တောင်ကိုရီးယားလေယာဉ်ပျက်ကျမှု ကနဦးတွေ့ရှိချက် ထုတ်ပြန်

Author CJ Platform
Categories
Published on Jan 27, 2025

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ ဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုရဲ့ ကနဦးတွေ့ရှိချက် အစီရင်ခံစာကို တောင်ကိုရီးယားအာဏာပိုင်တွေက  ကုလသမဂ္ဂလေကြောင်းအဖွဲ့အစည်းအပြင် အမေရိကန်၊ ပြင်သစ်နဲ့ ထိုင်းအာဏာပိုင်တွေဆီကို ပို့ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ အသိပေးပါတယ်။

 

တောင်ကိုရီးယားနိုင်ငံရဲ့ လူအသေအပျောက် အများဆုံးဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးဆေးနေဆဲဖြစ်ပြီး ဒီကနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ ငှက်တွေကို ဝင်တိုက်မိနိုင်တာ၊ အင်ဂျင်တွေကို ခွဲခြမ်းစိတ်ဖြာ စစ်ဆေးတာနဲ့ လေယာဉ်ဆင်းသက်ဖို့ အထောက်အကူပြုစနစ် ဖြစ်တဲ့ “Localizer” တွေမှာ ချို့ယွင်းချက်တွေရှိမရှိ အဓိကထားပြီး စစ်ဆေးထားတာဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီစုံစမ်းစစ်ဆေးမှုတွေ အားလုံးဟာ မတော်တဆမှုရဲ့ တိကျတဲ့အကြောင်းအရင်းကို အဆုံးအဖြတ်ပေးနိုင်ဖို့ ရည်ရွယ်တာပါ” လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း ဖွံ့ဖြိုးရေးအဖွဲ့ (ICAO) က မတော်တဆမှု စုံစမ်းစစ်ဆေးသူတွေကို အခင်းဖြစ်ပွားပြီး ရက် ၃၀ အတွင်းမှာ ကနဦးစုံစမ်းစစ်ဆေးမှု အစီရင်ခံစာထုတ်ပြန်ဖို့နဲ့  မတော်တဆမှုနဲ့ပတ်သက်တဲ့ နောက်ဆုံးအစီရင်ခံစာကို  ၁၂ လ အတွင်းမှာ လူထုကိုတရားဝင်ထုတ်ပြန်ပေးဖို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ တောင်ကိုရီးယားနိုင်ငံ မွမ်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဦးတည်ပျံသန်းလာတဲ့ ဘိုးရင်း ၇၃၇-၈၀၀ ဂျက်လေယာဉ်ဟာ လေဆိပ်ကို ဆင်းသက်စဉ်မှာ လေယာဉ်ဝမ်းဗိုက်ပိုင်းနဲ့ အရေးပေါ်ဆင်းသက်ခဲ့ရပြီး ‌ပြေးလမ်းကြောင်းအဆုံးက အကာအရံကို ဝင်တိုက်မိတာကြောင့် လေယာဉ်ပေါ်ပါလာတဲ့သူ ၁၈၁ ဦးမှာ လေယာဉ်ဝန်ထမ်း နှစ်ဦးကလွဲရင် ကျန်တဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းအားလုံး သေဆုံးခဲ့ပါတယ်။

 

ကျွမ်းကျင်သူတွေကတော့ “Localizer” တွေကို အသုံးပြုဖို့အတွက် လိုအပ်တဲ့ အထူးအန်တနာ (Antenna) တွေ လိုအပ်ပြီး အန်တနာတွေကို ကွန်ကရစ်တွေ မြေကြီးတွေနဲ့ အောက်ကခံပြီး ခပ်မြင့်မြင့် တည်ဆောက်ထားတာကြောင့် အဲဒီလို တည်ဆောက်ထားတဲ့ပုံကပဲ  လေယာဉ်ကို ပျက်ကျစေတာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

