လားရှိုးမြို့ကြီး ဘာဖြစ်နေလဲ ?

Published on Feb 05, 2025

စစ်ကောင်စီလက်ဝယ်ကို ပြန်ပေးမယ်လို့ သတင်းထွက်ပေါ်နေတဲ့ လားရှိုးမြို့ကို ကိုးကန့်တပ်မတော် MNDAA က ဆက်လက် ထိန်းချုပ်ထားပါတယ်။ လားရှိုးမြို့ပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်ကျင်းပနေပြီးတော့ သေနတ်သံတွေ ကင်းစင်နေတယ်လို့ လားရှိုးမြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

 

မြို့ပေါ်မှာ ကုန်စျေးနှုန်းတွေလည်း တည်ငြိမ်နေပြီး ရန်ကုန်မြို့ထက်တောင်မှ သင့်တင့်နေသေးတယ်လို့ သူက ဆိုပါတယ်။

 

“ပဲဆီ တစ်ပိသာ ၂၄၀၀၀၊ ပေါ်ဆန်းက တစ်ပြည် ၁၀၀၀၀၊ ဧည့်မထက ၆၀၀၀၊ ရှမ်းဆန်တွေက တစ်အိတ်ကို ၁၄၀၀၀ ဝန်းကျင်၊ ရေသန့်ဗူးကြီးက ၂၀၀၀၊ ဆေးစျေးကတော့ နည်းနည်းများတယ်၊ ဓာတ်ဆီစျေးကတော့ ဒီရက်ထဲမှာ ပြန်ကျနေတယ် တစ်လီတာ ၆၀၀၀ ရန်ကုန်နဲ့ သိပ်မကွာပါဘူး တချို့ဟာတွေဆို ပိုစျေးချိုတယ်”လို့ Citizen Journalist ကပြောပါတယ်။

 

မြို့ပေါ်မှာ သေနတ်သံတွေ ကင်းစင်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။ မြို့ပေါ်မှာ ​MNDAA က အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေပြီး တရုတ်နှစ်သစ်ကူးပွဲတော်ကို တစ်လတိတိကျင်းပနေပေမဲ့ ပွဲတော်အတွင်း ဆိုင်ကယ်တွေ ပျောက်ဆုံးတာ၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေလည်း မရှိဘူးလို့ ဆိုပါတယ်။

 

“ပွဲကျင်းပတဲ့နေရာတွေမှာ ဖုန်မထအောင်တောင် မီးသတ်တပ်ဖွဲ့က သူ့အချိန်နဲ့သူရေဖြန်းပေးတယ်၊ ရန်ကုန်ထက်သာတာက ကောင်းကောင်းအိပ်ပျော်တယ် စစ်ကောင်စီနှောင့်ယှက်မှုကို မခံရဘူးပေါ့” လို့ Citizen Journalist ကပြောပါတယ်။

 

စစ်ကောင်စီတပ်ကို မြို့ကိုပြန်လည်လွှဲပြောင်းပေးပြီး MNDAA နဲ့ ပူးပေါင်းတပ်တွေက မြို့ပေါ်ကနေ ဆုတ်ခွာပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြို့စည်းရိုးတွေကို သေချာပြင်ဆင်နေတာကိုလည်း တွေ့မြင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

 

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တပ်စခန်းတွေကို MNDAA က ၂၀၂၄ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး အခုလို အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာပါ။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ လားရှိုးမြို့ကနေ MNDAA တပ်တွေ ပြန်လည်ဆုတ်ခွာပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အခုလက်ရှိ အချိန်ထိတော့ ထိန်းသိမ်းထားဆဲဖြစ်ပြီး နွေဦးအားကစားပွဲတော်ကိုပါ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Lashio Reconstruction