တအာင်းအစိုးရ အမြန်ဆုံးပေါ်ထွန်းဖို့ ရှေ့လုပ်ငန်းစဉ်တွေ သဘောတူချမှတ်နိုင်ခဲ့တယ်လို့ TPCC ဆို

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့်(၂)အတွင်း ရရှိခဲ့တဲ့ မြို့(၁၂)မြို့နယ်ကို စီမံအုပ်ချုပ်မယ့် တအာင်းအစိုးရ အမြန်ဆုံးပေါ်ထွန်းဖို့ ရှေ့လုပ်ငန်းစဉ်တွေကို နှစ်ပတ်လည်အစည်းအဝေးမှာ သဘောတူချမှတ်နိုင်ခဲ့တယ်လို့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC နှစ်ပတ်လည်အစည်းအဝေးကို တအာင်းပြည် တစ်နေရာမှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး အစုအဖွဲ့အသီးသီးက ခေါင်းဆောင်တွေ ဖိတ်ကြားထားတဲ့ ကိုယ်စားလှယ်တွေ စုစုပေါင်း(၇၄)ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အရပ်ဘက် အုပ်ချုပ်ရေးကိုဦးတည်အကောင်အထည်ဖော်မယ့် အစိုးရတစ်ရပ် အမြန်ဆုံး ပေါ်ထွန်းနိုင်ဖို့အတွက် တအာင်းပြည်နယ်ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲရေးကော်မတီကနေ ရေးဆွဲထားတဲ့ တအာင်းပြည်တော်လှန်ရေးကာလအစိုးရ အစီအမံကို ဆွေးနွေး ပြင်ဆင် ဖြည့်စွက် သုံးသပ်ခဲ့ပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်း သဘောတူခဲ့လို့ သိရပါတယ်။
အစည်းအဝေးမှာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC ရဲ့ တစ်နှစ်တာလှုပ်ရှားမှု လုပ်ငန်းအစီရင်ခံစာ၊ နိုင်ငံရေး အစီရင်ခံစာတွေတင်သွင်းတာ၊ ကော်မတီရဲ့ မူပေါ်လစီနဲ့ နိုင်ငံရေးဆိုင်ရာ သဘောထား ရပ်တည်ချက်တွေကို ဆွေးနွေးသုံးသပ်ပြင်ဆင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကော်မတီရဲ့ စုဖွဲ့မှုပုံစံနဲ့ ကော်မတီဝင်တွေကို ပြင်ဆင်ဖြည့် စွက်တာ၊ လက်ရှိတော်လှန်ရေးနဲ့ နိုင်ငံရေးအခင်းအကျင်းတွေ အပေါ်သုံးသပ် ဆွေးနွေးတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ-TPCC အနေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အစုအဖွဲ့တွေ၊ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေးအတွက် တော်လှန်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း သဘောထားထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ TPCC
ပုံစာ – TPCC လူထုအခြေပြုတွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကိုတွေ့ရစဉ်( ပုံဟောင်း)
#CJPlatform #တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ #TPCC #တအာင်းအစိုးရ #PSLF/ TNLA