စစ်ကောင်စီက မကြာခဏဗုံးကြဲတိုက်ခိုက်နေတဲ့ ကနီမြို့နယ်မှာ ဖုန်းလိုင်းတွေပါ ပြတ်တောက်နေလို့ လေကြောင်းအန္တရာယ် ပိုစိုးရိမ်နေရ

Author CJ Platform
Categories
Published on May 08, 2025

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ကို စစ်ကောင်စီက မကြာခဏ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် နေတာကြောင့် ဒေသခံတွေ အခက်အခဲများစွာရှိနေတဲ့အပြင် ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က စပြီး ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားတာကြောင့် လေကြောင်းအန္တရာယ် ပိုစိုးရိမ်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

စစ်ကောင်စီက မေလ ပထမပတ်ထဲမှာပဲ လေကြောင်းကနေ ကနီမြို့နယ်တွင်းက ချောင်းမရွာနဲ့ မု‌တ္ထော အရှေ့ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး နောက်တစ်နေ့မှာပဲ ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကနီက တော်လှန်ရေးစကတည်းက ရဲရဲတောက် တော်လှန်ခဲ့ကြတာ အဲဒါကြောင့်ငြိုးတယ်ထင်တာပဲ။ လေကြောင်းနဲ့ လာချတိုင်း ခံနေရတော့ ဗုံးခိုကျင်းတွေထဲပဲ နေရတာ။ ဖုန်းလိုင်းတွေ မရတော့ အဆက်အသွယ်တွေ ပြတ်လို့ ပိုပြီး စိုးရိမ်နေကြရတယ် “ လို့ ကနီမြို့နယ်က CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်ကောင်စီတပ်က မေလ ၄ ရက်နေ့ ည သန်းခေါ်ယံအချိန်မှာ ဂျက်ဖိုက်တာနဲ့ ကနီမြို့နယ် ချောင်းမရွာကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ချောင်းမကျေးရွာတောင်ဘက် မီးသတ်ရုံး အနီးကို ဗုံး ၂လုံး ကျရောက် ပေါက်ကွဲခဲ့ပေမဲ့ အဆိုပါ နေရာဝန်းကျင်မှာ လူနေထိုင်ခြင်းမရှိတဲ့အတွက် လူသေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် နောက်တနေ့ မေလ ၅ ရက်နေ့မှာလည်း မု‌တ္ထောအရှေ့ကျေးရွာကို စက်တပ်လေထီး (Paramotor) နဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု မကြာခဏခံနေရတာကြောင့် ဒေသခံပြည်သူတချို့သာ ကျေးရွာတွေအတွင်း နေထိုင်ကြပြီး အများစုက စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ကနီမှာ တော်လှန်ရေးစတင်စဉ်အချိန်ကတည်းက MPT နဲ့ Mytel ဖုန်းလိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး ATOM ဖုန်းလိုင်းနဲ့ Ooredoo ဖုန်းလိုင်းတွေ နေရာဒေသတချို့မှာ အသုံးပြုလို့ရနေပေမဲ့ ယခုမေလ ၅ ရက်နေ့မှာတော့ ဖုန်းလိုင်းတွေ အကုန်လုံး ပြတ်တောက်သွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ အဆက်အသွယ်ပြတ်တာလဲပြတ်တာပေါ့။ ဖုန်းလိုင်းမရှိတာလဲ တခါတလေတွေးမိတာ ကောင်းတယ်။ ဒလန်တွေ သတင်းပို့ဖို့အဆင်မ‌ပြေတော့ဘူး။ ဖုန်းလိုင်းရှိရင် စကစ သူလျှိုလို လူတွေက မြေအောက် သတင်းယူပြီး သူတို့ ပထွေးတွေဆီ ပို့နေတာလေ” လို့ ကနီမြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။တော်လှန်ရေးရဲဘော်တွေ သွားလာလှုပ်ရှားနေတာတွေကို စစ်ကောင်စီထောက်ခံသူတွေက စစ်ကောင်စီထံ ဖုန်းဆက် သတင်းပေးပို့ကြတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကနီမြို့နယ်အတွင်း ပြောဆိုလို့ရနေတဲ့ ATOM ဖုန်းလိုင်းက တောင်ထိပ်တွေမှာ လိုင်းမိတတ်ပေမဲ့ လက်ရှိမှာ ဖုန်းလိုင်းပြတ်တောက်သွားပြီဖြစ်တဲ့အပြင် Ooredoo ဖုန်းလိုင်းကလည်း မေလ ၅ ရက်နေ့ ညနေအထိ ဖုန်းလိုင်းမိနေပေမဲ့ ခေါ်ဆိုလို့မရတော့ပဲ နောက်တစ်နေ့ မေလ ၆ ရက်နေ့မှာတော့ ဖုန်းလိုင်းပါ မမိတော့ဘူးလို့ သိရပါတယ်။

 

ကနီမြို့နယ်အတွင်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာမှာ မိတ္ထီလာ ရှမ်းတဲလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတွေအပြင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီး (Paramotor) တွေနဲ့ မကြာခဏ ဗုံးလာကြဲနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကနီမြို့ကိုပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ KIA/PDF  ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက် ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ စစ်ကူဖြည့် ပြန်လည်ထိုးစစ်ဆင်မှုတွေကြောင့် တော်လှန်ရေး အင်အားစုတွေက ၅ ရက်သာ မြို့ကို ထိန်းထားနိုင်ခဲ့ကာ မတ်လ ၁၂ ရက်နေ့မှာ မြို့ကို  ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။

 

လက်ရှိ ကနီမြို့ပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထိန်းချုပ်ထားဆဲဖြစ်ပြီး မြို့ပေါ်ကလွဲပြီး ကျေးရွာတွေကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ သိရပါတယ်။