတို့ တစ်ခုခု တင်းကျပ်မလား” လို့ အစ္စာလာမ်ဘာသာရေးဆရာ ဦးသိန်းဝင်းအောင်က ပြောပါတယ်။
ဗလီတွေကို ပြန်လည်တည်ဆောက်ခွင့်ရဖို့ဆိုရင် မန္တလေးတိုင်းဝန်ကြီးချုပ်ကို စာအရင်တင်ရပြီး အဲဒီကနေမှ သာသနာရေးဝန်ကြီးကနေတစ်ဆင့် စာပြန်ကျလာကာ ပြန်လည်စိစစ်ရေးလုပ်တယ်လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ အသက် ၆၀ နှစ်အရွယ်ရှိ ဦးသိန်းဝင်းအောင်လို အစ္စလာမ်ဘာသာဝင်တွေဟာ ပြိုကျပျက်စီးသွားတဲ့ ဗလီတွေရှင်းလင်းခွင့်ရဖို့ စာတင်ထားတဲ့အဆင့်ပဲရှိနေသေးပြီး ဗလီသစ်တွေ ပြန်လည်တည်ဆောက်ခွင့်ရဖို့ကိုတော့ ကြိုးစားနေရဆဲဖြစ်ပါတယ်။
အမည်မဖော်လိုသူ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တချို့ကတော့ ဗလီပြန်ဆောက်ခွင့်ကို မူလပုံစံအတိုင်းပဲ ပြန်လည်ဆောက်လုပ်ခွင့်ပေးမှာဖြစ်ကြောင်း သိရတယ်လို့ ပြောပါတယ်။
မူလပုံစံအတိုင်းသာ ပြန်ဆောက်ခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံက ဗလီတွေဟာ နှစ်ပေါင်း ၆၀ ကြာ ဆောက်လုပ်ခွင့်မရခဲ့တာဖြစ်တဲ့အတွက် တိုးတက်လာတဲ့ လူဦးရေနဲ့ဆိုရင် အဆင်မပြေနိုင်ဘူးလို့ အစ္စလာမ်ဘာသာဝင်တွေက ဆိုပါတယ်။
ဒါ့အပြင် အစ္စလာမ်ဘာသာဝင်အများစုဟာ သူတို့ကို လူရာမသွင်းတဲ့ စစ်အစိုးရတွေနှစ်ရှည်အုပ်ချုပ်ခဲ့တာကြောင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားလည်း လူစုံမရရှိထားကြပါဘူး။ အဲဒါကြောင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှာရှိတဲ့ စာရင်းနဲ့ မြေပြင်မှာရှိတဲ့ စာရင်းဟာ တော်တော်လေးကွာဟနေပါတယ်။
မတ် ၂၈ ရက်နောက်ပိုင်းဆောက်လုပ်မယ့်အဆောက်အအုံတွေကို အင်အားရစ်ချ်တာစကေး ၈ အဆင့်ထိ ခံနိုင်တဲ့ အဆောက်အအုံတွေ ဆောက်ရမယ်ဆိုတဲ့ စစ်ကောင်စီဟာ ဗလီတွေကိုတော့ မူလပုံစံအတိုင်းပဲ ပြန်ဆောက်ခွင့်ကိုတောင် ပေးအပ်ဖို့ လက်တွန့်နေဆဲဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုးနေဦးကတော့ ရှုတ်ချပြောဆိုပါတယ်။
“ဗလီတွေကို အရင်ပုံစံအတိုင်းဆောက်ရမယ်ဆိုတာ ဒါလည်း ဖိနှိပ်တာပဲ” လို့ လက်နက်အားကိုးနဲ့ အုပ်ချုပ်မင်းလုပ်လိုသူတွေကို ဝေဖန်ပြောဆိုပါတယ်။
ဆက်လက်ပြီး သူက “နောက်တစ်ခုက ဒါတောင်မှ တရားဝင်ပေးသေးတာမဟုတ်ပါဘူး။ ဗလီတွေကို သူတို့ ပြန်ပြီးဆောက်ခွင့်ပေးမယ်ဆိုရင်လည်း သူတို့က အဓမ္မအစိုးရ လုပ်ချင်နေတဲ့သူတွေ။ နိုင်ငံတကာကို ခွေးတိုးပေါက်ကနေ ဝင်ချင်တဲ့သူတွဖြစ်တဲ့အတွက် သူတို့က ပေးတော့ပေးမှာပဲ။ ပေးရင်လည်း ကျွန်တော့်အမြင်အရ ကျေးဇူးတင်စရာတော့မလိုဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်ကို သူတို့လုပ်ပေးတာ” လို့ ပြောပါတယ်။
“ဗလီမဲ့ လမ်းဘေးက ဆုတောင်းများ”
အစ္စလာမ်ဘာသာဝင်တွေအတွက် နေ့စဉ် ငါးကြိမ် ဆွလာသ်ဝတ်ပြုတာဟာ ဘာသာရေးဆိုင်ရာအရ မပြုမနေရ တာဝန်တစ်ရပ်ဖြစ်ပြီး သတ်မှတ်ထားတဲ့ အချိန်၊ နေရာ၊ ပုံစံအတိုင်း ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးနဲ့ ဝတ်ပြုကြရတာပါ။
