ဘိလပ်မြေတွေကို စစ်ကောင်စီနဲ့ နီးစပ်သူတွေကိုသာပေးနေလို့ ဈေးနှုန်းမြင့်နေချိန် စစ်ကောင်စီဝန်ကြီး တွေက ဘိလပ်မြေ ဈေးရောင်းပွဲတော်လုပ်မယ်

Author CJ Platform
Categories
Published on Apr 30, 2025

စစ်ကောင်စီရဲ့ စက်မှုဝန်ကြီးနဲ့ စီးပွားကူသန်းဝန်ကြီးတို့က ငလျင်ဒဏ်သင့်ဒေသတွေမှာ လိုအပ်ချက်အရ ဈေးနှုန်းကြီးမြင့် ကွာခြားနေတာကြောင့် ဘိလပ်မြေနဲ့ အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော် ပြုလုပ်မယ်လို့ ဧပြီလ ၂၉ ရက် မနေ့က စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှာကျင်းပတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

 

စစ်ကောင်စီက သတ်မှတ်ဈေးနှုန်းနဲ့ ဘိလပ်မြေတွေကိုရောင်းချခိုင်းပေမဲ့ စက်ရုံကနေ ဈေးနှုန်းမြှင့်ပြီး နီးစပ်သူတွေကိုသာ ရောင်းချပေးနေတာကြောင့် ဈေးကွက်ထဲ ဈေးနှုန်းတွေ မြင့်မားလာနေချိန်မှာ စစ်ကောင်စီခန့် ဝန်ကြီးတွေက ဈေးရောင်းပွဲတော် ပြုလုပ်ရောင်းချမယ်လို့ ဆိုလာတာပါ။

 

“ ဘိလပ်မြေဈေးထဲ Alpha ဘိလပ်မြေက ငလျင်မလှုပ်ခင်က ရန်ကုန်အရောက်စျေးမှ ၁၈၀၀၀ နည်းနည်းစွန်းစွန်းပဲ ရှိတယ်။ အခု စက်ရုံဈေးတင် ၁၇၀၀၀။ နီးစပ်ရာလူတွေပဲရတော့ ဆိုင်တွေက အဲဒီလူတွေဆီကနေ ပြန်ဝယ်တော့ ဈေးတွေကတက်ကုန်တာပေါ့” လို့ ဒီအကြောင်းသိရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ သံ၊ သံမဏိ၊ ဘိလပ်မြေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို သက်သာတဲ့နှုန်းနဲ့ ဈေးရောင်းပွဲတော်လုပ်ဖို့ စစ်ကောင်စီခန့်ဝန်ကြီးတွေက ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်း၊ သံမဏိလုပ်ငန်းရှင်များအသင်း၊ သံနှင့် သံမဏိအသင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်း တို့က ဥက္ကဌနဲ့ တာဝန်ရှိသူတွေကို ခေါ်ယူတွေ့ဆုံခဲ့တာပါ။

 

အဲဒီလိုတွေ့ဆုံရာမှာ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားကူးသန်းဝန်ကြီး ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းတို့ ပါဝင်ခဲ့ပြီး ဈေးပွဲတော်မှာ တည်ဆောက်ရေးပစ္စည်းတွေ အရည်အသွေးပြည့်မီပြီး လုံလောက်စွာရရှိစေဖို့နဲ့ အချိန်မီရရှိဖို့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ လုပ်ငန်းရှင်တွေကို ညွှန်ကြားခဲ့ပါတယ်။

 

“ ငလျင်ဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် သံမဏိ၊ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းတွေက မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်ပြီး ငလျင်ဖြစ်ပွားရာဒေသတွေကို စုံစမ်းကြည့်တော့ လိုအပ်ချက်အရ ဈေးနှုန်းကြီးမြင့် ကွာခြားမှုတွေရှိနေတာကို တွေ့ရတယ် “ လို့ ဒေါက်တာချာလီသန်းက ပြောဆိုခဲ့ပါတယ်။

 

အဲဒီဈေးရောင်းပွဲတော်ကို နေပြည်တော်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး ဈေးရောင်းပွဲတော် အောင်မြင်စေဖို့ သက်ဆိုင်ရာအသင်းတွေရဲ့ ဦးဆောင်မှုနဲ့ လုပ်ငန်းရှင်တွေက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ကို စီးပွားကူးသန်းဝန်ကြီးက ညွှန်ကြားခဲ့ပါတယ်။

 

ဈေးရောင်းပွဲတော်မှာ ဈေးနှုန်းလျှော့ချကာ သံ၊ သံမဏိ၊ ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ဈေးရောင်းပွဲတော် ဖွင့်လှစ်ရောင်းချဖို့ ပူးပေါင်းဆောင်ရွက်မယ်လို့ လုပ်ငန်းရှင်တွေက ပြောခဲ့တယ်လို့ စစ်ကောင်စီသတင်းစာက ဆိုပါတယ်။

 

လက်ရှိမှာ အိမ်ဆောက်ပစ္စည်းရောင်းဝယ်တဲ့ဈေးကွက်ထဲ ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်နေပြီး စစ်ကောင်စီက သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ဘိလပ်မြေဝယ်ယူနိုင်သူတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ ကော်မရှင်စား လုပ်ငန်းရှင်တွေပဲ ဖြစ်နေပြီး၊ မြေပြင်မှာ အမှန်တကယ် ဆိုင်ဖွင့်ရောင်းချသူတွေက ဝယ်ယူလို့ မရဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – pro-SAC

Related News

Depend on news