Disneyland လို တည်ဆောက်သွားမယ်ဆိုတဲ့ ရုပ်ရှင်မြို့တော်စီမံကိန်း လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူတဲ့အဆင့်က မတက်သေး
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခွင့်ပြုချက် ပြန်လည်ချထားပေးခဲ့တဲ့ နေပြည်တော်-ရန်ကုန် အမြန်လမ်းဘေးမှာရှိတဲ့ ရုပ်ရှင်မြို့တော်စီမံကိန်းဟာ လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူထားတဲ့ အဆင့်ပဲ ရှိသေးတယ်လို့ ရန်ကုန်မြို့က အနုပညာသတင်းထောက်တစ်ဦးက ပြောပါတယ်။
Disneyland လိုတည်ဆောက်သွားမယ်ဆိုပြီး စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အနုပညာရှင်တွေ ကြွေးကြော်ထားတဲ့ ရုပ်ရှင်မြို့တော် စီမံကိန်းဟာ ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်(၂၀) (၄)ဖာလုံမှာ ရှိပြီးတော့ ဧက (၂၀၀)ကျော် ကျယ်ဝန်းပါတယ်။
ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ စစ်ကောင်စီက ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီ ၂ရက်နေ့မှာ ခွင့်ပြုပေးခဲ့တာဖြစ်ပြီး နှစ်ပေါင်း (၃၀) လုပ်ပိုင်ခွင့် ခွင့်ပြုချက် ချထားပေးခဲ့တာပါ။
“ဒီစီမံကိန်းက အခုမှမဟုတ်ပါဘူး၊ ဦးသိန်းစိန်လက်ထက်ထဲက စီမံကိန်း လုပ်ဖို့ပြင်နေတာ ဆယ်နှစ်ကျော်ပြီ၊ အခု စကစလက်ထက်ကျမှ စကစနဲ့ပေါင်းနေတဲ့ အနုပညာရှင်တွေနဲ့ တစခန်းပြန်ထလာတာ”လို့ ရန်ကုန်မြို့ အခြေစိုက် အနုပညာ သတင်းထောက်တစ်ဦးက ပြောပါတယ်။
ရုပ်ရှင်မြို့တော်စီမံကိန်းအတွင်းမှာ ရုပ်ရှင် ဗီဒီယိုတွေကို ရိုက်ကူးနိုင်ဖို့အတွက် လိုအပ်တဲ့ အဆောက်အဦ ၃၀ နီးပါး ထည့်သွင်းတည်ဆောက်မဲ့အပြင် Disneyland လို ကမ္ဘာလှည့်ခရီးသွားတွေပါ ဝင်ရောက်လာဖို့အတွက် လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဆိုထားပါတယ်။
“မနှစ်က အကယ်ဒမီပေးပွဲမှာ ရုပ်ရှင်အစည်းအရုံးက ထပ်တောင်းဆိုလို့ လုပ်ခွင့်ရတာ၊ ဒီနှစ်ကျတော့ လမ်းညွှန်ဆိုင်းဘုတ်တင်တဲ့ အဆင့်ပေါ့၊ အနုပညာရှင်တွေကိုပါ ပါဝင်ရင်းနှီးဖို့ ခေါ်ထားသေးတယ် ဘယ်သူမှစိတ်မဝင်စားပါဘူး၊ မီးတောင် မရှိသေးဘူး”လို့ ဒီအကြောင်းကို သိရှိထားသူ ရုပ်ရှင်အစည်းအရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ရုပ်ရှင်၊ဗီဒီယိုရိုက်ကူးထုတ်လုပ်မှုတွေ ကျဆင်းသွားခဲ့ပြီး အာဏာသိမ်းမှုကို လက်မခံတဲ့ အနုပညာရှင်အများစုဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပြီး အချို့ဟာ လွတ်မြောက်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။