ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် စစ်သား ၃၀ ကျော် သေဆုံးသွားတာကြောင့် စစ်ကြောင်းပျက်ပြီး ဆုတ်ခွာပြေး

Author CJ Platform
Categories
Published on May 08, 2025

ကရင်ပြည် ကော့ကရိတ်ခရိုင် ကျုံဒိုးမြို့နယ် နွားခြံကုန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့လို့ စစ်ကောင်စီ စစ်ကြောင်းပျက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)ရဲ့ ဒီကနေ့ မေလ ၈ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ အင်အား ၅၀ ခန့်ပါဝင်တဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီရဲ့ ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ-၄၃၂ ဒုတပ်ရင်းမှုး ဗိုလ်မှူးစိုးမင်းထက် အပါအဝင် အကြပ်အရာရှိနဲ့တပ်သား ၃၀ဦးခန့်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

 

“လက်နက်ကြီးနဲ့တင်မကဘူး ဒရုန်းနဲ့လည်း လာကြဲတာတွေရှိတယ်။ လေယာဉ်နဲ့တော့ အာရှလမ်း တလျှောက်က ရွာတွေကို တန်းစီပြီးတော့ကိုပတ်ကြဲနေတာ” လို့ MLA သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ မနေခြည်က CJ Platform ကိုပြောပါတယ်။

 

နှစ်ဖက်တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး ဧပြီ ၃၀ ရက်နေ့ မနက် ၇ နာရီကနေ ညနေ ၅ နာရီခန့်အထိ ၁၀ နာရီကြာ တိုက်ခိုက်ခဲ့ကြပြီး တော်လှန်ရေးရဲဘော်တချို့ ကျဆုံးခဲ့ရတယ်လို့ ဒေသခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) အပြင် မွန်ပြည်သစ်ပါတီ ခွဲထွက် (NMSP-AD)၊ ပျံလွှားစစ်ကြောင်း၊ Lion Battalion စစ်ကြောင်းစတဲ့ KNLAဦးဆောင်တဲ့ အခြားပူးပေါင်းတပ်တွေ အတူအကွ ပါဝင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းကတော့ တနင်္သာရီတိုင်း ကမ်းရိုးတမ်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မ ၂၂၊ တပ်မ ၄၄ လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခမရ ၂၀၈ ( ကျိုက်မရော)၊ ခမရ ၁၀၂ (မုတ္တမ)၊ ခမရ ၄၃၂ (ဘုတ်ပြင်း) စတဲ့ တပ်ရင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်ရာ အနီးဝန်းကျင်မှာ စစ်ရေးသတင်းတွေကို နားစွင့်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်တဲ့ နေရာတွေမှာသာ နေထိုင်ကြဖို့ မွန်ပြည် လွတ်မြောက်ရေး တပ်တော် (MLA) က သတိပေး တိုက်တွန်းထားပါတယ်။

 

Related News

Depend on news