အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ ညအပူချိန်တွေ ဆက်လက်ကျဆင်းမယ် “ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”

Published on Jan 31, 2025

“ညအပူချိန်များ”

 

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်တို့မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီ စင်တီဂရိတ်ကနေ ၃၅ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်ပြီး အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် အောက်မှာ ဆက်ရှိနေနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

 

အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တို့မှာ  နေ့အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် ကျော်ရုံသာမြင့်တက်ပြီး ညအပူချိန် ဆက်လက်ကျဆင်းကာ အအေးပိုနေဦးမှာဖြစ်တယ်လို့ သူက ခန့်မှန်းထားပါတယ်။

 

ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်နဲ့ တနင်္သာရီတိုင်းမှာ ၂ ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး ရန်ကုန်တိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ ဧရာဝတီတိုင်း၊ ကရင်နီ(ကယား)ပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ ၃ ဒီဂရီစင်တီဂရိတ်ကနေ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ပါတယ်။

 

“ထူးခြားညအပူချိန်များ”

 

ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ အနုတ် ၁ ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လားရှိုးမြို့မှာ ၉ ဒီဂရီစင်တီဂရိတ်၊ တောင်ကြီး၊ စစ်တွေနဲ့ လွိုင်ကော်မြို့တို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့မှာ ၁၁ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ မုံရွာနဲ့ မကွေးမြို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန် ဖြစ်ပေါ်ခဲ့ပါတယ်။

 

“မြို့ကြီးများ ညအပူအချိန်”

 

ဒီကနေ့ ညနေပိုင်းကနေ မနက်ဖြန် ညနေပိုင်းအထိ နေပြည်တော်မှာ ၁၆ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၂၁ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၅ ကနေ ၃၃ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။

 

ဒါ့အပြင် ထားဝယ်မြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ မော်လမြိုင်မြို့နဲ့ ဘားအံမြို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့နဲ့ ပုသိမ်မြို့တို့မှာ ၂၀ ဒီဂရီစင်တီဂရိတ်အထိ ဖြစ်ပေါ်နိုင်ပါတယ်။

 

“ဒီကနေ့ညနေအထိ အခြေအနေ”

 

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။

 

မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ ရခိုင်ပြည်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပါမယ်။

 

ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကချင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာသာ မိုးရွာနိုင်ခြေရှိပြီး ကျန်ဒေသအားလုံးမှာ မိုးရွာခြေမရှိဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး ကပ္ပလီ ပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

 

မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိပါမယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

 

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်ပါတယ်။

 

Source – စစ်ကောင်စီမိုးဇလ

 

Related News

Depend on news