ဆွလာသ်ဝတ်ပြုတဲ့အတွက် နာမ်ခန္ဓာသန့်စင်ဖွံ့ဖြိုးခြင်း၊ စိတ်နှလုံးငြိမ်းချမ်းခြင်း၊ ကိုယ်ကျင့်တရား တိုးတက်ခြင်း၊ အလ္လာဟ်ရှင်နဲ့အတူရှိခြင်း၊ ညီနောင်စိတ်ဓာတ်နဲ့ စုပေါင်းဝတ်ပြုခြင်း စတဲ့ကောင်းကျိုးတွေကိုရရှိစေတယ်လို့ သူတို့က ယုံကြည်သက်ဝင်ကြပါတယ်။
အရုဏ်ဦး၊ မွန်းလွဲ၊ ညနေ၊ နေဝင်ပြီးနဲ့ ညဉ့်ဦးယံတို့မှာ ဆွလာသ်ဝတ်ပြုကြပြီး ဝတ်ပြုရာမှာ တစ်ဦးချင်းဝတ်ပြုနိုင်ပေမဲ့ သက်ဆိုင်ရာဝတ်ကျောင်းတော်မှာ အများနဲ့ စုပေါင်းဝတ်ပြုခြင်းက ပိုမိုအကျိုးများစေတယ်လို့ ဆိုကြပါတယ်။
သို့ပေမဲ့ ယခုချိန်မှာတော့ ငလျင်ဘေးရိုက်ခတ်မှုနဲ့ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေအောက်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ လမ်းဘေးမှာ ဖြစ်သလို ဝတ်ပြုနေကြရပါတယ်။
“လတ်တလောမှာတော့ ယာယီဝတ်ပြုဆောင်လေးတွေ အဆင်ပြေသလို လုပ်ပြီး ဝတ်ပြုကြပါတယ်။ တချို့အလုံးစုံပြိုကျတာမဟုတ်တဲ့ ဗလီတွေကတော့ ဒီလိုပဲ အန္တရာယ်ကြားကနေ ဝတ်ပြုနေကြတာပါ” လို့ မန္တလေးမြို့နေ အစ္စလာမ်ဘာသာဝင်တစ်ဦးက ဆိုပါတယ်။
ငလျင်ဒဏ်ခံရတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ လမ်းဘေးမှာ ဖြစ်သလို တဲထိုးပြီး ဝတ်ပြုရေးအတွက်တောင် လွတ်လပ်ခွင့်မရဘဲ စစ်ကောင်စီရဲ့ ခွင့်ပြုချက်ယူနေရပါတယ်။
အဲဒါနဲ့ပတ်သက်ပြီး ဝါရင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးသိန်းဝင်းအောင်က “အဲဒါလေး ထိုးတာ စာတင်ရသေးတယ်။ စာကျတယ်။ ဘာနဲ့ထိုးမှာတုန်း။ ဝါးနဲ့ထိုးမှာလား ကန့်သတ်ချက်တွေ ယာယီတဲလေးထိုးတာဗျာ။ အိမ်ပြိုလို့ရှိရင် ကိုယ့်အိမ်နဲ့ ကိုယ့်မိုးကာနဲ့ ကိုယ်ဗျာ။ အခုဟာက စာနဲ့ လာပြီးတော့ ဘာနဲ့ထိုးမှာတုန်း၊ ဘာနဲ့လုပ်မှာတုန်း အဲဒါတွေ ကျွန်တော်တို့ဖြေရတယ်” လို့ စစ်ကောင်စီလက်အောက်ခံတွေရဲ့ အရစ်ခံရပုံတွေကို ပြန်ပြောင်းပြောပြပါတယ်။
အစ္စလာမ်ဘာသာဝင်တွေကတော့ ရာသီဥတုဒဏ်ကို အံတုရင်း ဝတ်ပြုနေကြရတာဖြစ်တဲ့အတွက် ဗလီပြန်ဆောက်ခွင့် အမြန်ရဖို့ကို ငံ့လင့်နေကြပါတယ်။
“ငလျင်ကြောင့် မြေပုံအတိဖြစ်ခဲ့ရတဲ့ နှစ်တစ်ရာဗလီများ”
မြန်မာနိုင်ငံမှာ ဗလီပေါင်း သုံးထောင်နီးပါးရှိပြီး အဲဒီဗလီတွေဟာ နှစ်ပေါင်း ၃၀ ကနေ ၁၀၀ ကျော်အထိ သက်တမ်းရှည်ကြာပြီဖြစ်ပေမဲ့ အစိုးရအဆက်ဆက် ပြင်ဆင်ခွင့်မရခဲ့ပါဘူး။
စစ်အာဏာရှင်တွေရဲ့လက်ထက်တင်မကဘဲ အရပ်သားအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လက်ထက်မှာတောင် ဗလီပြင်ဆင်ခွင့်မရခဲ့တာလို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေက တညီတညွတ်တည်းပြောပါတယ်။
“ဗလီပြင်တာ ရာဇဝတ်မှုလိုပဲ” လို့ အစ္စလာမ်ဘာသာရေးဆရာ ဦးစိုးနေဦးက ဘွင်းဘွင်းပြောပါတယ်။
