ထရမ့်က ဇလန်စကီးကို အာဏာရှင်အဖြစ် ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အမြန်ဆောင်ရွက်ဖို့ တိုက်တွန်း

Author အဂ္ဂ
Categories
Published on Feb 20, 2025

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ယူကရိန်းသမ္မတ ဇလန်းစကီးကို “ရွေးကောက်ပွဲမလုပ်တဲ့ အာဏာရှင်” လို့ ရှုတ်ချခေါ်ဆိုခဲ့ပြီး ရုရှားနဲ့စစ်ပွဲအတွက် ငြိမ်းချမ်းရေး ရရှိဖို့ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့လည်း ပြောဆိုခဲ့တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် အပြည့်အဝကျူးကျော်ခဲ့တဲ့ ကိစ္စမှာ ယူကရိန်းဘက်က တာဝန်ရှိတယ်လို့ ထရမ့်ရဲ့ ပြောဆိုခဲ့မှုကို ဇလန်စကီးက ကန်သမ္မတဟာ သတင်းတုတွေထဲ ပိတ်မိနေတယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်ဘက်က အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 

“ ရွေးကောက်ပွဲမလုပ်တဲ့ အာဏာရှင်တစ်ယောက်ဖြစ်တဲ့ ဇလန်းစကီးအနေနဲ့ (ငြိမ်းချမ်းရေးအတွက်) လျင်လျင်မြန်မြန် လှုပ်ရှားရင် လှုပ်ရှား ဒါမှမဟုတ်ရင်တော့ သူ့ရဲ့ နိုင်ငံကျန်တော့မှာ မဟုတ်ပါဘူး” လို့ ထရမ့်က သူ့ရဲ့ လူမှုကွန်ရက် Truth မှာ ယမန်နေ့က ရေးသားပြောဆိုပါတယ်။

 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆေးဘီဟာကတော့ သူတို့နိုင်ငံကို အရှုံးပေးဖို့အတွက် ဘယ်သူကမှ ဖိအားပေးလို့မရကြောင်းနဲ့ သူတို့နိုင်ငံ ရပ်တည်ခွင့်ကို ခုခံကာကွယ်သွားမယ်လို့ လူမှုကွန်ရက် X ကနေ ပြန်လည်တုံ့ပြန်ပါတယ်။

 

ဇလန်းစကီးရဲ့ သမ္မတသက်တမ်းငါးနှစ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမဲ့ ၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ ကျူးကျော်မှုကို ခံရပြီးကတည်းက အရေးပေါ်စစ်အုပ်ချုပ်ရေးကြေညာထားတာကြောင့် သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ကျင်းပနိုင်ခြင်း မရှိဘဲ ဇလန်စကီးကပဲ လက်ရှိအချိန်ထိ သမ္မတအဖြစ် ဆက်လက်တာဝန်ယူထားတာလည်း ဖြစ်ပါတယ်။

 

ရုရှားနိုင်ငံက လက်ရှိမှာ ယူကရိန်းနိုင်ငံရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ယူကရိန်းနိုင်ငံ အရှေ့ဘက်မှာလည်း နယ်မြေစိုးမိုးမှုတွေ တဖြည်းဖြည်းပိုပြီး ရလာနေပါတယ်။ ရုရှားနိုင်ငံကတော့ (ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့) “စစ်ရေးအရ အထူးစစ်ဆင်ရေး” က ယူကရိန်းရဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်ဖြစ်ဖို့ ကြိုပမ်းအားထုတ်မှုဟာ ရုရှားနိုင်ငံရဲ့ တည်ရှိမှုအပေါ်  ခြိမ်းခြောက်လာတာကြောင့် တုံ့ပြန်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ရုရှားရဲ့ လုပ်ရပ်တွေက နယ်ချဲ့ကျူးကျော်တဲ့ လုပ်ရပ်အဖြစ် ခေါ်ဆိုခဲ့ကြပါတယ်။

 

ထရမ့်ရဲ့ ယူကရိန်းနိုင်ငံဆိုင်ရာ သံအမတ် ကိတ်ကယ်လော့ဂျ်နဲ့ ဇလန်စကီးတို့ ယမန်နေ့က တွေ့ဆုံစဉ်မှာလည်း ထရမ့်ရဲ့ အဖွဲ့အနေနဲ့ ယူကရိန်းနဲ့ ပတ်သက်ပြီး နောက်ထပ်အမှန်တရားတွေ သိစေလိုတယ်လို့ ဇလန်းစကီးက ပြောဆိုပါတယ်။

 

