လင်းဆွဲငှက်တွေနဲ့ အတူတကွယှဉ်တွဲနေကြတဲ့ အညာဒေသက ရွာကလေး
![](https://cjplatform.com/wp-content/uploads/2025/02/လင်းဆွဲ-1-800x450.jpg)
လင်းဆွဲငှက်တွေနဲ့ လူတွေ အတူတကွ ယှဉ်တွဲနေထိုင်နေကြတဲ့ ကျေးရွာလေးတစ်ရွာဟာ မြန်မာပြည်အတွင်းမှာပဲ ရှိနေပါတယ်။ ဒေသခံတွေဟာ ကျေးရွာလေးမှာ လာရောက်ပျော်ရွှင်နေတဲ့ လင်းဆွဲငှက်တွေကို သတ်ဖြတ်ခြင်းမပြုဘဲ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဒီလင်းဆွဲငှက်တွေဟာလည်း သူတို့စားသုံးခဲ့တဲ့ သီးနှံတွေက မျိုးစေ့တွေကို ကျေးရွာအနီးဝန်းကျင်ကို ဖြန့်ကြဲပြီး ဒေသကို စိမ်းလန်းစိုပြေစေပါတယ်။
အဲဒီကျေးရွာလေးကတော့ စစ်ကိုင်တိုင်း စစ်ကိုင်းမြို့နယ် အတွင်းက ဦးအိုင်ကျွန်းဆိုတဲ့ ကျေးရွာလေးပါပဲ။ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက် တစ်ခုဖြစ်တဲ့ မူးမြစ်က ကျေးရွာလေးကို ‘ဂ’ငယ်သဖွယ် ဝန်းရံပေးထားပါတယ်။
ဦးအိုင်ကျွန်းကျေးရွာလေးမှာ လင်းဆွဲငှက်တွေ စတင်နေထိုင်ခဲ့တာဟာ အခုဆိုရင် နှစ်ပေါင်း (၅၀)ကျော်ပါပြီ။ ဒေသခံ လူကြီးတွေရဲ့ ပြောစကားအရ ၁၉၇၂ ခုနှစ် မြန်မာသက္ကရာဇ် ၁၃၃၃ ခုနှစ်မှာ လင်းဆွဲငှက်တစ်အုပ်ဟာ ကျေးရွာကို စတင်ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ရွာထိပ်က သစ်ပင်ကြီးတစ်ပင်ကို လာရောက်ခိုနားတဲ့ လင်းဆွဲငှက်တွေကို အစမှာတော့ ဒေသခံတွေက စိုးရိမ်ကြောက်လန့်ခဲ့တာပေါ့။ ကျေးရွာက ကိုးကွယ်တဲ့ ဆရာတော်ကို ဒီငှက်အုပ်ကို မောင်းထုတ်ဖို့အတွက် လျှောက်ထားရာမှာ ဆရာတော်က မေတ္တာတရားနဲ့ ခွင့်ပြုပေးဖို့ မိန့်ကြားရာကနေ အတူတကွ ယှဉ်တွဲနေဖြစ်ခဲ့တာပါ။
အခုဆိုရင် ဦးအိုင်ကျွန်းရွာဆိုတာနဲ့ ကျေးရွာထိပ်က အပင်ကြီးတွေမှာ လင်းဆွဲငှက်တွေနဲ့ ပြည့်နေတဲ့ ရွာမလားလို့ အားလုံးက ဝိုင်းဝန်းမှတ်သားပြုရတဲ့ ကျေးရွာတစ်ရွာအဖြစ်ကို ရောက်ရှိနေခဲ့ပါပြီ။
” ခုဆို အကောင် တစ်သောင်းကျော်ရှိနိုင်မယ်။သူတို့အုပ်စုက မှတ်မှတ်ရရ ဘူကျတဲ့နှစ် (မြန်မာသက္ကရာဇ် ၁၃၃၃ ခုနှစ်) မှာရောက်လာတာ။ အကောင်တွေက၀ဲပြီးကျလာပြီး အကိုင်းတွေမှာခိုလာတော့ ရွာဦးကျောင်းဆရာတော်ကိုလျှောက်တော့ လင်းဆွဲတွေ ဘာမှမလုပ်ရဘူးဆိုပြီး ဆရာတော်ကြီးက ဦးဆောင်ပြီး စောင့်ရှောက်လာခဲ့တာပဲ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကျေးရွာအ၀င်က သစ်ပင်ကြီးလေးပင်ရဲ့ အကိုင်းတွေမှာ ဦးခေါင်းစောက်ထိုး ထားကာ ချိတ်ဆွဲတွဲခိုနေတဲ့ လင်းဆွဲတွေကို တွေ့ရတာဟာ သစ်သီးတွေ ပင်လုံးပြည့် သီးနေသလို ထင်ရအောင် အတော်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။
