‘အာဏာရှင်တွေကြားက မြေစာပင်တံတား’

Author အညာသား
Categories
Published on Feb 10, 2025

စစ်အာဏာရှင်လက်ထက် ၂၀၀၉ခုနှစ် ဒီဇင်ဘာမှာ ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ညွန်ကြားချက်နဲ့ စည်ရှည်

တံတားကို အမင်္ဂလာတံတားလို့ အယူလွဲမှား သမိုင်းမသိပဲ ဖြိုချဖျက်ဆီးခဲ့ပြီး အခုတစ်ခါ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လိူင်က ၂၀၂၄ခုနှစ်မှာ ပြန်လည်တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပြီး ၂၀၂၅ခု ဖေဖော်ဝါရီ ၈ရက်မှာ စည်ရှည်တံတားကို မင်းအောင်လှိုင်ကိုယ်တိုင် ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

 

အာဏာရှင်နှစ်ဦးကြား ဒီတံတားကို ဖြိုဖျက်လိုက် ပြန်လည်တည်ဆောက်လိုက် လုပ်နေတာက ယတြာအနေနဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

 

စစ်ဗိုလ်ချုပ်တွေကြား အစီအမံယတြာတွေနဲ့ အမှန်တကယ်လုပ်ဆောင်နေသလားဆိုတာ လက်ဆုပ် လက်ကိုင်သက်သေပြဖို့ခက်ပေမယ့် နွေဦးတော်လှန်ရေးအစက “ခေတ်ပြောင်းချင်ရင်  ခေါင်းကိုပစ်”ဆိုတဲ့ အစီမံယတြာ‌အရ ဆန္ဒပြသပိတ်မှောက်ခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားလူငယ်လူရွယ်တွေရဲ့ ဦးခေါင်းတွေကို ရည်ရွယ်ချက်ရှိရှိချိန်ပစ်ခဲ့တာ အထင်အရှားပါပဲ။

 

ဒီအရင်မှာလည်း တစ်နိုင်ငံလုံး ကြက်ဆူပင်မစိုက်မနေရဆိုတဲ့ ထုတ်ပြန်စီမံချက်တွေအပြင် တခြားတခြားသော အဓိပ္ပါယ်မဲ့ လုပ်ဆောင်မူတွေလည်း အများကြီးရှိခဲ့ပါတယ်။

 

ယတြာကြောင့်ပဲဆိုဆို ဒင်းတို့ပြောနေတဲ့ ရှေးဟောင်းအမွေနှစ်ထိန်းသိမ်းရာလို့ပဲ ပြောပြော ခွေးနှစ်ကောင် ဟောင်တဲ့ကြားက ပြည်သူတွေ အိပ်ရေးပျက်ရတဲ့ အဖြစ်မျိုး။

 

တံတားဖွင့်ပွဲကို မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်မယ်ဆိုကတည်းက မန္တလေးမြို့တွင်းနဲ့ မြို့ဝင်၊မြို့ထွက်တွေကို စစ်ကောင်စီတပ်က လုံခြုံရေးတင်ကြပ်၊စစ်ဆေးရှာဖွေမူတွေလုပ်တဲ့အတွက် မြို့ခံလူထုအနေနဲ့ အနေကြပ်အစားကြပ်၊အသွားအလာခက်ခဲရတဲ့ ဒုက္ခတွေက လက်တွေ့ခံစားရတာပဲ။

 

စည်ရှည်တံတားဟာ သီပေါဘုရင်လက်ထက်  နာရေးတွေအတွက် အသုံးပြုတဲ့ တံတား၊ သီပေါမင်းပါတော်မူတဲ့တံတား ၊အမင်္ဂလာတံတားလို့ အထင်မှား ဖျက်ဆီးမခံရခင်ကလည်း ဒုတိယကမ္ဘာစစ်ဘေးဒဏ်ကြောင့် ပျက်စီးနေသလို သစ်ပင်ချုံနွယ်တွေဖုံးအုပ်ပြီး တံတားလို့တောင် လူမသိသူမသိရှိနေခဲ့တာပါ။

