ရာသီဥတုပြောင်းလဲခြင်းနှင့် အနာဂတ် ကရင်ပြည်နယ်

Author CJ Platform
Categories
Published on Aug 23, 2022

#မြတ်နိူးသူရ

“မိုးရာသီရောက်ရင် ရွှေယဉ်မျှော်ဘုရားနားတဝိုက်က မြေနိမ့်ပိုင်းဖြစ်တော့ မိုးတစ်ပြန်နှစ်ပြန်ရွာလိုက်တာနဲ့ ရေကတက်လာပြီ။ အဲ့ဒီအခါကျရင်‌ အဲ့ဒီအပိုင်းက လူတွေက ရွှေယဉ်မျှော်ဘုရားရင်ပြင်ပေါ်မှာ တက်နေရကြရတယ် ” ဟု ဘားအံမြို့တွင်နေထိုင်သည့် အသက် (၂၇) နှစ်အရွယ် မနန်းဖော့က ပြောပြသည်။
ထိုအခြေအနေသည် မိုးတွင်းရောက်တိုင်း နှစ်စဉ်ဖြစ်လေ့ရှိသည်ဟုဆိုသည်။ရာသီဥတုအနေဖြင့် ပူပြင်းစိုစွတ်မှုရှိသည့် ကရင်ပြည်နယ်သည် ဆယ်စုနှစ်တစ်ခုစာမက နှစ်စဉ် ရေကြီးမှုဒဏ်ကို ခံစားရသည့် ပြည်နယ်တစ်ခု ဖြစ်ခဲ့ရသည်။

ကရင်ပြည်နယ်မြို့တော် ဘားအံသည်ပင် မိုးတွင်ကာလတွင် မိုးရွာသွန်းမှုများသဖြင့် မြို့ကိုဖြတ်သန်း စီးဆင်းနေသော သံလွင်မြစ်နှင့် ဂျိုင်းမြစ်များတလျှောက်ရှိ မြို့၊ ရွာများသည် နှစ်စဉ်တစ်နှစ်လျှင် တစ်ကြိမ်ခန့် ရေလွှမ်းတတ်သည်။

မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည့် ကရင်ပြည်နယ်သည်လည်း စစ်ပွဲ၊ ပဋိပက္ခများအပြင် သဘာဝဘေးအန္တရာယ်များပါ ကြုံတွေ့ခံစားနေရသည့် ပြည်နယ်တစ်ခုအဖြစ် ရှိခဲ့သည်။

ပထဝီဝင်အနေအထား၊ မြေမျက်နှာသွင်ပြင် အနေအထားအရ ကရင်ပြည်နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး သစ်တောများ ဖုံးလွှမ်းနေသည့် ပြည်နယ်တစ်ခုဟု ဆိုနိုင်သည်။

ကရင်ပြည်နယ်တွင် မြစ်ချောင်းများ ပေါများသလို မြစ်ချောင်းများသည် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိသည်။ သောင်ရင်းမြစ်သည်ထင်ရှားပြီး မြဝတီအနီးမှဖြတ်၍ တောင်ဘက်မှ မြောက်ဘက်သို့ စီးဆင်းသည်။ ဒေသတွင်းရှိ ဂျိုင်းမြစ်မှာ ထူးခြားစွာဖြင့် အရှေ့ဘက်မှ အနောက်ဘက်သို့ စီးဆင်း၍ သံလွင်မြစ်သို့ စီးဝင်သည်။

ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသည့် မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ၏ စစ်တမ်းများအရ ပြည်နယ် လူဦးရေ ၁.၄၃ သန်း (၂ဝ၁၁ ခုနှစ် HMIS အချက်အလက်များအရ) သို့မဟုတ် စတုရန်း ၁ ကီလိုမီတာလျှင် ၄၇ ယောက် နေထိုင်ကြသည့် ပြည်နယ်ဖြစ်သည်ဟု သိရှိရသည်။

