စစ်ကောင်စီ တင်သွင်းပေးမယ်ဆိုတဲ့ ဘိလပ်မြေအိတ်တွေ စျေးကွက်ထဲ ရောက်မလာသေး၊ ဘိလပ်မြေရမယ်ဆိုပြီး ငွေလိမ်မှုတွေပါ ဖြစ်ပေါ်နေ
စစ်ကောင်စီက နိုင်ငံခြားကနေ ဘိလပ်မြေအိတ်တွေ တင်သွင်းပေးမယ်လို့ သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေကနေ ကြေညာထားပေမဲ့ စျေးကွက်ထဲကို ရောက်မသေးဘဲ ဘိလပ်မြေစျေးနှုန်းတွေ ဆက်တိုက်မြင့်တက်နေကာ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပေါ်နေတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
“ဘိလပ်မြေက ကြိုက်ရောင်းကြိုက်ဝယ်ပဲ တစ်အိတ်ကို ၂၈လောက်ကနေ သုံးသောင်းခွဲလောက်ထိ ပေးနေရတယ်”လို့ ပဲခူးတိုင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စျေးကွက်အတွင်း ဘိလပ်မြေအိတ် ပြတ်လပ်နေတာကြောင့် ဘိလပ်မြေရမယ်ဆိုပြီး ငွေကြေးလိမ်လည်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
“သုံးသောင်းနဲ့ရမယ်ဆိုပြီး ကားတင်နေတုန်း ငွေကြိုလွှဲခိုင်းတယ် တကယ်က သူက ပိုင်ရှင်မဟုတ်ဘူး၊ ပိုင်ရှင်ကို တစ်အိတ် သုံးသောင်းခွဲနဲ့ စရံချပြီး ကားတင်နေချိန်မှာ သူ့ဘဏ်အကောင့်ကို ငွေလွှဲခိုင်းပြီး လိမ်ပြေးသွားတာ”လို့ ဘိလပ်မြေအိတ်ဝယ်ယူရင်း ငွေကြေးလိမ်လည်ခံရသူတစ်ဦးက ပြောပါတယ်။
ဘိလပ်မြေပြတ်လပ်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားထားရပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ ဘိလပ်မြေဝယ်ယူလိုပါက သံ၊အုတ်၊ကျောက်၊သဲတို့နဲ့ပါ ပူးတွဲဝယ်ယူနေရတယ်လို့ သိရပါတယ်။
ဒါဟာ CJ Report ဖြစ်ပါတယ်။ သတင်းဖြစ်စဉ် အပြည့်အစုံကိုတော့ CJ Platform ရဲ့ သတင်းထောက်တွေက စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းအချက်အလက်လေးတွေ ပေးပို့လိုပါက Telegram မှာ @cjreport1 လို့ ရှာဖွေပြီးတော့ ဆက်သွယ်ပေးပို့နိုင်ပါတယ်။