 

သီပေါမင်းလက်ထက်မှာ နန်းမြို့က နာရေးတွေအတွက် အသုံးပြုတဲ့ တံတားဟာ ကျုံးအနောက်ဘက် လမ်း(၈၀)နဲ့ (၂၂) လမ်းထိပ်ရှိ ကြေးမုံတံတား(ခေါ် ) အာဠဝီတံတားဖြစ်တယ်လို့ သမိုင်းပညာရှင်တချို့နဲ့ ရှေ့မီမြို့ခံလူကြီးသူမတွေ ပြောပြချက်အရ အဲဒီလိုပဲနားထားခဲ့တာပါ။

 

အခု ဖွင့်လှစ်လိုက်တဲ့ စည်ရှည်တံတားကလည်း ကျုံးအနောက်ဘက် လမ်း(၈၀)နဲ့ (၁၉)လမ်းထိပ်မှာရှိတာပါ။ မန္တလေး နန်းမြို့ရိုးအတွင်းကို ဝင်နိုင်ဖို့ ကျုံးကူးတံတား ငါးစင်းရှိပါတယ်။

 

ကျုံးအရှေ့ဘက် (၁၉)လမ်းထိပ်မှာရှိတဲ့ ကျုံးကူးတံတားကတော့ မြနန်းစံကျော် နန်းဆောင်ကြီးဆီ လာရောက်ကြည်ရှုလည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ ဝင်ထွက်ခွင့်ပြုထားတဲ့ ဝင်ပေါက်တစ်ခု တံတားတစ်စင်းပါ။

 

ကျုံးမြောက်ဘက်မှာ ဝင်ပေါက်တံတားကတော့ ဟိုအရင်က ကျွန်‌တော်တို့မြို့ခံတွေ ဖြတ်သန်းသွားလာခဲ့ဖူးပေမယ့် နောက်ပိုင်းကာလတွေမှာ အသွားအလာသိပ်မလုပ်ဖြစ်ကြတော့ပါဘူး။

 

ကျုံးတောင်ဘက် (၂၆)ဘီလမ်း၊ ၇၃လမ်းထိပ်မှာရှိတဲ့ မင်္ဂလာတံတားလို့ခေါ်တဲ့ ဝင်ပေါက်ကတော့ VIP တံတားလို့ ပြောလို့ရပါတယ်။ တပ်မတော်အရာရှိအရာခံတွေ ထိပ်ပိုင်းခေါင်ဆောင်တွေ ဝင်ထွက်သွားလာတဲ့ တံတားပဲဖြစ်ပါတယ်။ သက်ြန်တွင်း (လ.ပ.ခ) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မဏ္ဍပ်ကိုတောင် အဲဒီတံတားထိပ်မှာ နှစ်တိုင်း လုံခြုံရေးအပြည့်နဲ့ လုပ် ဆောင်တာပါ။

 

ကျုံးအနောက်ဘက်မှာတော့ စည်ရှည်တံတား မဖျက်ဆီးခံရခင်အချိန်နဲ့ ဖျက်ဆီးပြီးနောက်ပိုင်း အခုလို တံတားအသစ် ပြန်လည်မတည်ဆောက်ခင်အချိန်ထိက လမ်း(၈၀)နဲ့(၂၂)လမ်းထိပ်မှာရှိတဲ့ ကြေးမုံတံတား(ခေါ် )အာဠဝီတံတားကနေ အဝင်အထွက် လုပ်ကြတယ်။ အဲဒီအာဠဝီတံတားဝင်ထွက်ပေါက်ကတော့ နန်းတွင်းထဲနေတဲ့ စစ်တပ်မိသားစုဝင်တွေ အဝင်အထွက်လုပ်တာ များပါတယ်။ ဟိုအရင်ကတော့ ကျုံးအရှေ့ပေါက်ကနေ ဝင်ရောက်လည်ပတ် တဲ့ခရီးသွားဧည့်သည်တွေအနေနဲ့ ကျုံးအနောက်ဘက်ပေါက်ကနေပြန်ထွက်သွားလာခဲ့ကြတယ်။ ခုတော့ အသွားအလာ သိပ်မလုပ်ဖြစ်ကြတော့ဘူးလို့ သိရပါတယ်။