ကရင်ပြည်နယ်၏ လူဦးရေ ၁၆ ရာခိုင်နှုန်းသည် မြို့ပြဒေသတွင် နေထိုင်ကြပြီး၊ ကျန်ရှိသော ၈၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည်ဟု သိရှိရသည်။ နှစ်ပေါင်း ၇၀ကျော်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့်လည်း လမ်းများရှိသော်လည်း အကူအညီများပေးရောက်ရန် ခက်ခဲသည့် ပြည်နယ်တခုလည်းဖြစ်နေပြန်သည်။

အထူးသဖြင့် ကရင်ပြည်နယ်ရှိပြည်သူများသည် နှစ်စဉ်ရေကြီးရေလွှမ်းမိုးမှုအပြင် မြန်မာနိုင်ငံတွင် မိုင်းအန္တရာယ်အရှိဆုံး ဒေသအချို့တွင် ပါဝင်ပြီး၊ ထိခိုက်မှုအများဆုံး ဒုက္ခသည်များရှိသည့် ပြည်နယ်ဖြစ်သည်ဟုလည်းဆိုသည်။

ကရင်ပြည်နယ်၏ မြို့နယ် ၂ ခုဖြစ်သည့် လှိုင်းဘွဲ့ နှင့် ဘားအံ တို့သည် အလယ်အလတ်တန်းစား ရေလွှမ်းမိုးမှု အန္တရာယ်ရှိသည့် ဒေသများဖြစ်သည်ဟု မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) က ဖော်ပြထားသည်။

ဘားအံမြို့တွင်နေထိုင်သည့် မနန်းဖော့က “ အဲ့တုန်းက ကျောင်းတက်နေတုန်း။ အဆောင်မှာပဲနေရတာ။ အောင်နန်းဆိုတဲ့နေရာမှာ ထမင်းသွားဝယ်စားရတယ်။ အရင်က ထမင်းထုပ်တစ်ထုပ်၊ ထမင်းဟင်းအပြီး ငါးရာကျပ်ပေးရတယ်။ ရေကြီးတော့ ငါးရာနဲ့ မရတော့ဘူး။ ခုနှစ်ရာတွေ၊ ရှစ်ရာတွေဖြစ်ကုန်ရော။ မားမားခေါက်ဆွဲခြောက်စျေးတွေဆိုလည်း စျေးတွေတက်ရော။ ဘယ်မှလည်း သွားမရ။ အိမ်လည်းပြန်လို့မရ။ ဘားအံတမြို့လုံးက ရေတွေပတ်ချာဝိုင်းနေတာ ” ဟု ၂၀၁၈ ခုနှစ်က ရေကြီးမှုဖြစ်စဉ်တွင် တက္ကသိုလ်တက်နေဆဲဖြစ်သည့် သူမ၏ တွေ့ကြုံခံစားမှုများကို ပြန်လည်ပြောပြသည်။

ကရင်ပြည်နယ်သည် တောတောင်ရေမြေသဘာဝများ ပေါများသော်လည်း ယင်းတို့၏ အလှတရားများကို ကောင်းစွာ မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် ပဋိပက္ခများကြောင့်သော်လည်းကောင်း၊ သဘာဝဘေးတို့၏ အန္တရာယ်ကျရောက်မှုကြောင့်သော်လည်းကောင်း ထိခိုက်မှု ဖြစ်လေ့ရှိသည့် ပြည်နယ်တစ်ခုအဖြစ်ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ကရင်ပြည်နယ်တွင် အပူဆုံးလများ၏ ပျှမ်းမျှ အပူချိန်မှာ ၇၁.၉ ဒီဂရီဖာရင်ဟိုက်ရှိတတ်ပြီး မိုးရေချိန်မှာ ပျှမ်းမျှအားဖြင့် ၁၂၀ လက်မ ဖြစ်သော်လည်း အမြင့်ဆုံးမိုးရေချိန်မှာ ၁၉၀ လက်မထိရှိသည်ဟု မှတ်တမ်းများအရ သိရသည်။

