ဧရာဝတီတိုင်းအတွင်း AA ထိုးစစ်ဝင်ရောက်လာချိန် မော်တင်စွန်းပွဲတော်ကို အကျဉ်းချုံးကျင်းပရန် ပြင်ဆင်နေ

ဧရာဝတီတိုင်းအတွင်းထဲထိ အာရက္ခတပ်တော် AA က ထိုးစစ်ထိုး ဝင်ရောက်လာချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာရှိတဲ့ မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖေါ်ဝါရီ ၂၇ရက်နေ့ကနေ မတ်လ ၁၃ရက်နေ့ထိ ကျင်းပပြုလုပ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်းမှာ ခံစစ်ပြင်နေချိန်မှာပဲ မော်တော်စွန်းဘုရားပွဲကို လုံခြုံရေးအပြည့်နဲ့ ကျင်းပဖို့ ပြင်ဆင်နေပြီး ကုန်းလမ်းလျှောက် စစ်ဆေးရေးဂိတ်တွေကိုလည်း ထပ်တိုးချထားဖို့ ပြင်ဆင်နေပါတယ်။
“စည်မယ်လို့မထင်ဘူး၊ စျေးဆိုင်တွေကတော့ ဒေသခံတွေပဲ ထွက်ဖို့ရှိမယ်၊ ဇာတ်ပွဲကတော့ စွမ်းဇာနည်ကို စီစဉ်ထားတယ်ကြားတာပဲ”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဘုရားပွဲတော် ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဧရာဝတီတိုင်းအစိုးရအဖွဲ့က ကြေညာထားပေမယ့် လက်ရှိအချိန်ထိ မော်တင်တောင်ခြေအနီးမှာ စျေးဆိုင်တန်းတွေ တည်းခိုဆောင်တွေ ဆောက်လုပ်တာတော့ မရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
“ဘုရားသင်္ဘောတွေလည်း ထွက်မယ်မထွက်ဘူး မသိသေးဘူး၊ ကုန်းလမ်းခရီးကတော့ အစစ်အဆေး အတော်များနိုင်တယ်၊ အခု ရန်ကုန်သွားတာတောင် ဒေသခံမှတ်ပုံတင်မို့ သွားလာရတာ အဆင်ပြေတာ၊ ဒေသခံမဟုတ်ရင် အရမ်းစစ်တယ်”လို့ ငရုတ်ကောင်းမြို့ကနေ ရန်ကုန်မြို့ကို ခရီးသွားရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။
မော်တင်စွန်းဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၁ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ (၁၅)ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ တစ်လတိတိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဘုရားဖူးလာရောက်သူ အပန်းဖြေသူတွေနဲ့ စည်ကားတဲ့ ပွဲတော်တစ်ခုဖြစ်ခဲ့ပေမဲ့ ကိုဗစ်ရောဂါကပ်ဆိုးကာလကနေ စတင်ပြီး ဒီကနေ့ထိတော့ ဘုရားပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပနိုင်ခဲ့ပါတယ်။