စစ်ကောင်စီရဲ့ အောင်ဘာလေထီထက် ထောက်ပို့ထီက ပိုရောင်းကောင်းနေ

Author လဂွန်းအိမ်
Categories
Published on Feb 03, 2025

ထီရောင်းချမှုနှုန်းတွေထဲ အခုလ ဇန်နဝါရီလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့ထီရဲ့ ရောင်းအားဟာ စစ်ကောင်စီရဲ့ အောင်ဘာလေထီရောင်းအားထက် ပိုမိုမြင့်တက်နေတာကို  နှစ်ဖက် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

အခုနှစ် ဇန်နဝါရီလအတွင်း ထောက်ပို့ထီ ထီအစောင်ရေ ၁၀ သိန်းကျော်ရောင်းချခဲ့ရပြီး စစ်ကောင်စီရဲ့ အောင်ဘာလေထီကတော့ ခြောက်သိန်းခွဲသာရောင်းရတယ်လို့ ထုတ်ပြန်ချက်တွေက ဆိုပါတယ်။

 

“ကျွန်မတို့ ထောက်ပို့ထီ က မြေပြင်တပ်ရင်း၊ အဖွဲ့အစည်းတွေကို သူတို့ကိုယ်တိုင်ရောင်းရတဲ့ ထီရောင်းအား ၈၀ရာခိုင်နှုန်းကို ပြန်လည် ထောက်ပို့ပေးပါတယ်” လို့ ထောက်ပို့ထီ ပြန်ကြားရေးအဖွဲ့ဝင် ‘ခင်’ က CJ Platform ကိုပြောပါတယ်။

 

ထောက်ပို့ထီက ထုတ်လုပ်ထားတဲ့ ထီလက်မှတ်တွေကို မြေပြင် တပ်ရင်း တပ်ရင်းတပ်ဖွဲ့တွေက ဦးဆောင်ရောင်းချတာဖြစ်ပြီး ထီလက်မှတ်တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ထောက်ပို့ထီကို ပြန်သွင်းပေးရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

စစ်ကောင်စီဟာ အောင်ဘာလေထီ ရောင်းချရတာရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုကြေးငွေအဖြစ် ပြန်ထုတ်ပေးပြီး ထောက်ပို့ထီက ထီရောင်းရငွေရဲ့ ၁၅ ရာခိုင်နှုန်းသာပြန်ထုတ်ပေးသော်လည်း စစ်ကောင်စီ ထီရောင်းအားထက် ထီအစောင်ရေ လေးသိန်းကျော်ကို ထောက်ပို့ထီက ပိုရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

 

ဒါ့အပြင် ထောက်ပို့ထီက တစ်စောင်ကို နှစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး တစ်လအတွင်း ကျပ်သိန်းပေါင်း ၂သောင်းကျော်ရောင်းချနိုင်ခဲ့ကာ စစ်ကောင်စီထီကတော့ တစ်စောင်ကို တစ်ထောင်ကျပ်နှုန်းသာ ရောင်းချပေမဲ့ ထိုးမယ့်သူနည်းတာကြောင့်  ကျပ်သိန်းပေါင်း ၆၅၀၀ သာရောင်းချနိုင်ခဲ့ပါတယ်။

 

“သူတို့(စစ်ကောင်စီ) ထီကို VC လုပ်ထားတယ်။ ထောက်ပို့ထီကတော့ လတိုင်းနီးပါးထိုးတယ် မပေါက်ရင်တောင် ထောက်ပို့ဖြစ်နေလို့ စိတ်ထဲက ယုံကြည်ကြည်နဲ့ ထိုးတယ်” လို့ ထောက်ပို့ထီ လစဉ်ထိုးနေသူ ဧရာဝတီတိုင်းက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

