တေးရေးဆရာ နိုင်မြန်မာရဲ့ ရက်လည်ဆွမ်းကျွေးနဲ့ အမှတ်တရပွဲကို မဲဆောက်မြို့တစ်နေရာမှာ ပြုလုပ်

စာသူပုန်ကြီး တေးရေးဆရာ နိုင်မြန်မာရဲ့ ရက်လည်ဆွမ်းကျွေးနဲ့ အမှတ်တရ ဂုဏ်ပြုပွဲကို မဲဆောက်မြို့တစ်နေရာမှာ ဆရာနိုင်မြန်မာကို ချစ်ခင်လေးစားသူတွေက ဒီကနေ့ ဖေဖေါ်ဝါရီ ၁၃ရက်နေ့မှာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး ဒီမနက် (၁၀)နာရီခွဲမှာ စတင်ခဲ့တဲ့ ရက်လည်ဆွမ်းကျွေးနဲ့ အမှတ်တရပွဲကို ဆရာနိုင်မြန်မာကို ချစ်မြတ်နိုးသူ ၅၀ ဦးဝန်းကျင် တက်ရောက်ခဲ့ပါတယ်။
ဆရာနိုင်မြန်မာဟာ ရှစ်လေးလုံးအရေးတော်ပုံမှာ ထင်ရှားခဲ့တဲ့ “ကမ္ဘာမကြေဘူး” သီချင်းကို ရေးစပ်ခဲ့သူလည်းဖြစ်ပြီး ဖေဖေါ်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ သန်လျင်မြို့နယ်မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာပဲ နှလုံးလေဟပ်ကာ ကွယ်လွန်ခဲ့တာပဲဖြစ်ပါတယ်။
သူကွယ်လွန်ချိန်မှာ အသက်(၆၈)နှစ်ရှိပြီဖြစ်ပါတယ်။