ပုသိမ်အကျဉ်းထောင်အတွင်း ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာကြောင့် အကျဉ်းသားများ ခက်ခဲနေ

Author လဂွန်းအိမ်
Categories
Published on Feb 04, 2025

ပုသိမ်အကျဉ်းထောင်မှာ လုံခြုံရေးတိုးမြှင့်လိုက်တဲ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ကာ ကန့်သတ်ချက်တွေ များလာတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားများ ဆေးဝါးမရရှိမှုနဲ့ ဟင်းမလုံလောက်မှုတွေဖြစ်နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေသိရပါတယ်။

 

ပုသိမ်မြို့နဲ့ ထိစပ်နေတဲ့ သာပေါင်းမြို့နယ်အပြင် ဧရာဝတီ-ရခိုင်အစပ်က စစ်ရေးတင်းမာနေမှု တွေကြောင့် ပုသိမ်အကျဉ်းထောင်အတွင်းမှာလည်း လုံခြုံရေးဝန်ထမ်းတိုးမြှင့်ချထားကာ အကျဉ်းသားတွေကိုလည်း စည်းကမ်းတင်းကျပ်ထားတယ်လို့ ဆိုပါတယ်။

 

“ စာအုပ်ကတော့ လုံးဝပို့လို့မရတော့ဘူး၊ ဆေးဝါးဆိုရင် ဈေးဘားပါဆယ်တွေကပေးလို့မရတော့ဘူး။ အဓိကတော့ ထောင်ဝင်စာပါဆယ်တွေ ကန့်သတ်လိုက်တာပါ” လို့ PPNM ရုံးအဖွဲ့တာဝန်ခံ မလင်းက CJ Platform ကို ပြောပါတယ်။

 

ကန့်သတ်လိုက်တဲ့ ထောင်ဝင်စာ ပါဆယ်ဟင်းဗူးတွေကို ရှာဖွေရာမှာ ဇွန်းတစ်ချောင်းထဲသာအသုံးပြု ရှာဖွေတာတွေပြုလုပ်တာကြောင့် ပို့ပေးတဲ့ ဟင်းတွေရက်ရှည် မခံတော့ဘူးလို့ သူကဆက်ပြောပါတယ်။

 

ပုသိမ်အကျဉ်းထောင်က တစ်ပတ်ကို ဟင်းသုံးမျိုး ကော်ဖီ ခုနစ်ထုပ်သာ လက်ခံတော့တာကြောင့် မြို့ခံအကျဉ်းသားတွေလောက်သာ အဆင်‌ပြေပြီး ထောင်ပြောင်းခံထားရတဲ့ နယ်ခံအကျဉ်းသားတွေ အတွက် များစွာအခက်အခဲဖြစ်ရတယ်လို့ သိရပါတယ်။

 

ဒါကြောင့် ပုသိမ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအများစုဟာ အကျဉ်းထောင်ဈေးဘားကို ငွေသွင်းကာ အကျဉ်းထောင်က ရောင်းချတဲ့ ဈေးဘားကဟင်းတွေကို မတန်တဆ ပေးကာဝယ်စားနေရတယ်လို့ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က AA သိမ်းခံရမယ့်အန္တရာယ်ရှိနေလို့ စစ်တွေက အကျဉ်းသူ/သားအများစု ပုသိမ်အကျဉ်းထောင်ကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ဆီက ထုတ်ပြန်ခဲ့ပါတယ်။

 

စစ်ကောင်စီက အကျဉ်းသားတွေကို နှစ်ကြိမ်ခွဲ ခေါ်ထုတ်ပြီး စစ်တွေမြို့ရဲ့ အာဏာပိုင်ဆိပ်ကမ်းက ဂိုထောင်ထဲမှာထိန်းသိမ်းခဲ့ပြီးနောက် စစ်ကောင်စီထိန်းချုပ်ထားနိုင်သေးတဲ့ မြို့နယ်တွေက ထောင်တွေဆီ ပြောင်းရွှေ့ခဲတာဖြစ်တယ်လို့ CJ Platform ရဲ့ မျက်မြင်သတင်းရင်းမြစ်တွေဆီကနေ သိခဲ့ရပါတယ်။

 

စစ်တွေထောင်ကပြောင်းရွှေ့လာပြီး ပုသိမ်ထောင်ရောက်နေကြတဲ့ အကျဉ်းသား ၃၀၀ ကျော်ဟာ စားသောက်နေထိုင်ရေးခက်ခဲနေတယ်လို့ ၂၀၂၄ အောက်တိုဘာ ၁၂ ရက်နေ့မှာ PPNM က ထုတ်ပြန်ထားခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ပုသိမ်အကျဉ်းထောင်ကို မြင်ရပုံ (ပုံဟောင်း)

 

Related News

Depend on news