၁၂ နှစ်တစ်ကြိမ်ကျင်းပတဲ့ အိန္ဒိယ အပြစ်လွတ်ရေချိုးပွဲတော်မှာ လူတိုးမှုကြောင့် ခုနစ်ဦးထက်မနည်း သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ ၁၂ နှစ်တစ်ကြိမ် ကျင်းပနေတဲ့ မဟာကမ်ဘမယ်လာပွဲတော်လို့ခေါ်တဲ့ အပြစ်လွတ်ရေချိုးပွဲတော်မှာ လူတိုးမှုကြောင့် အနည်းဆုံးလူခုနစ်ဦးသေဆုံးတဲ့အပြင် ၁၀ ဦးဝန်းကျင် ဒဏ်ရာရခဲ့တယ်လို့ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြောဆိုပါတယ်။
ဒီကနေ့ဟာ ခြောက်ပတ်ကြာကျင်းပတဲ့ ဟိန္ဒူပွဲတော်ရဲ့ အထွဋ်အမြတ်နေ့ဖြစ်ပြီး သန်းနဲ့ချီတဲ့ လူတွေဟာ “သန့်စင်သောရေချိုးခြင်း” အတွက် စုရုံးခဲ့ကြတာလည်းဖြစ်ပါတယ်။
ဒီကနေ့မနက်ပိုင်း ဒေသစံတော်ချိန် မနက် ၁ နာရီဝန်းကျင်မှာဖြစ်ခဲ့တဲ့လူတိုးမှုဟာ ပြင်းထန်မှုမရှိဘူးလို့ အရာရှိတွေက ပြောပေမဲ့ လူတိုးမှုဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
မျက်မြင်သက်သေတွေကတော့ လူတိုးမှုကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားနေတဲ့ ဘာသာရေးခရီးသွားတွေဟာ ထွက်ပေါက်တစ်ခုမှာ နောက်ထပ်လူတိုးမှု တစ်ခုနဲ့ ကြုံခဲ့ရကြောင်း၊ အဲဒီနောက် ဗောတံတားတွေဆီပြန်သွားပြီး နောက်ထပ်ထွက်ပေါက်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ အာဏာပိုင်တွေက ပိတ်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
“လူအုပ်ထဲမှာ လူတွေက လဲကျပြီး လူအုပ်က နင်းမိနေတာကို မြင်ခဲ့ရပါတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေက လမ်းပျောက်ပြီး အကူအညီတောင်းနေတာကိုလည်း တွေ့ရတယ်” လို့ မွမ်ဘိုင်းမြို့ကနေ ပွဲတော်ကို လာရောက်တဲ့ ဘာသာရေးခရီးသွား ရာဗင်က ပြောပါတယ်။
အရာရှိတွေကတော့ အရေးပေါ်အခြေအနေတွေမှာ ခေါ်ယူလေ့ရှိတဲ့ အထူးတပ်ဖွဲ့ (RAF) ကို အခြေအနေထိန်းချုပ်ဖို့နဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် နာရန်ဒရာမိုဒီကလည်း အူတာပရာဒက်ရှ်ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒစ်ယာနတ်နဲ့ စကားပြောဆိုခဲ့ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်ဆောင်ဖို့ပြောဆိုခဲ့တယ်လို့ ANI သတင်းဌာနက ဖော်ပြပါတယ်။
မစ္စတာအဒစ်ယာနတ်က လူတွေကို ပွဲတော်ကျင်းပရာ မြစ်သုံးစင်းပေါင်းစုံရာနေရာကို ရောက်ဖို့ ကြိုးစားမယ့်အစား အနီးဆုံးမြစ်ကမ်းတွေမှာပဲ ရေချိုးဖို့ တိုက်တွန်းပြောဆိုပါတယ်။
“အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာပြီး စီစဉ်ထားမှုတွေမှာ ပူးပေါင်းပါဝင်ကြပါ။ လူတွေဟာ Sangam (မြစ်သုံးစင်းပေါင်းဆုံရာ) က မြစ်ကမ်းတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ရေချိုးနေကြပါတယ်” လို့ လူမှုကွန်ရက် X မှာ သူက ရေးသားပါတယ်။