ထို့ကြောင့်လည်း သဘာဝဘေးအန္တရာယ် ကျရောက်မှုအများဆုံးဖြစ်နိုင်သည့် ကရင်ပြည်နယ်အတွက် ကာကွယ်ရေးစီမံချက်များကို ပြုလုပ်နိုင်ရန် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် (UN-HABI-TAT)၊ Department for International Development (DFID-UK) နှင့် အခြားသက်ဆိုင်သည့် အဖွဲ့များအားလုံးက ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်တွင် စီမံချက်တစ်ခု ရေးဆွဲပြုလုပ်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်က ကရင်ပြည်နယ်၊ ဒေသတွင်းနေထိုင်သူများအား သဘာဝဘေးအန္တရယ်မှ အကာအကွယ်ပေးရန်အတွက် မုန်တိုင်းဒဏ်ခံ အဆောက်အုံသစ်များအဖြစ် လှိုင်းဘွဲ့မြို့ နှင့် ဘားအံမြို့နယ်များတွင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရမှ ပြောကြားခဲ့သည်။

လှိုင်းဘွဲ့နှင့် ဘားအံတွင် နေထိုင်ကြသည့် ပြည်သူလူထုသည် မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရယ်များနှင့် ပတ်သက်၍ ခုခံနိုင်စွမ်းမရှိသဖြင့် ယင်းသို့ အစီအမံများကို ချမှတ်အကောင်အထည်ဖော်ခဲ့ခြင်းလည်းဖြစ်သည်။

ထိုစဉ်က အမျိုးသားသဘာဝဘေးအန္တာရယ် ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ (NNDMC) သည် လှိုင်းဘွဲ့မြို့နယ်ရှိ ကမော်ကခြူးရွာတွင် အကောင်အထည်ဖော်ဆောက်လုပ်ရန် စီမံကိန်းအတွက် ငွေကျပ် ၁၁၈ သန်း ခွဲဝေချထားပေးခဲ့ပြီး ဘားအံမြို့နယ်၊ ရပ်ကွက်အမှတ်(၁)ရှိ ကြိမ်လေးလမ်းတွင် ဆောက်လုပ်မည့် စီမံကိန်းနောက်တစ်ခုအတွက် ငွေကျပ်(၁၁၆.၈)သန်း ချထားပေးခဲ့သည်ဟု data.unhcr.org တွင် တွေ့ရှိရသည်။

ထို့ကဲ့သို့ ပြင်ဆင်ထားသော်လည်း ကရင်ပြည်နယ်သည် ရေကြီးမှုဒဏ်ကို ဆက်လက်ခံစားနေရဆဲဖြစ်ပြီး ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများသည် ကရင်ပြည်နယ်အတွက် ရေကြီးမှုဒဏ် အခံရဆုံးလဟု ဆိုရမည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လတွင် အဆိုးရွားဆုံး ရေဘေးသင့်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ထိုစဉ်က အခြေအနေသည် ၁၂ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ရေကြီးမှုအဖြစ် သတင်းမှတ်တမ်းများက ဖော်ပြခဲ့သည်။

ယခုနှစ်တွင်ပင် ကရင်ပြည်နယ်သည် ရေကြီးမှုအပြင် မုန်တိုင်းရိုက်ခတ်မှုဒဏ်ပါ ခံလိုက်ရသည်။

အဆိုးရွားဆုံးရေကြီးမှုဖြစ်ခဲ့သည့် ၂၀၁၈ ခုနှစ်ပြီးနောက် ရေကြီးမှုဖြစ်စဉ်များ နှစ်စဉ်ဖြစ်ခဲ့ပြီး ဆယ်စုနှစ်ခုကို တပတ်ပြန်လည်လာလျှင် နောက်ထပ် ဆိုးရွားသည့်ဘေးအန္တရာယ်များ ကျရောက်လာမည်လားဆိုသည်ကို မခန့်မှန်းနိုင်ပေ။

ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် (UN-HABI-TAT) နှင့် Department for International Development (DFID-UK) အပါအဝင် အခြားသက်ဆိုင်သည့် အဖွဲ့များ၏ လေ့လာဆန်းစစ်မှုများအရ ကရင်ပြည်နယ် ဘားအံမြို့၏ အဖြစ်အများဆုံး ဘေးအန္တရာယ်ဖြစ်စဉ်သမိုင်းတွင် ပေါ့ဆမှုမီး၊ တောမီးလောင်ခြင်း၊ ရေတိုက်စားခြင်း၊ သောက်သုံးရေရှားပါးခြင်း၊ ရေကြီးရေလွှမ်းမိုးခြင်း၊ ကမ်းပြိုခြင်း၊ လေဆင်နှာမောင်းနှင့် မိုးကြိုးအန္တရာယ် စသည့် ဘေးအန္တရာယ်များ ဖြစ်လေ့ရှိသည်ကို တွေ့ရသည်။