 

ဒါကတော့ ကျုံးမြို့ရိုးရဲ့ လေးဘက်လေးတန်မှာရှိတဲ့ ကျုံးကူးတံတားနဲ့ အဝင်အထွက်အခြေအနေပါ။ အဲတော့ အခုအာဏာသိမ်းစစ်‌ခေါင်းဆောင်က စည်ရှည်တံတားကိုပြန်တည်ဆောက်မူက လမ်း(၈၀)နဲ့(၂၂) လမ်းထိပ်မှာရှိတဲ့ ကြေးမုံတံတား(ခေါ် )အာဠဝီတံတားကနေ အဝင်အထွက်လုပ်နေခြင်းက သူ့တို့အတွက် အတိတ်နမိတ်မကောင်းဘူးလို့ ယူဆပြီး ယတြာအနေနဲ့ လုပ်ဆောင်တာလားဆိုတာကတော့ သူကိုယ်တိုင်နဲ့ နီးစပ်သူအသိုင်းအဝန်းတွေက ပိုသိနိုင်ပါလိမ့်မယ်။

 

မန္တလေးသားတစ်ယောက်အနေနဲ့ သတိထားမိတာတစ်ခုကတော့ သိမီဖြတ်သန်းခဲ့တဲ့ကာလကနေ ဒီဘက်ခေတ်အချိန်ထိ ခေတ်အဆက်ဆက်၊ဘယ်အစိုးရပဲတက်တက် မန္တလေးနန်းမြို့ရိုးနဲ့ ကျုံးပတ်ဝန်း ကျင်ကို ပြုပြင်ပြောင်းလဲတည်ဆောက်မူတွေ လုပ်ဆောင်တတ်ကြပါတယ်။

 

အဲဒီလိုလုပ်ဆောင်မူက မြို့ခံတွေအပြင် တခြားဒေသမြို့ရွာတွေကပါ ထင်သာမြင်သာရှိစေပြီး နာမည်ကောင်းရစေတယ် (တနည်းအားဖြင့်) အမှတ်ရစေတယ်လို့များ ယူဆကြလေလားမသိ။

 

တကယ့်တကယ် မန္တလေးမြို့ကြီးရဲ့ ယဉ်ကျေးမူအမွေအနှစ်တွေကို ထိန်းသိမ်းဖော်ထုတ်မယ်ဆို မန္တလေးနန်းမြို့ရိုးနဲ့ကျုံးပတ်ဝန်ကျင်မှာပဲ အဲ့ဒီတန်ဖိုးတွေရှိနေတာမဟုတ်ပါဘူး။ မန္တလေးမြို့ကြီးမှာ ထိန်းသိမ်းစရာတွေအများကြီး ဒုနဲ့ဒေး။

 

တောင်သမန်အင်းနဲ့ ဦးပိန်တံတားကြီး အခုဘာဖြစ်နေပြီလဲ။ အမရပူရ မြို့ရိုးဟောင်းနဲ့ကျုံးနေရာ ဘယ်မှာလဲ။ အောင်ပင်လယ်ကန်ကြီး ဘယ်လိုဖြစ်နေပြီလဲ။ အထင်ကရ မန္တလေးတောင်ကြီးရော အရင်ကလို စိမ်းလန်းစိုပြေပြီး သမိုင်းတန်ဖိုးရှိသေးလားဆိုတာ ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ဆောင်တဲ့သူတွေကို မန္တလေးသား တစ်ယောက်အနေနဲ့ မေးခွန်းထုတ်ချင်မိပါတယ်။