စစ်ကောင်စီရဲ့ အောင်ဘာလေထီကို ထိုးခြင်းဟာ ပြည်သူကို ဒုက္ခပေးသလို ဖြစ်နေမှာစိုးတဲ့ အတွက် အောင်ဘာလေထီမထိုးပဲ နွေဦးထီ၊ ထောက်ပို့ထီတွေကို လစဉ် ထိုးတဲ့အပြင် ပေါက်ခဲ့ရင်လဲ တော်လှန်ရေးအဖွဲ့တွေကိုပဲပြန်လှူဖြစ်တယ်လို့ ထောက်ပို့ထီ ထိုးနေသူ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း ပြောပါတယ်။

 

ထောက်ပို့ထီဟာ အရင်က အမြင့်ဆုံးဆုကြေးငွေ ကျပ်သိန်း ၅၀၀ သာရှိခဲ့သော်လည်း ဒီနှစ်အစမှာပဲ ဆုကြေးငွေကို အမြင့်ဆုံး ပထမဆုအနေနဲ့ ကျပ်သိန်း တစ်ထောင်အထိ တိုးမြင့်ခဲ့ပြီး  စစ်ကောင်စီရဲ့ တတိယဆုမျှသာရှိခဲ့ပေမဲ့ ရောင်းအားကောင်းနေဆဲ ဖြစ်ပါတယ်။

 

ဆုကြေးငွေတိုးမြှင့်လိုက်တဲ့  ၂၀၂၅ ခုနှစ် ဇန်နဝါရီလရဲ့ အမြင့်ဆုံးဆုကိုတော့  နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကနေ ရရှိခဲ့ပြီး Liberation Army of Central Region က ဒုတိယဆု ကျပ်သိန်း နှစ်ရာ နဲ့ ကလေးကဘော် ညီအကိုများ အဖွဲ့က တတိယဆုအဖြစ် သိန်း တစ်ရာ ဆွတ်ခူးသွားတယ်လို့ ထောက်ပို့ထီကနေ သိရပါတယ်။

 

စစ်ကောင်စီကလည်း အောင်ဘာလေ အွန်လိုင်းဂဏန်း ၅ လုံးသိန်းဆုထီအဖြစ် ပြီးခဲ့တဲ့ နှစ်လယ်က တိုးချဲ့ခဲ့သလို ထောက်ပို့ထီက တစ်သိန်းဆု ငါးသောင်းဆုနဲ့ ဆုမဲပေါင်း ၂၈၀၀ ကို ထပ်မံတိုးမြှင့် ထားပါတယ်။

 

ထောက်ပို့ထီကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့ပြီး အမြင့်ဆုံးဆုအဖြစ် သိန်း ၅၀၀၊ ဒုတိယ ကျပ်သိန်း ၅၀၊ တတိယ ကျပ်သိန်း ၃၀အပြင် တစ်သိန်းဆု ၂၉ ဆု၊ ငါးသောင်းဆု ၂၉၉ ဆုနဲ့ စတင်ခဲ့တာပါ။

 

လစဉ် ထောက်ပို့ထီအစောင်ရေ တိုးမြင့်ထုတ်လုပ်နိုင်ခဲ့သလို မြေပြင်တပ်ရင်းတပ်ဖွဲ့တွေကို တိုးချဲ့ ပြီး မြေပြင်အရောက် ထောက်ပို့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

 

ထောက်ပို့ထီရဲ့ ပြီးခဲ့တဲ့နိုဝင်ဘာလရောင်းရတာကနေ တပ်ရင်းတပ်ဖွဲ့၊ ပညာရေး၊ကျန်းမာရေး အဖွဲ့ပေါင်း – (၁၉၃)ဖွဲ့ကို ကျပ်သိန်းပေါင်း တစ်သောင်း တစ်ထောင်ကျော်၊ အမေရိကန်ဒေါ်လာ ၄၈၀USD၊ စင်္ကာပူဒေါ်လာ ၅၀ SGD၊ ထိုင်းဘတ်ငွေ ၃၄၀၀ ကျော်၊ ဂျပန်းယန်း ၁၆၀၀နဲ့ မလေးရှားရင်းဂစ် ၃၅၀ နီးပါး၊ ဒူဘိုင်းငွေ ၁၀၀AED အထိ ပံ့ပိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။