ထိုသို့ ဘေးဖြစ်ရခြင်းများအပြင် ကရင်ပြည်နယ်သည် သစ်တောပြုန်းတီးမှုများစွာ ဖြစ်ပေါ်နေသည်ကိုလည်း တွေ့ရပြန်သည်။ ကမ္ဘာလုံးဆိုင်ရာ သစ်တောစောင့်ကြည့်ရေးအဖွဲ့ (Global Forest Watch) ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတစ်ခုလုံး အတိုင်းအတာနှင့် ကရင်ပြည်နယ်သည် သစ်တောဧရိယာဆုံးရှုံးမှုတွင် အမြင့်ဆုံးအဖြစ်သတ်မှတ်ထားသည့်အဆင့် (၁)နှင့် (၂) တွင် ရောနှောစွာ ရှိနေသည့်အဆင့်တစ်ခုတွင် ရှိနေပြန်သည်။

၂၀၂၂ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည့် (MIMU) ၏ စစ်တမ်းတွင် သစ်တောပြုန်းတီးမှုနှင့် သစ်တောဧရိယာဆုံးရှုံးမှုများသည် ရေစီမံခန့်ခွဲမှုကို ထိခိုက်စေသည့်အတွက် အရေးပါသည့် နေရာများကို အဆင့်များ ခွဲခြားသတ်မှတ်ခဲ့သည်။ထိုထဲတွင် ကရင်ပြည်နယ်သည် မြင့်မားသော အဆင့်တွင် ပါဝင်ခဲ့သည်။

ယင်းသို့ အခြေအနေများဖြစ်ပေါ်နေသလို တစ်ဘက်တွင်လည်း ပဋိပက္ခများနှင့် အခြားအကျပ်အတည်းများ ရှိနေသည့်ကြားက ကရင်ပြည်နယ်ရှိ လူထုသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်များကို အားတက်သရော လုပ်ကိုင်လျက်ရှိသည်ကိုတွေ့ရသည်။

Food Not Bomb Kaw ThooLei မှ ဦးဆောင်၍ KNU ဗဟိုရှိ မျိုးဆက်သစ် ကျောင်းသူ ကျောင်းသားများသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် လုပ်အားပေးလုပ်ငန်းများကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

နှစ်စဉ် ဇွန်လ ၁ရက်နေ့ ထိုနေ့ကို “ကော်သူးလေသစ်ပင်စိုက်နေ့” ဟု သတ်မှတ်ထားသည်။

သစ်ပင်များသည် သဘာဝပတ်ဝန်းကျင်အား ကောင်းမွန်သင့်တင့်မျှတမှုရှိအောင် ထိန်းညှိပေးကာ လူသားတို့အတွက် အောက်စီဂျင်ကိုထုတ်လွှတ်ပေးနေသည့်အပြင် လူသားတို့အား အထောက်အပံ့များစွာပေးနေသည့် အလွန်တန်ဖိုးရှိသော သဘာဝအရင်းအမြစ်များဖြစ်၍ ရည်ရွယ်စိုက်ပျိုးကြခြင်းလည်းဖြစ်သည်။

ကော်သူးလေသစ်ပင်စိုက်နေ့တွင် သစ်ပင်များစိုက်ပျိုးခြင်းအပြင် ဒေသခံရွာသားများနှင့် အပင်စိုက်ပျိုးသူများအား မျိုးစေ့လိုက်လံဝေငှခြင်း လှုပ်ရှားမှုများပါ ပြုလုပ်ခဲ့ကြသည်။