ထရမ့်က ယူကရိန်းအနေနဲ့ ရုရှားနဲ့ စစ်ပွဲကို ဘယ်တော့မှ မစတင်ခဲ့သင့်ဘူးလို့ ပြောဆိုခဲ့ပြီး နောက်တစ်ရက်မှာပဲ ဇလန်းစကီးနဲ့ ကိတ်ကယ်လော့ဂျ်တို့ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့ပြင် ဇလန်စကီးက ထရမ့်ရဲ့ ပြောဆိုချက်ဖြစ်တဲ့ သူ့အပေါ် လူထုထောက်ခံမှု ၄ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတာကလည်း ရုရှားရဲ့ သတင်းတုတွေပဲဖြစ်ပြီး သူ့နေရာကို အစားထိုးဖို့ ကြိုးပမ်းမှုတွေကလည်း အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

 

“ဒီကိန်းဂဏန်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး အမေရိကနဲ့ ရုရှားတို့ကြား ဆွေးနွေးပြောဆိုမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့မှာ သက်သေတွေရှိပါတယ်။ သမ္မတထရမ့်ကတော့ ကံမကောင်းစွာနဲ့ပဲ သတင်းတုလေဟာနယ်ထဲ ရောက်ရှိနေပါပြီ” လို့ ဇလန်းကီးက ယူကရိန်းရုပ်သံဌာနကို ပြောဆိုပါတယ်။

 

ဖေဖော်ဝါရီလ အစောပိုင်းမှာပြုလုပ်ခဲ့တဲ့ ကိဗ်နိုင်ငံတကာလူမှုဗေဒအင်စတီကျုရဲ့ နောက်ဆုံးစစ်တမ်းအရ ယူကရိန်းနိုင်ငံသား ၅၇ ရာခိုင်နှုန်းက ဇလန်းစကီးကို ယုံကြည်ကြတယ်လို့ သိရပါတယ်။

 

ထရမ့်ဟာ သူ့ရဲ့ သမ္မတသက်တမ်းတစ်လမပြည့်ခင်မှာပဲ ယူကရိန်း-ရုရှား အရေးအပေါ် အရင်ကချမှတ်ထားတဲ့ မူဝါဒတွေကို ဆန့်ကျင်လုပ်ဆောင်နေပါတယ်။ ရုရှားကို သီးခြားအဆက်ဖြတ်ထားမှုကိုလည်း ရပ်တန့်ခဲ့ပြီး ရုရှား-ယူကရိန်းအရေးအတွက် ပူတင်ကို ဖုန်းခေါ်ဆိုတာ၊ ရုရှားနဲ့ အမေရိကန် အကြီးတန်းအရာရှိတွေ တွေ့ဆုံဆွေးနွေးတာတွေလည်း လုပ်ဆောင်နေပါတယ်။

 

ဒါ့ပြင် ထရမ့်က သူနဲ့ ပူတင်တို့ ဒီ ဖေဖော်ဝါရီလအတွင်းမှာပဲ တွေ့ဆုံနိုင်တယ်လို့ ပြောဆိုခဲ့ပြီး ရုရှားဘက်ကတော့ တွေ့ဆုံဖို့အတွက် အချိန်ပိုကြာကောင်းလည်း ကြာနိုင်တယ်လို့ ဆိုပါတယ်။

 

ရုရှားသမ္မတပူတင်က ယူကရိန်းနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ပိတ်ပင်တားဆီးတာမျိုး မလုပ်နိုင်ပေမဲ့ ဆွေးနွေးပွဲအောင်မြင်ဖို့အတွက်ကတော့ ရုရှားနဲ့ အမေရိကန်ကြား ယုံကြည်မှု မြင့်တက်လာခြင်းအပေါ် မူတည်နေတယ်လို့ ယမန်နေ့က ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ရက်တွေမှာ ရုရှားနဲ့ အမေရိကန်ကိုယ်စားလှယ်တွေ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ သုံးနှစ်ကြာ ရုရှား-ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့ ပထမဦးဆုံးအဖြစ် တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိပေမဲ့ ယူကရိန်းနဲ့ အနောက်နိုင်ငံခေါင်းဆောင်တွေကိုတော့ ချန်လှပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

 

တစ်ချိန်တည်းမှာပဲ ပြင်သစ်သမ္မတမက်ခရွန်က အနောက်နိုင်ငံခေါင်းဆောင်တွေကို ပဲရစ်မြို့ကို ဖိတ်ခေါ်ခဲ့ပြီး ယူကရိန်းနိုင်ငံနဲ့ ပတ်သက်တဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ-  TETIANA DZHAFAROVA/Pool via REUTERS

 

ပုံစာ- ယူကရိန်းသမ္မတ ဇလန်းစကီးကို ကိဗ်မြို့က သတင်းစာရှင်းလင်းပွဲမှာ ယမန်နေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- Reuters