ရခိုင်-ဧရာဝတီအစပ်က AA သိမ်းထားတဲ့ ပွိုင့် ၂၆၃ စခန်းမှာ တိုက်ပွဲပြင်းထန်နေ
အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ရခိုင်-ဧရာဝတီအစပ်က ပွိုင့်-၂၆၃ စခန်းကို စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယမန်နေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ် ၁ နာရီခန့်မှာ လေကြောင်းအပြင် လက်နက်ကြီးပစ်ကူတွေနဲ့ စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်လာတာလို့ AA က ဆိုပါတယ်။
အဲဒီ ပွိုင့်-၂၆၃ စခန်းကို ပြီးခဲ့တဲ့ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်မှာ AA က အပြီးသတ်သိမ်းပိုက်ခဲ့သလို ပွိုင့်-၃၆၉ စခန်းကိုလည်း ဇန်နဝါရီလ ၂၁ ရက်နေ့က သိမ်းပိုက်ထားတယ်လို့ AA ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ရခိုင်-ပဲခူးအစပ် ရခိုင်ရိုးမတောင်တန်းပေါ်ရှိ တောင်ကုတ်မြို့နယ်က စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကိုလည်း ငါးရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုးထိတောင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းနဲ့ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
အာရက္ခတပ်တော် AA က ဧရာဝတီတိုင်းထဲထိ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လာနေတာကြောင့် AA နဲ့ပူးပေါင်းတပ်တွေ ဝင်လာနိုင်ချေရှိတဲ့နေရာတွေမှာ စစ်ကောင်စီဘက်က ခံစစ်ပြင်ထားတာတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်မြို့နယ်တွေမှာလည်း လုံခြုံရေးတိုးမြှင့် ချထားတာတွေရှိသလို အဲဒီမြို့နယ်တွေနဲ့ ရွှေသောင်ယံ၊ ချောင်းသာ စတဲ့ AA ထိုးစစ်နီးကပ်နေတဲ့ မြို့နယ်တွေက အုပ်ချုပ်ရေးမှူးတွေအပြင် ရာအိမ်မှူးတွေကိုပါ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတယ်လို့လည်း သိရပါတယ်။
“ချောင်းသာက အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေကို သေနတ်ပေးကိုင်ထားတယ်။ စစ်သင်တန်းလည်း ပေးနေတယ်” လို့ ဒီအကြောင်းသိရှိထားတဲ့ ပုသိမ်မြို့ခံ ကိုညီညီက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ပုသိမ်က ပြည်သူ့စစ်တွေထဲ အသက်ငယ်တဲ့သူတွေကိုလည်း အကြမ်းဖက်နှိမ်နင်းရေး ကွန်မန်ဒိုဆိုပြီး အထူးသင်တန်း ထပ်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ဧရာဝတီ၊ ပဲခူး၊ မကွေး တိုင်းတွေထဲ တပြိုင်ထဲ ထိုးစစ်ဆင်ဝင်ရောက်နေပြီး အမ်း-ပဒါန်းကားလမ်းပေါ်ရှိ မကွေးတိုင်း ငဖဲမြို့နယ်က ဂုတ်စီးရိုးကျေးရွာအနီး မနေ့က ဇန်နဝါရီ ၂၇ ရက်နေ့က AA နဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဂုတ်စီးရိုးကျေးရွာဘက်ကို ဆုတ်ခွာထွက်ပြေးသွားတာကြောင့် AA က လိုက်လံရှင်းလင်းခဲ့ပြီး လက်နက်အချို့နဲ့ အလောင်းအချို့ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်တွေမြို့ အနီးဝန်းကျင်မှာလည်း လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းတွေနဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – ရခိုင်-ဧရာဝတီ အစပ် တိုက်ပွဲတွေမှာတွေ့ရတဲ့ AA တပ်ဖွဲ့ဝင်များ