“အကျဈေးဘက်ရောက်လာတဲ့ နိုင်ငံခြားငွေဈေးတွေ ” “ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (မတ်လ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)

ဒီတစ်ပတ်မှာတော့ နိုင်ငံခြားငွေဈေးကွက်အတွင်း ဥရောပယူရိုကလွဲလို့ အခြား နိုင်ငံခြားငွေကြေး ဈေးနှုန်းတွေ ပြီးခဲ့တဲ့အပတ်ကထက် အနည်းငယ်စီ ပြန်ကျလာခဲ့ပါတယ်။
ဒီတစ်ပတ်ထဲ ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာက အင်္ဂါနေ့မှာသာ ၁၀ ကျပ် ကျကာ အပြောင်းအလဲဖြစ်သွားပြီး အခြားငွေကြေးဈေးနှုန်းတွေထဲ ဥရောပယူရိုကလွဲပြီး ကျန်ငွေကြေးဈေးနှုန်းတွေ အနည်းငယ်သာ အပြောင်းအလဲဖြစ်ခဲ့တာကိုတွေ့ရပါတယ်။
ဥရောပယူရိုက ဒီတစ်ပတ်ရဲ့ အစမှာတင် ၄၈၀၀ ကျပ်ဝန်းကျင်နဲ့ စတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ၄၈၄၀ အထိ အမြင့်ဆုံးကို တက်သွားခဲ့တာကိုတွေ့ရပေမဲ့ အဲဒီနေ့ ဈေးကွက်ပိတ်ချိန်ကစလို့ အနည်းငယ်ဆီ ပြန်ကျခဲ့ပြီး ဒီတစ်ပတ်ရဲ့ စနေနေ့ ဈေးကွက်ပိတ်ချိန်မှာတော့ ၄၇၉၀ ကျပ်နဲ့ ဈေးကွက်ပိတ် သွားခဲ့ပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီတစ်ပတ်ထဲ ကန်ဒေါ်လာ ၂ သိန်းနီးပါးကို တနင်္လာနေ့မှာရောင်းချပေးခဲ့ပြီး စက်သုံးဆီလုပ်ငန်းရှင်တွေကို ကန်ဒေါ်လာ ၃၃ သန်းနဲ့ ထိုင်းဘတ် သန်း ၁၅၀ ကိုရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။
အဲဒီနောက် အင်္ဂါနေ့မှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၅ သန်းနဲ့ ထိုင်းဘတ် ၁၅၆ ဒသမ ၄ သန်းကျော် ရောင်းချပေးခဲ့ပါတယ်။
ဒီတစ်ပတ်ငွေကြေးဈေးကွက်ထဲ အရင်အပတ်နဲ့နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာနဲ့ စင်္ကာပူဒေါ်လာတို့ တစ်ဒေါ်လာကို ၁၀ ကျပ် ကျဆင်းသွားတာကိုတွေ့ရပြီး မလေးရှား တစ်ရင်းဂစ်ကို ၅ ကျပ် ကျဆင်းသွားတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ဒီတစ်ပတ်ထဲ ဥရောပတစ်ယူရိုကို ၃၅ ကျပ်၊ တရုတ်တစ်ယွမ်ကို ၂ ကျပ်နဲ့ ထိုင်းတစ်ဘတ်ကို ၁ ကျပ်နီးပါး မြင့်တက်သွားခဲ့တာကို တွေ့ရပါတယ်။
စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၀၀ ကျပ်၊ ဥရောပတစ်ယူရို ၄၇၉၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၅၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၁ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၁၅ ကျပ်၊ တရုတ်တစ်ယွမ် ၆၀၉ ကျပ်၊ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်နဲ့ အိန္ဒိယ တစ်ရူပီး ၅၀ ကျပ်ကျော်ဈေးရှိပါတယ်။