လင်းဆွဲဆိုတာ အသီးအနှံတွေကို စားသုံးတဲ့ သတ္တဝါတမျိုးဖြစ်တာကြောင့် သူတို့ဟာ စားသုံးပြီး သစ်စေ့တွေကို နေရာအနှံ့အပြား ကြဲချစေတာကလည်း ဦးအိုင်ကျွန်းကျေးရွာလေးရဲ့ ဝန်းကျင်ကို စိမ်းလမ်းစိုပြေစေခဲ့ပါတယ်။
သူတို့ဟာ ညဘက်မှာသာ အစာဖို့ လှုပ်ရှားသွားလာတဲ့ သတ္တဝါဆိုတော့ နေ့ပိုင်းတွေမှာ ကျေးရွာထိပ်က အပင်ကြီးတွေမှာ လင်းဆွဲတွေ အိပ်စက်လေ့ရှိတာကလည်း ကျေးရွာရဲ့ အလှတမျိုးပါပဲ။
လင်းဆွဲတွေဟာ အသီးအနှံတွေ၊ ဝတ်မှုန်တွေနဲ့ ပန်းဝတ်ရည်တွေကို စားသုံးတာကြောင့် ဂေဟစနစ်မှာပါ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ လင်းဆွဲမျိုးစိတ်ပေါင်းများစွာရှိတဲ့အနက် မြန်မာနိုင်ငံမှာ Indian Flying Fox (Pteropus giganteus) နဲ့ Lesser Short-nosed Fruit Bat (Cynopterus brachyotis) အပါအဝင် လင်းဆွဲမျိုးစိတ် ၁၀ မျိုးကျော်ကို တွေ့ရှိရပါတယ်။ ခြံဥယျာဉ်တွေမှာ စိုက်ပျိုးထားတဲ့ သစ်သီးသစ်ရွက်တွေကို ဖျက်ဆီး စားသောက်လေ့ရှိတာကြောင့် လူအချို့ရဲ့ မုန်းတီးမှုကို ကြုံရပေမယ့် ဦးအိုင်ကျွန်းကျေးရွာသားတွေကတော့ မမုန်းတီးပါဘူး။
လင်းဆွဲတွေက ညဘက်မှာ ပွင့်တဲ့ ပန်းတွေရဲ့ ဝတ်မှုန်ကို သယ်ယူပို့ဆောင်ပေးတာဟာ အပင်တွေ မျိုးပွားဖို့အတွက် အရေးပါသလို အချို့အပင်တွေဟာ လင်းဆွဲတွေကမှ ဝတ်မှုန်ကူးပေးနိုင်ပါတယ်။
သူတို့တွေဟာ အသီးအနှံတွေကို စားသုံးပြီး အစေ့တွေကို နေရာအနှံ့အပြားမှာ ပြန့်ကြဲစေခြင်းနဲ့ သစ်တောတွေ ပြန်လည်ရှင်သန်ဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။
ဒါအပြင် အင်းဆက်စားလင်းဆွဲတွေဟာ ညဘက်မှာ အင်းဆက်ပိုးမွှားတွေကို စားသုံးခြင်းဖြင့် ပိုးမွှားတွေရဲ့ အရေအတွက်ကို ထိန်းချုပ်ပေးပါတယ်။ ဒါဟာ စိုက်ပျိုးရေးကို အထောက်အကူ ဖြစ်စေပြီး ပိုးသတ်ဆေး အသုံးပြုမှုကို လျှော့ချနိုင်ပါတယ်။ ဒါတွေကို ဦးအိုင်ကျွန်းရွာသားတွေဟာ ကောင်းမွန်စွာ နားလည်ခဲ့ပါတယ်။
အခုလို လင်းဆွဲတွေကို ထိန်းသိမ်းထားတာဟာ လူသားနဲ့ သဘာဝ အတူတကွ ရှင်သန်နိုင်ကြောင်းကိုလည်း သက်သေပြလို့နေပါတယ်။ ဒီအပြုအမူတွေဟာ အနာဂတ်မျိုးဆက်များအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ပါပဲ။