FATF ၏ အကျိုးဆက် ဆိုကာ ဒေါ်လာနှင့် ဘတ်များ အဆမတန် ဆွဲတင်လာကြ

Author နီနီ
Categories
Published on Oct 22, 2022

ယမန်နေ့ညက Financial Action Task Force (FATF) မှ မြန်မာနိုင်ငံအား အကြမ်းဖက်မှုနှင့် ကမ္ဘာ့ငွေကြေးခဝါချမှု ဆိုင်ရာ အမည်ပျက် နိုင်ငံအဖြစ်ကြေညာခဲ့ပြီးနောက် ဒေါ်လာဈေးနှင့် ဘတ်ဈေးများအား အဆမတန်ဆွဲတင်လာကြသည်ကို တွေ့ရသည်။

ယနေ့ အောက်တိုဘာ ၂၂ ရက်၏ ပြင်ပ ဒေါ်လာပေါက်ဈေးမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ်ဝန်းကျင်၊ ထိုင်း ဘတ်ငွေ တစ်ဘတ်လျှင် ၈၀ ကျပ်ဝန်းအထိပြန်လည် ထိန်းထားနိုင်ကြောင်းသိရသည်။

“ညက ဈေးက မတရားကိုထိုးတက်တယ်လေ ဒေါ်လာကို ကိုင်ထားတဲ့သူတွေ က အခွင့်အရေးရရင် တင်ဖို့စောင့်နေတာပဲလေ ၊ အမည်ပျက်ဆိုတာနဲ့ တန်းပြီးကို ဈေးကစားတာ တကယ်လို လို့ စိုးရိမ်ပြီးဝယ်တဲ့သူလဲ ရှိပါတယ်၊ ၆၀၀၀ ကျော်ထိ ဆွဲတင်တာကတော့ များလွန်းတယ် မနက်နိုးနိုးချင်း ဘတ်ဈေးဆို ၁၀၀ ကျော်သွားတယ်လေ၊ ဒါတွေက မဖြစ်သင့်ဘူးပေါ့”ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

အဆိုပါ ဒေါ်လာဈေး မတည်ငြိမ်မှုကြောင့် ဒေါ်လာဈေးကြောင့် ယင်းကို အခြေခံသည့် ကုန်စည်များ မြင့်တက်လာမည်ကို စိုးရိမ်၍ စက်သုံးဆီများတန်းစီဝယ်ယူလာကြခြင်း၊ စားသုံးဆီများလိုက်လံဝယ်ယူလာကြခြင်း၊ ဆေးဝါးများ ကြိုတင်ဝယ်ယူလာကြခြင်း၊ ဒေါ်လာများပုံမှန်ထက်ပိုမို ဝယ်ယူလာကြခြင်း၊ ဘတ်များ လိုက်လံ လဲလှယ်လာကြခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ ရသည်။

“အခုလိုက်ဝယ်ကြတယ်ဆိုတာကလည်း လူနည်းစုပါ အချိန်ငွေရှိသူပဲ ဝယ်နိုင်မှာလေ ဒီလောက်ကြပ်တည်းနေတာ တစ်လတစ်ခါပြည့်အောင်ဝယ်နိုင်ဖို့ အနိုင်နိုင်၊ ကြိုမဝယ်နိုင်ပါဘူး၊ အဲ့တော့ ခဏပဲ အခု ပုံမှန်တိုင်းပဲလေ စက်သုံးဆီကတော့ ခုထိ တန်းဆီနေတယ် ၊ ကျွန်တော်တို့ဆီတော့ မနက်အစောပိုင်းက ဈေးမေးပြီး ၃၊ ၄ အိတ် ၃၊၄ အိတ် နဲ့ ၁၀ ဦးလောက်ရှိမယ်ဝယ်ကြတယ်ဆန်ကို၊ ဆီကတော့ ပိုရောင်းရတယ် ဖာလိုက်တယ် ပြန်ရောင်းမယ့်သူတွေက ကြိုဆွဲတာပါ စားသုံးသူတွေ ဝယ်တာ မဟုတ်ဘူး” ဟု ဆန်၊ဆီ ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

လက်တလောဖြစ်ပျက်နေသည့် ဂယက်မှာ ခဏအတွင်းတည်ငြိမ်သွားနိုင်ပြီး FATF ၏ အမည်ပျက် စာရင်းသွင်းခံရခြင်းသည်လည်း လက်တစ်လောတွင် ထိခိုက်လာနိုင်မည့် အကြောင်းအရာမျိုးမဟုတ်သေးသလို ယခုထက်စိုးရွာသည့် အခြေအနေမရောက်ရှိလာနိုင်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ချို့က ဆိုသည်။

” အခု FATF ရဲ့ကြေညာချက်က အဓိက သက်ရောက်မှာတော့ ပို့ကုန်သွင်းကုန်ပေါ့၊ ဒါတောင် သွင်းကုန်သမားတွေက ပိုထိနိုင်တယ်၊ အောက်ခြေလူတန်းစားထိ သက်ရောက်နိုင်လားဆိုရင် အဲ့လောက်ထိ တိုက်ရိုက်တော့ မသက်ရောက်နိုင်ဘူး၊ စိုးရိမ်မှု လွန်ကဲပြီး အတင်းလိုက်မဝယ်ရင်ပေါ့၊ အနည်းငယ်ထိခိုက်မှုတော့ ရှိနိုင်တာပေါ့ ၊ အထူးကတော့ State Holder တွေအနေနဲ့ ညှိနှိုင်းဆောင်ရွက်သင့်ပါတယ်”ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

ယနေ့ အောက်တိုဘာ ၂၂ ရက်တွင် ဆန်ဈေးနှုန်းများသည်လည်း အမျိုးအစားအပေါ်မူတည်ကာ အမြင့် ဆုံး ၉၅၀၀၀ ကျပ်ဝန်းကျင်မှ အနိမ့်ဆုံး ၄၈၀၀၀ ကျပ်ဝန်းကျင်ရှိပြီး၊ စားအုန်းဆီမှာ လည်း တစ်ပိ ဿာ ၆၅၀၀ ကျပ်ဝန်းကျင်ရှိပြီး အခြားသော စားသုံးဆီများသည်လည်း ဈေးနှုန်းအများကြီးပြောင်းလဲ သွားခြင်းမရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့နောက် ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လက်ခြင်းဈေးနှုန်းမြင့်တက်ခြင်းများသည် FATF မှ ကြေညာသည့် အမည်ပျက်စာရင်း ကြောင့်ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ဘဲ ယင်းမတိုင်ခင်အချိန်ကတည်းက ဒေါ်လာဈေးနှုန်းမြင့်ခြင်း၊ သယ်ယူမှု အခက်အခဲဖြစ် ပေါ်ခြင်းနှင့် ဆေးကုမ္ပဏီအချို့ ရပ်နားသွားကြခြင်းကြောင့် ဆေးဝါးများဈေးတက်နေခြင်းနှင့် ပစ္စည်းပြတ်လက်ခြင်းများကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။

ဒေါ်လာဈေးနှုန်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် စက် သုံးဆီ ဈေးများမှာလည်း အောက်တိန်း ၉၂ တစ်လီတာကို ၁၉၈၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို၂၀၇၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ကို ၂၅၈၀ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ကို ၂၆၆၅ ကျပ် စသည်ဖြင့် ရောင်းချလျက်ရှိကြောင်း Max ဆီဆိုင် ၏ နေ့စဥ်ထုတ်ပြန်ကြေညာသည့် စာရင်းအရသိရသည်။