ပြည်ပမှာ အလုပ်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော စစ်ခေါင်းဆောင်ပြောတာတွေက ဟန်ပြသာဖြစ်ပြီး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲဖြစ်

ပြည်ပမှာအလုပ်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ အလုပ်လုပ်ကိုင်ဖို့လိုတယ်လို့ ဒီကနေ့ကျရောက်တဲ့ အလုပ်သမားနေ့ မှာ စစ်ခေါင်းဆောင်က သူ့ရဲ့ သဝဏ်လွှာထဲ ထည့်ပြောလိုက်သလို ပြည်ပထွက်အလုပ်လုပ်ကိုင်သူ များပြားနေတာကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးနေတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောလိုက်တာပါ။
ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက မိသားစုဆီကို တရားဝင်လမ်းကြောင်းကတစ်ဆင့် လွှဲပို့ငွေတွေ လွှဲပို့ခြင်းနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်ပြီး အလုပ်သမားတွေကို ဥပဒေနဲ့အညီ ပြည်ပနိုင်ငံတွေကို စေလွှတ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
“ နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ အဓိကအခန်းကဏ္ဍမှာ ပါဝင်လျက်ရှိတဲ့ အလုပ်သမားကြီးများကို လူမှုစီးပွားဘဝမြှင့်တင် ပေးနိုင်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ် “ လို့ လူငယ်လူရွယ်များကို ပြည်ပထွက်ခွင့်ပိတ်ပင်ထားတဲ့ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
စက်ရုံ၊ အလုပ်ရုံနဲ့ အလုပ်ဌာနတွေမှာ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်တွေရရှိဖို့၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးအတွက် စစ်ဆေးစည်းကြပ်တာတွေကို လုပ်ဆောင်နေတယ်လို့ လည်း စစ်ခေါင်းဆောင်က သူရဲ့ မိန့်ခွန်းထဲ ထည့်ပြောထားပါတယ်။
လက်ရှိ စက်ရုံအလုပ်ရုံတွေမှာတော့ စစ်ခေါင်းဆောင်ပြောဆိုတာနဲ့ အရမ်းကွာဟမှုတွေရှိနေပြီး အလုပ်သမားဥပဒေနဲ့ အကျိုးခံစားခွင့်နဲ့ ပတ်သတ်ပြီး အနည်းဆုံးလုပ်ခလစာ မရရှိတဲ့ စက်ရုံများစွာရှိနေတဲ့အပြင် ခွင့်ရက်၊ ဆေးခွင့်၊ မီဖွားခွင့်တွေအပြင် ရှောင်တခင်ခွင့်တွေ စက်ရုံတိုင်း အပြည့်အဝမရရှိဘူးလို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် NLF Myanmar ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။
“ အနည်းဆုံးလုပ်ခ လစာမှာ သူတို့က နေ့စားဆိုတာနဲ့ ခန့်အပ်ပြီးတော့ အနည်းဆုံးလုပ်အားခကို အပြင်မှာ အပြည့်အဝ မပေးတာတွေ ရှိနေတယ်။ တချို့စက်ရုံတွေမှာ ခွင့်ပေးပြီး ပိုက်ဆံဖြတ်တောက်နေတာတွေလည်းရှိတယ်။ ဆေးခွင့်ယူပြီး အလုပ်သမားတွေ ပိုက်ဆံဖြတ်ခံရတာတွေလည်း ရှိနေတယ် “ လို့ NLF Myanmar တွဲဖက်ဥက္ကဌ ဒေါ်တင်တင်ဝေ က ပြောပါတယ်။
ဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီးတော့ရော ကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ရော စက်ရုံတွေမှာက ညီညွတ်မှုမရှိဘူး လို့လည်း သူမကဆက်ပြောပါတယ်။
စစ်ခေါင်းဆောင်က အလုပ်ရှင် အလုပ်သမားများကြား လုပ်ငန်းခွင်အငြင်းပွားမှုတွေကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးချင်းနဲ့ ရပိုင်ခွင့်တွေ မျှတမှန်ကန်စွာ ရရှိစေဖို့ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့နဲ့ ဖြေရှင်းပေးနေတယ်လို့ ပြောဆိုပါသေးတယ်။
အလုပ်ရှင်နဲ့ အလုပ်သမားအကြား ညှိနှိုင်းဖို့ အလုပ်သမားညှိနှိုင်းဖျန်ဖြေရေး အဖွဲ့အစည်းတွေဖွဲ့စည်းထားတာရှိပေမဲ့ ဒီအဖွဲ့အစည်းတွေထဲ အလုပ်ရှင်က သုံးဦး အလုပ်သမားဘက်က သုံးဦးဖွဲ့စည်းထားရတာဖြစ်ပြီး အလုပ်ရှင်ရဲ့ အလိုကျ ခိုင်းစေလို့ရမယ့် အကြီးပိုင်းအလုပ်သမားတွေနဲ့သာ ဖွဲ့စည်းထားတာဖြစ်လို့ အလုပ်သမားတွေဘက်က ငြိမ်ခံနေရတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။
“ အလုပ်သမားတွေက စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနတွေကို တိုင်ကြားမယ် ဆိုပါကလည်း ထိရောက်မှုလုံးဝမရှိဘူး။ ဖြေရှင်းပေးတယ်ဆိုတာလည်း ဟန်ပြသာဖြစ်တယ်၊ အလုပ်သမားတွေဘက်မှာ လုံးဝမရှိနေဘူး “ လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက CJ Platform ကိုပြောပါတယ်။
မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ILO က ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေ တိုက်တွန်းချက်တွေကို နိုင်ငံရဲ့တည်ဆဲဥပဒေနဲ့အညီ လိုက်နာကျင့်သုံးနေပြီး အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေကိုလည်း ILO နဲ့ ပူးပေါင်း ဖြေရှင်းနေတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက် (၁၈၂)အရ ကလေးသူငယ်တွေကို အဆိုးရွားဆုံး ပုံစံနဲ့ ခိုင်းစေခြင်းမရှိစေဖို့ ကာကွယ် တားဆီးခြင်း၊ ပညာပေးဟောပြောခြင်းတွေကို ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နဲ့ ထိန်းသိမ်းကြပ်မတ်နေတယ်လို့လည်း ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်းခိုင်းတာ၊ အဓမ္မ အလုပ်ခိုင်းစေတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေအတွက် (ILO) ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူဖို့ အတည်ပြုခဲ့ပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံ အလင်းသစ်အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ( NLF -Myanmar )
ပုံစာ – ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ( မေဒေး ) နေ့မှာ NLF Myanmarရဲ့ လှုပ်ရှားမှုပုံရိပ်