စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ တပ်သားသစ်တွေ စုနေတာကြောင့် မွန်လူငယ်တွေ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ဖို့ NMSP AD တိုက်တွန်း

Author CJ Platform
Categories
Published on Feb 14, 2025

စစ်မှုထမ်းဥပဒေအရဟုဆိုကာ နိုင်ငံအနှံ့မှာ စစ်ကောင်စီက တပ်သားသစ်တွေ စုဆောင်းနေရာမှာ မွန်ပြည်အတွင်းမှာလည်း အတင်းအကျပ်ဆက်တိုက်ပြုလုပ်လာတာတွေကြောင့် မွန်လူငယ်တွေအနေနဲ့ တော်လှန်ရေးအမြန်အောင်မြင်ဖို့ အတွက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ကထုတ်ပြန်ထားပါတယ်။

 

ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ NMSP-AD ရဲ့ တစ်နှစ်ပြည့် သဘောထားထုတ်ပြန်ချက်မှာ စစ်ကောင်စီက မွန်တော်လှန်ရေးအင်အားစုများ အင်အားတောင့်တင်းလာမှာကို စိုးရိမ်နေတယ်လို့ လည်းဆိုပါတယ်။

 

စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေအကြား သွေးခွဲတာ၊ ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ၊ ခြိမ်းခြောက်တာနဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းတွေအပြင် လေကြောင်း လက်နက်ကြီးတွေနဲ့ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ လူနေအိမ်တွေကိုလည်း တိုက်ခိုက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် စားဝတ်နေရေး ခက်ခဲစေဖို့ လမ်းတွေကို ဖြတ်တောက်ထားတာတွေကို ဆက်တိုက်ပြုလုပ်လာလို့ အာဏာရှင်စနစ်ချုပ်ငြိမ်ရေး နဲ့ နိုင်ငံရေးပန်းတိုင် မရောက်မချင်း တိုင်းရင်းသားဒီမိုကရေစီအင်အားစုများနဲ့အတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

 

မွန်ပြည်သစ်ပါတီ(အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အနေနဲ့ မွန်တပ်တော်တစ်ခုထဲပေါ်ထွန်းရေး ပြည်ထောင်စုနဲ့ ပြည်နယ်ယူနစ်တည်ဆောက်ရေး ကိုဆက်လက်ကြိုးပမ်းသွားမှာဖြစ်လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်ပြည်သူတွေအနေနဲ့ နည်းလမ်းပေါင်းစုံ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

 

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် (MNLA) နဲ့အတူ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်လွတ်မြောက်ရေးတပ် (MLA) တို့ ပူးပေါင်းပြီး အခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းခဲ့ပြီး စစ်‌ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေပါတယ်။

 

ဓာတ်ပုံ – NMSP-AD

 

ပုံစာ – NMSP-AD တပ်ဖွဲ့ဝင်များကို ဇန်နဝါရီ ၁၃ ရက်နေ့က တွေ့ရစဉ်