ကော်သူးလေသစ်ပင်စိုက်နေ့ကို ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် KNU ကရင်အမျိုးသားအစည်းရုံး ကွန်ဂရက်၌ KNU ဗဟိုသစ်တောဌာန၏ “ကော်သူးလေ သစ်ပင်စိုက်နေ့” အဆိုပြုချက်ကို ကွန်ကရက်တွင် အတည်ပြုကာ တရားဝင်အသိမှတ်ပြုခဲ့ပြီး “ကော်သူးလေ သစ်ပင်စိုက်နေ့/Kawthoolei Tree Plantation Day” ကို ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ရာသီဥတုသည် ဆိုးရွားစွာ ပြောင်းလဲလာခဲ့ပြီး ၁၀ စုနှစ်တစ်ခုတွင်ပင် သိသိသာသာ ပြောင်းလဲလာခဲ့သည်။

အချိန်အခါမဟုတ် ရေကြီးမိုးကြီးခြင်း၊ မုန်တိုင်းကျရောက်ခြင်းနှင့် အပူချိန်ပြင်းထန်မှုများသည် သက်ရှိများအပေါ် သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း ဒုက္ခပေးနေပြီဖြစ်သည်။

သဘာဝဂေဟစနစ်အတိုင်း ရှိနေသည့် သစ်တောများကို ရည်ရွယ်ချက်ရှိရှိအသုံးပြု ဖြုန်းတီးမှုများအပါအပါအဝင် အသက်ရှင်နေထိုင်ရေးအတွက် စည်းမဲ့ကမ်းမဲ့ အသုံးပြုဖြုန်းတီးမှုများကြောင့် သဘာဝကွင်းဆက်များပျက်စီးသွားပြီး ရာသီဥတုဘေးများကို ခံစားလာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။

ထိုကဲ့သို့ ရာသီဥတုဘေးများ ကျရောက်မှုကြောင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင်လည်း အခက်အခဲပြဿနာများ ကြုံလာရပြီး အစာရေစာ ခေါင်းပါးမှုများပါ နောက်ဆက်တွဲပြဿနာများအဖြစ် ခံစားလာရသည်။

Food Not Bomb Kaw ThooLei ၏ တာဝန်ရှိသူတစ်ဦးက “ကရင်ပြည်မှာ ၁၀ စုနှစ်အတွင်း သစ်တောကြီးတွေပျောက်သွားတာ။ ကျောက်တောင်ကြီးတွေ တောင်လိုက်ပြားသွားတာတွေ ရှိတယ်။ ကျောက်မီးသွေးမိုင်းကြောင့် ရေထုညစ်ညမ်းတာတွေ သောက်သုံးရေ တွေပျက်စီးသွားပြီး ဒေသခံတွေ ဒုက္ခ ရောက်ခဲ့ရတာတွေ ဖြစ်ပျက်ခဲ့တယ်။ သဘာဝသစ်တောတွေထဲမှာလည်း နှစ်ပေါင်းရာနဲ့ချီမပျက်စီးနိုင်တဲ့ ပလတ်စတစ် အမှိုက်တွေကို ကရင်ပြည်ရဲ့ သဘာဝသစ်တောတွေရဲ့နေရာတော်တော်များများမှာတွေ့လာရတယ်။ ပလတ်စတစ်တွေဟာလည်း သဘာဝဝန်းကျင်ကို ဆိုးရွားစွာပျက်စီးစေတဲ့ သဘာဝမဟုတ်တဲ့ အရာတွေ ဖြစ်တယ်။ သဘာဝန်းကျင်ကို ပြန်ပြီးမထိန်းသိမ်းဘူး။ မကာကွယ်ဘူး တန်ဖိုးမထားဘူးဆိုရင်တော့ လူသားနဲ့သက်ရှိတွေ အနာဂတ်ရှင်သန်ရေးမှာ ပိုမိုခက်ခဲ လာမှာ ဖြစ်တယ်”ဟု ရှင်းပြသည်။

Food Not Bombs Kawthoolei သည် လူသားနှင့် သက်ရှိများ ရှင်သန်ရပ်တည်ရေးနှင့် သဘာဝတရားကပေးသည့် တန်ဖိုး များ၊ လူသားနှင့် သက်ရှိများ၏ အနာဂတ်ရပ်တည်ရှင်သန်ရေး စံတန်ဖိုးများကို မြှင့်တင်သွားရန်အတွက် ရည်ရွယ်ပြီး သဘာဝဝန်းကျင်နှင့် ဆိုင်သည့် လုပ်ရှားမှုများကို ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေများတွင် လုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