ဒီလိုအခြေအနေတွေကြောင့်လည်း ဆွေးမြေ့ပျက်စီးနေတဲ့ ဗလီတွေဟာ ငလျင်ကြီးရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရပြီး ဝတ်ပြုနေတဲ့လူပေါင်းရာချီဟာလည်း အဆောက်အအုံတွေနဲ့အတူ ပျက်ကိန်းဆိုက်ရောက်ခဲ့ရပါတယ်။
“နှစ်ပေါင်းများစွာ ကျွန်တော်တို့ ပြုပြင်ခွင့်မရတဲ့အတွက် ကျွန်တော်တို့ရဲ့ ဗလီတွေပြိုကျတာဟာ ငလျင်ကြောင့်လည်းပါသလို နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းခွင့်မရတဲ့အတွက်လည်း တစ်ခါတည်း ငလျင်လှုပ်လိုက်တဲ့အချိန်မှာ အုတ်ပုံလုံးဝဖြစ်သွားတာမျိုး” လို့ ဗလီအများ ပျက်စီးရပုံကို ဆရာစိုးနေဦးက ပြောပြပါတယ်။
အခုလို ဘာသာရေးအဆောက်အအုံတွေပြင်ဆင်ခွင့်နဲ့ ပြန်လည်တည်ဆောက်ခွင့်တွေ ကန့်သတ်ခံနေရတာဟာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို ချိုးဖောက်တာလို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ပြုပါတယ်။
လူထု ဒါမှမဟုတ် ပုဂ္ဂလိကကဏ္ဍတွေမှာ ဘာသာရေး ဒါမှမဟုတ် ယုံကြည်ကိုးကွယ်မှုကို သင်ကြားခွင့်ရှိတာ၊ လေ့ကျင့်တာနဲ့ ကိုးကွယ်ခြင်းနဲ့ ဆည်းပူးလေ့လာမှုတို့ရရှိခွင့်ဟာ ဘာသာရေးလွတ်လပ်ခွင့်ရဲ့ နိယာမသဘောတရားတွေဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ခေတ်အဆက်ဆက် ဖိနှိပ်ခံနေရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေဟာ ဆက်လက်ဆိုးဝါးနေတယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်(USCIRF)အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဆောက်ခွင့်မျှော်လင့်ချက် တကယ်ဖြစ်၊မဖြစ်”
မတ် ၂၈ ရက်ငလျင်ကြောင့် အမွေအနှစ်တွေ၊ သာသနိကအဆောက်အဦတွေ၊ ပြားပြားဝပ်သွားတဲ့ ကျေးရွာတွေဟာ မြန်မာနိုင်ငံအလယ်ပိုင်းတလျောက်လုံးမှာ တလကျော်၊ နှစ်လအတွင်းရောက်လာချိန်အထိ ကျန်ရှိနေဆဲပါပဲ။
ယခုချိန်ထိ ရှင်ကျန်ရစ်သူတွေဟာ လုံလောက်တဲ့ အမိုးအကာမရှိဘဲ လမ်းပေါ်မှာ အထိတ်တလန့် အိပ်စက်နေရတုန်းပါပဲ။
အလားတူ ကိုးကွယ်ရာ အဆောက်အအုံမဲ့နေတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာလည်း လမ်းပေါ်မှာ ဝတ်ပြုနေကြရတုန်းပါပဲ။
စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေး စီမံချက်ဆိုတာကတော့ အရိပ်တောင် မမြင်ရသေးတဲ့ ပြောစကားသက်သက်ပဲရှိနေပါသေးတယ်။
ငလျင်ဘေးကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရပေမဲ့ စစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်တဲ့ လေကြောင်းတိုက်ခိုက်တာတွေကိုတော့ ဆက်လုပ်နေပြီး ဘေးဆိုးကြီးကို ပိုဆိုးဝါးစေသလို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လက်နက်အဖြစ် အသုံးပြုခဲ့တာကို သတင်းတွေက အတည်ပြုနေတယ်လို့ လွတ်လပ်သောသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar ကတော့ ထောက်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ နှစ်ပတ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၉၂ ခုကို မှတ်တမ်းတင်ထားခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တဖန် လူသားချင်းစာနာအကူအညီတွေကို ပိတ်ပင်တာ၊ သိမ်းဆည်းတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေကို သူတို့အကျိုးအမြတ်အတွက် အမြတ်ထုတ်တာအပြင် တစ်ဖက်မှာလည်း ကူညီကယ်ဆယ်ရေးနဲ့ ဆေးဘက်ဆိုင်ရာလုပ်သားတွေကို ပစ်မှတ်ထားစောင့်ကြည့်တာတွေလုပ်သလို သတင်းမီဒီယာနဲ့ ဆက်သွယ်ရေးကိုလည်း တင်းကျပ်ကန့်သတ်ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
စာရင်းပြုစုထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာကနေရခဲ့တဲ့ အလှူငွေ ၂၉၂ ဒသမ ၈၉ သန်းလောက်ရှိပါတယ်။
ငလျင်ဘေးကာလအတွင်းမှာ မင်းအောင်လှိုင်ဟာ ပြည်တွင်းပြည်ပက ကုမ္ပဏီတွေနဲ့ ခရိုနီတွေဆီကနေပါ အလှူကောက်ခံခဲ့ပြီး ဧပြီလဒုတိယအပတ်ထိ အလှူငွေ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ သန်းရရှိထားကာ ဒီငွေတွေဟာ စစ်စရိတ်အတွက်သာ အထောက်အပံ့ဖြစ်နိုင်တယ်လို့ JFM က ထောက်ပြထားပါတယ်။
တကယ့်လက်တွေ့အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေမှာလည်း ကယ်ဆယ်ရေးကအစ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာလည်း ပြည်သူကနေ ပြည်သူကိုသာ စီးဆင်းနေပါတယ်။
မင်းအောင်လှိုင်နဲ့ သူ့နောက်ပါတွေကတော့ ငလျင်လှုပ်တဲ့နေရာတဝိုက်လှည့်ပတ်ကြည့်တာနဲ့ ပြိုကျသွားတဲ့ ဘုရားစေတီတွေကို လိုက်လံပတ်ကြည့်ကာ ဟန်ပြအလှူငွေတွေပေးပြနေတာကို သူတို့ထိန်းချုပ်ထားတဲ့သတင်းစာတွေမှာ ဝင့်ဝင့်ကြွားကြွားဖော်ပြနေပါတယ်။
ကပ်ဘေးကနေ မင်းအောင်လှိုင်က အခုလို အမျိုးမျိုး အမြတ်ထုတ်နေချိန်မှာ မြန်မာပြည်သူတွေဟာ သဘာဝဘေးရော၊ ပဋိပက္ခတွေရဲ့ အကျိုးဆက်ကြားမှာ အသက်ရှုရပ်မတတ်ပါပဲ။
ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီအမြန်ပြန်လည်ဆောက်ခွင့် မျှော်လင့်ချက်ဟာလည်း ဝိုးတဝါးပါပဲ။
သို့ပေမဲ့လည်း အစ္စလာမ်ဘာသာဝင်တွေကတော့ သူတို့မေတ္တာပို့ဝတ်ပြုရာ အသိုက်အမြုံလေးကို ပြန်လည်တည်ဆောက်ခွင့်ရဖို့ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။
အစ္စလာမ်ဘာသာရေးဆရာ ဦးသိန်းဝင်းအောင်ကတော့ ငလျင်ဒဏ်ခံ အစ္စလာမ်ဘာသာဝင်တွေအားလုံးရဲ့ကိုယ်စား အခုလို ဖွင့်ဟပြောကြားပါတယ်။
“ကျွန်တော်တို့ ဘုရားဝတ်ပြု မေတ္တာပို့တဲ့နေရာလေးတွေကိုတော့ ကန့်သတ်ချက်မရှိဘဲနဲ့ ချွင်းချက်မရှိ နေရာများတဲ့နေရာမှာ များသလို ဆောက်ခွင့်ပြုဖို့မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
ဒီလို သူ ပြောသာပြောလိုက်ပေမဲ့ သိပ်တော့ အားထားပုံမပေါ် ၊ ဆက်လက်ပြီး သူ့အဆိုကို သူဖြေပြောလေး ပြောလိုက်ပါတယ်။
“ကျွန်တော်တို့ အစ္စလာမ်သာသနာရေးအဆောက်အဦကို အသစ်ဆောက်ပေးတယ်ဆိုတာ အသက် ၆၀ မှာ တစ်ခါမှမကြားဖူးဘူး” လို့ပါပဲ။