AA ထိုးစစ်ကို ခုခံနိုင်ဖို့အတွက် ချောင်းဝတောင်ပေါ်မှာ စစ်ကောင်စီက လေယာဉ်ကွင်းအသစ် တည်ဆောက်နေ
ဧရာဝတီတိုင်းအတွင်းကို ထိုးဖောက်ဝင်ရောက်လာနေတဲ့ အာရက္ခတပ်တော် AAရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့အတွက် ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ချောင်းဝတောင်ပေါ်မှာ စစ်ကောင်စီက လေယာဉ်ကွင်းအသစ်တစ်ခုကို အရေးပေါ်ဖောက်လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ငရုတ်ကောင်း-ဂေါ်ရန်ဂျီလမ်းမအနီး တည်ဆောက်ဆဲဖြစ်တဲ့ ပေ ၁၂၈၀ ရှိတဲ့ ချောင်းဝတံတားအနီး တောင်ပေါ်မှာ လေယာဉ်ကွင်းတစ်ခုကို အရေးပေါ် တည်ဆောက်နေတာပါ။
“ဘောမိကျသွားပြီးကတည်းက လေယာဉ်ကွင်းကို အမြန်လာဖောက်တာ၊ မြေနေရာနဲ့ ပတ်သက်ပြီး ဘယ်သူမှ မပြောရဲဘူး၊ အနားကိုလည်း ဒေသသူတွေ သွားလို့မရဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် AA ထိုးစစ်ဝင်ရောက်မလာရေးအတွက် ငရုတ်ကောင်းတောင် စစ်ဆေးရေးဂိတ်မှာလည်း တင်းကြပ်စွာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတည်ဆောက်နေတဲ့ လေယာဉ်ကွင်းအသစ်ဟာ ကိုဩဒိနိတ် 16.533468, 94.287394 အနီးမှာရှိပါတယ်။
အာရက္ခတပ်တော် AA ဟာ ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်အကြားမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။