Food not bomb ခေါင်းစဉ်ဖြင့် ယင်းအဖွဲ့သည် မြန်မာနိုင်ငံရှိ ဒေသတော်တော်များများတွင် လှုပ်ရှားဆောင်ရွက်ကူညီနေသည့်အဖွဲ့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်သာမကဘဲ အခြားလှုပ်ရှားမှုများပါ လှုပ်ရှားဆောင်ရွက်နေခြင်းဖြစ်သည်။

Food Not Bombs Kawthoolei ၏ တာဝန်ရှိသူတစ်ဦးက “Food Not Bombs ဟာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်တယ်။ အစားအစာမျှဝေခြင်း သာမက စစ်ပွဲ (မတရားစစ်) ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုဖြစ်ပြီးတော့ အရင်းရှင်စနစ် ဆန့်ကျင်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိရစ္ဆာန်အခွင့်အရေးထိန်းသိမ်းရေးတို့နဲ့ပတ်သက်ပြီး ရပ်တည်ကာကွယ်နေတဲ့ လူမှုလှုံ့ဆော်ရေး လှုပ်ရှားမှုဖြစ်ပါတယ်။ Food Not Bombs KawThooLei ရဲ့ ရည်ရွယ်ချက်ကတော့ ကော်သူးလေ လူထုလိုအပ်တဲ့ အချက်များ၊ လူမှုဘဝလုံခြုံဖွံ့ဖြိုးရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဖော်ဆောင်ဆောင်ရွက်ဖို့နဲ့ ဒေသလိုအပ်ချက်များအတွက် ပူးပေါင်းပါဝင် အားဖြည့်ဖို့ပဲဖြစ်ပါတယ်”ဟု ဆက်လက်ရှင်းပြသည်။

သို့ရာတွင် ကရင်ပြည်နယ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အဘက်ဘက်က ထိန်းသိမ်းနေကြသော်လည်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်လျှင် စိတ်ချမရနိုင်သော ပြည်နယ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

ခေတ်ကာလကောင်းစဉ်အခါနှင့် ယခုအခြေအနေများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် များစွာ သက်ရောက်မှုရှိနေခြင်းကြောင့်လည်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ၂၀၂၁ ခုနှစ်အတွင်းမြန်မာနိုင်ငံရှိ ရေလွှမ်းမိုးခြင်းခံရသည့် ဒေသများ စာတမ်းငယ်စာရင်းတွင် ကရင်ပြည်နယ်လည်း ပါဝင်ခဲ့ပြီး မြဝတီခရိုင်တွင် ရေလွှမ်းမိုးမှုများ ဖြစ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုစာရင်းတွင် ကျေးရွာအုပ်စုများဖြစ်သည့် ဆုံဆည်းမြိုင်၊ မီပလေ့၊ ပေါလောနှင့် မယ်ထော်သလေးတို့ ရေလွှမ်းမိုးခဲ့ကြောင်း ဖော်ပြထားသည်။

NUG အစိုးရအနေဖြင့် ယင်းသို့ စစ်တမ်းပြုလုပ်ရာတွင် အခြေအနေတချို့ကြောင့် ထိုဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်မှတ်တမ်းယူရန်ခက်ခဲ၍ သတင်းဌာနများနှင့် ဂြိုလ်တုဓာတ်ပုံမှတ်တမ်းများ၏ အကူအညီဖြင့်သာ ကနဦး ပြုလုပ်နိုင်ခဲ့သည်ဟု အသိပေးထားသည်။

သို့သော် NUG အစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ ဒေသများတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်နှင့် အခြားဆက်စပ် လုပ်ငန်းများကို ကြားကာလအစိုးရတစ်ရပ်အနေဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်းလည်း အသိပေးထားသည်။

ယင်းသို့ စစ်တမ်းပြုစုရာတွင် ၂၀၂၁ ခုနှစ် ဇူလိုင်လက ရေလွှမ်းမိုးခဲ့သည့် မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် စုစုပေါင်း ရေလွှမ်းမိုးမှု ဧရိယာ ဧကပေါင်း (၂၂၂၁၂) ကျော် ရှိခဲ့သည်ဟု ဆိုသည်။