ဟိန္ဒူဘာသာဝင်တွေဟာ ဂင်္ဂါ၊ ယမုံနာနဲ့ ဒဏ္ဍာရီလာ မမြင်ရတဲ့ သရဗတီမြစ်တို့ ပေါင်းဆုံရာနေရာမှာ ရေချိုးပါက အပြစ်တွေကနေလွတ်မြောက်ပြီး မွေးဖွားခြင်းနဲ့ သေဆုံးခြင်း သံသရာကနေ လွတ်မြောက်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။
လူသားတွေရဲ့ အကြီးမားဆုံး စုဝေးပွဲဖြစ်တဲ့ ဟိန္ဒူပွဲတော်မှာ နေ့စဉ်နေ့တိုင်း သန်းနဲ့ချီတဲ့ လူအုပ်ကြီး စုရုံးလျက်ရှိပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း လူပေါင်း ၁၄၈ သန်းဝန်းကျင် ရေချိုးပွဲတော်ကို ပါဝသ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီပွဲတော်ကို ကာကွယ်ရေးဝန်ကြီး ရဒ်နတ်ဆင်းဂ်၊ ပြည်ထဲရေးဝန်ကြီး အာမစ်ရှား၊ အဒါနီအုပ်စုရဲ့ ဥက္ကဋ္ဌ ဂူတန်အဒါနာရီ၊ Coldplay ဂီတဖွဲ့က ခရစ်မာတင်၊ နာမည်ကျော်မင်းသမီး ဒါကိုတာဂျွန်ဆင်တို့အပါအဝင် နာမည်ကြီးပုဂ္ဂိုလ်အများအပြားလည်း တက်ရောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီလည်း နောက်လ ဖေဖော်ဝါရီလထဲမှာ ပွဲတော်ကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။
အာဏာပိုင်တွေဟာ ဒီကနေ့မှာတော့ ပရာယာဂ်မှာရှိတဲ့ ယာယီမြို့ငယ်လေးမှာ လူဦးရေ သန်း ၁၀၀ ဝန်းကျင်စုရုံးနိုင်တယ်လို့ တွက်ဆထားပြီး အခုလိုလာစုရုံးတာက နှစ်ပေါင်း ၁၄၄ နှစ်အတွင်း ထူးခြားတဲ့ နက္ခတ်တာရာ တည်နေရာတွေကြောင့် အထွဋ်အမြတ်နေ့အဖြစ် သတ်မှတ်ထားတဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။
လူတိုးမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ သူတော်စင်တွေ ရဟန်းတွေ ဦးဆောင်မယ့် ‘Sahi Snan’ (တော်ဝင်ရေချိုးခြင်း) ကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ ရဟန်းတွေနဲ့ ဆရာတော်တွေ ‘snan’ (ရေချိုးခြင်း) အတွက် အသင့်ရှိနေတုန်းမှာပဲ ဒီဖြစ်ရပ်ကို လာအသိပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေရဲ့ ‘snan’ ကိုရပ်ဆိုင်းလိုက်ရပါတယ်” လို့ ရဟန်း ရာဗင်ဒြာပူရီက ဆိုပါတယ်။
အာဏာပိုင်တွေဟာ များပြားလှတဲ့ လူအုပ်ကြီးကို စီစဉ်နေရာချဖို့အတွက် လုံခြုံရေးနဲ့ ဆေးဘကျိုင်ရာ ဝန်ထမ်းတွေ ပိုမိုထားရှိတာ၊ အထူးရထားနဲ့ ဘတ်စ်ကားတွေ စီစဉ်ပေးတာအပြင် ဉာဏ်ရည်တု နည်းပညာ (AI) ဆော့ဝဲလ်တွေပါ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ ပွဲတော်မှာ အလားတူ လူတိုးမှုကြောင့် အမျိုးသမီးအများစုအပါအဝင် ဘုရားဖူး ၃၆ ဦးသေဆုံးခဲ့ရပါတယ်။
ဓာတ်ပုံ- Reuters
ပုံစာ- မဟာကမ်ဘမယ်လာ ပွဲတော်ကိုပါဝင်ဆင်နွှဲရင်း လူတိုးမှုဖြစ်ပွားပြီးနောက် မြင်ကွင်းများကိုတွေ့မြင်ရစဉ်
ကိုးကား- Reuters