ဂျာမနီမှာ ကျင်းပတဲ့ လုံခြုံရေးညီလာခံကို NUG နိုင်ငံခြားရေးဝန်ကြီး တက်ရောက်

Author CJ Platform
Categories
Published on Feb 18, 2025

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ မနေ့က ကျင်းပတဲ့ လုံခြုံရေးညီလာခံကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီညီလာခံမှာ ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး က ပါဝင်ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို သိပ်အားမပေးတဲ့နိုင်ငံတွေကြားမှာရှိနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရေးကို အားပေးမယ့် မဟာမိတ်တွေ၊ မိတ်ဆွေတွေ လိုအပ်တဲ့အတွက် ဒီနေ့ မြူးနစ် လုံခြုံရေးညီလာခံကို တက်ရောက်တာဖြစ်တယ်” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆွေးနွေးပြောကြားခဲ့ပါတယ်။

 

လုံခြုံရေးညီလာခံရဲ့ ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အတူ အမေရိကန် အထက်လွှတ်တော်အမတ် Senator Christopher A.Coons၊ ဂါနာ လွှတ်တော်အမတ် Zanetor Agyeman-Rawlings၊ ပိုလန် လွှတ်တော်အမတ်Aleksandra Uznańska-Wiśniewska တို့ ပါဝင် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။