ယင်းတို့တွင် စိုက်ပျိုးမြေဧရိယာနှင့် ခြုံပုတ်တောမြေဧရိယာများကသာ အများဆုံး ရေလွှမ်းမိုးခဲ့သည်ဟု ဖော်ပြထားသည်။ လူနေအိမ်ခြေဧရိယာရှိ စုစုပေါင်း ၄၉၃ ဟက်တာခန့်တွင်လည်း ရေကြီး၊ ရေလွှမ်းမိုးမှုအခြေအနေကို တွေ့ရှိခဲ့ရသည်ဟု ဖော်ပြထားသည်။

ထို့သို့ များစွာသောအကျပ်အတည်းများကြားတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အားတက်သရော ပါဝင်လုပ်ဆောင်နေကြသည့် အဖွဲ့များ၏ စစ်တမ်းကောက်ယူမှုများအပြင် ကရင်ပြည်နယ်၏ ကရင်အမျိုးသားအစည်းအရုံး ဗဟိုသစ်တောဌာနကလည်း ဒေသတွင်း ရာသီဥတုဆိုင်ရာအခြေအနေများအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်မှာ အဆိုးများ၊ အခက်အခဲများကြားမှ အားရစရာကောင်းသည်ဟု ဆိုနိုင်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင်ကျရောက်သည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး ဗဟိုသစ်တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက သစ်တောများ၏ အရေးပါပုံကို လက်ရှိကာလနှင့် နှိုင်းယှဉ်ပြီး ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကရင်တိုင်းရင်းသားတွေဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကတည်းက သစ်တောတွေအကောင်းကြီးရှိနေကတည်းက သစ်တောနဲ့အတူ ဘယ်လိုနေထိုင်ရမလဲ။ သစ်တောကို ဘယ်လိုထိန်းသိမ်းကာကွယ်ရမလဲ။ ဘယ်လိုသုံးစွဲရမလဲဆိုတာ ရှောင်ရန်ဆောင်ရန်တွေကို ဓလေ့ထုံးစံတွေအဖြစ် ဒီနေ့အထိ လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်”ဟု ၎င်းက အသိပေးခဲ့သည်။

အထူးသဖြင့် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများသည် ပြည်နယ်တစ်ခု၊ ဒေသတစ်ခု၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုတည်းက ပြုလုပ်နေရုံနှင့် မရပေ။

မြန်မာနိုင်ငံရှိ ပြည်သူတိုင်းက ကိုယ့်အသိစိတ်နှင့်ကိုယ် ထိန်းသိမ်းလိုက်နာကျင့်သုံးမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဗဟိုသစ်တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းကတော့ “ပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ သစ်တောထိန်းသိမ်းမှုဟာ တော်လှန်ရေးကာလရယ်မှမဟုတ်ပါဘူး။ ကာလတိုင်းကာလတိုင်းမှာ လုပ်ရမယ့်အလုပ်ဖြစ်ပါတယ်။” နိုးဆော်သတိပေးထားပါသည်။

ဘားအံမြို့တွင်နေထိုင်ပြီး ကရင်ပြည်နယ်အတွင်း သဘာဝဘေးအတွေ့အကြုံကို ကောင်းကောင်းခံစားခဲ့ရဖူးသည့် မနန်းဖော့ကလည်း သဘာဝဘေးများကို ထပ်မံ ရင်မဆိုင်ချင်တော့ဘဲ အေးဆေးစွာဖြင့် နေထိုင်လိုတော့သည်ဟု သူမ၏ ခံစားချက်ကို ပြောပြသည်။ ပြည်နယ်အတွင်း သစ်ပင်များကို စည်းကမ်းမရှိ ခုတ်ယူမှုများကို ကန့်သတ်ခြင်းဖြင့်သာ အနာဂတ်ကို ကာကွယ်ရန်သာရှိပြီး အားလုံးအသိစိတ်ဖြင့် ဆက်လက်ပါဝင်ကြရန် ပြောကြားခဲ့သည်။