လာနီညာဖြစ်စဉ်က ဧပြီလထိရောက်နိုင် “ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ရာသီဥတုအခြေအနေ”
အားပျော့တဲ့ လာနီညာဖြစ်စဉ်က အီကွေတာတလျှောက် အရှေ့လေစီးကြောင်း အားကောင်းလာခြင်း၊
အရှေ့မြောက်မုတ်သုံလေ အားကောင်းလာခြင်းနဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ဘက် အေးမြတဲ့ဒေသတွေကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေအေးစီးကြောင်း အားကောင်းလာခြင်း စတဲ့ လေစီးကြောင်း အခြေအနေတွေကြောင့် ဆောင်းရာသီရက်ရှည်ကြာပြီး လေထုအထက်လွှာအတွင်းအထိ လေထုအပူချိန်များ ကျဆင်းနေဆဲ ဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုထားပါတယ်။
လာနီညာဖြစ်စဉ်က မတ်လနဲ့ ဧပြီလတွေအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ပြီး အဲ့ဒီကာလကိုကျော်လွန်ပါက ပုံမှန်ရာသီဥတုဖြစ်လာနိုင်မယ်လို့ NOAA ရဲ့ ဖေဖေါ်ဝါရီ ၃ ရက် ထုတ်ပြန်ချက်ကိုကိုးကားပြီး ဦးဝင်းနိုင်က အသိပေးထားပါတယ်။
“ညအပူချိန်များ”
ညအပူချိန်များမှာ ချင်းပြည်မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်နဲ့ ရခိုင်ပြည်မှာ ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ ဖေဖော်ဝါရီလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၁ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၆ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့၊ တောင်ကြီးမြို့နဲ့ ကျိုင်းတုံမြို့တို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ စစ်တွေမြို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့နဲ့ မုံရွာမြို့တို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၅ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၅ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဲခူးမြို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်၊ ထားဝယ်မြို့နဲ့ မော်လမြိုင်မြို့တို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။
“ဒီကနေ့ ညနေအထိ အခြေအနေ”
တနင်္သာရီတိုင်းမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
တနင်္သာရီတိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုး အနည်းငယ် ရွာနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