ထိုင်းမှာ မူးယစ်ဆေးဝါးဖမ်းမိတာနဲ့ ပတ်သက်ပြီး KNU နဲ့မသက်ဆိုင်ကြောင်း ထုတ်ပြန်လာ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေ မူးယစ်ဆေးဝါးတွေကို ကုန်တင်ကားနဲ့ တင်ဆောင်လာရာကနေ နခွန်စဝမ်မြို့ ဟိုင်းဝေးလမ်းမကြီးတစ်နေရာမှာ ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းတွေကို KNU/KNLA ရဲ့ မူလမ်းစဉ်အရ လုံးဝအားပေး ထောက်ခံ ခြင်းမရှိဘဲ နိုင်ငံတကာနဲ့အတူ ဆန့်ကျင့်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်ထဲပါရှိပါတယ်။
KNU/KNLA ရဲ့ တော်လှန်ရေးသမိုင်းတလျှောက် မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး ကင်းရှင်းစွာရပ်တည် လာခဲ့တဲ့အဖွဲ့အစည်းဖြစ်တယ်လို့ KNU ဗဟိုက ဆိုပါတယ်။
ထိုင်းနိုင်ငံကဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး DKBA ကပါဝင်ပတ်သတ်နေတယ်လို့ ထိုင်းသတင်းတွေထဲရေးသားထားတာကို DKBA ဘက်ကလည်း ငြင်းဆိုခဲ့သလို အခု KNU ဗဟိုကလည်း သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဟာ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုကို အမြဲခံယူ ကျင့်သုံးနေပြီး အုပ်ချုပ်မှုနယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သူတွေကို အဖွဲ့ရဲ့ တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ ကုန်တင်ကားပေါ်က စိတ်ကြွမူးယစ်ဆေးဝါး ၁၈ သန်း ပါဝင်ပြီး ကတ်တမင်း ၃၀၀ ကီလိုဂရမ်နဲ့ ICE ၇၅၀ ကီလိုဂရမ်တို့ ထိုင်းတာဝန်ရှိသူတွေက သိမ်းဆည်းမိခဲ့ပြီး တာ့ခ်ခရိုင် အုပ်ချုပ်ရေးဘက်က မတ် ၂၂ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဂိတ်တစ်ခုကို ကုန်စည် တင်ပို့ခွင့်နဲ့ တင်သွင်းခွင့်ကို ကန့်သတ်လိုက်ပါတယ်။
ဓာတ်ပုံ – The Nation