 

အစီရင်ခံစာဟာ လေယာဉ်မှူးတွေရဲ့ နောက်ဆုံးဆင်းသက်ကာနီးမှာ ငှက်တစ်အုပ်ကို တွေ့ရတဲ့အကြောင်း ဆွေးနွေးပြောဆိုထားချက် အပါအဝင် တောင်ကိုရီးယား စုံစမ်းစစ်ဆေးသူ‌တွေက မတော်တဆမှုမှာ သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ ၂၅ ရက်မှာ တွေ့ဆုံမေးမြန်းထားချက်တွေအပေါ်အခြေခံပြီး ကနဦးတွေ့ရှိထားချက်တွေကို အလေးပေးဖော်ပြထားတယ်လို့ ဆိုပါတယ်။

 

လေယာဉ်ကို ငှက်အုပ်ကဝင်တိုက်ခဲ့တယ်ဆိုတဲ့ အချိန်အတိအကျကိုတော့ အစီရင်ခံစာမှာ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမဲ့ လေယာဉ်ဟာ ဆင်းသက်ဖို့ လှည့်ပတ်ပျံသန်းနေစဉ်မှာ ငှက်အုပ်ကိုဝင်တိုက်ခဲ့မှုအတွက် အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

“လေယာဉ်ရဲ့ အင်ဂျင်နှစ်လုံးစလုံးကို စစ်ဆေးပြီးပါပြီ၊ ငှက်မွေးတွေနဲ့ ငှက်သွေးစက်တွေကို အင်ဂျင်တစ်လုံးချင်းစီတိုင်းမှာ တွေ့ရပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

“လေယာဉ်ဟာ (ပြေးလမ်းအဆုံးက) အကာအရံကို ဝင်တိုက်မိပြီးနောက်မှာ မီးလောင်တာနဲ့ တချို့နေရာတွေမှာ ပေါက်ကွဲတာတွေဖြစ်ခဲ့ပါတယ်။ လေယာဉ်အင်ဂျင်နှစ်လုံးစလုံးကလည်း အကာအရန်ရဲ့ မြေကြီးထဲမှာ နစ်မြုပ်နေပါတယ်။ လေယာဉ်ကိုယ်ထည်အရှေ့ပိုင်းကလည်း အကာအရန် နံရံကနေ မီတာ ၃၀ ကနေ ၂၀၀ လောက်အထိ လွင့်ထွက်သွားပါတယ်” လို့လည်း အစီရင်ခံစာမှာ ဆက်ပြီးဖော်ပြထားပါတယ်။

 

ဒါပေမဲ့ လေယာဉ်မှူးတွေဟာ အရေးပေါ်အခြေအနေ (မေဒေး) မကြေညာခင်မှာ အချက်အလက်အသံဖမ်းစက်နှစ်ခုစလုံးကို တစ်ပြိုင်တည်း ဘာကြောင့် ပိတ်ပစ်လိုက်ရသလဲ ဆိုတာကိုတော့ အစီရင်ခံစာမှာ ဖော်ပြထားခြင်းမရှိပါဘူး။

 

လေယာဉ်က အမြင့်ပေ ၄၉၈ ပေ (၁၅၂ မီတာ) မှာ ရေမိုင် ၁၆၁ မိုင် (တစ်နာရီကို ၂၉၈ ကီလိုမီတာ သို့မဟုတ် ၁၈၅ မိုင်) နှုန်းနဲ့ ပျံသန်းနေစဉ်မှာ လေယာဉ်ရဲ့ အသံဖမ်းစက် Black box တွေဟာ အသံဖမ်းယူမှု ရန်တန့်သွားခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

ဓာတ်ပုံ – Chung Sung-Jun/Getty Images

 

ပုံစာ- လေယာဉ်ပျက်ကျပြီးနောက် မီးငြှိမ်းသတ်နေကြတဲ့ မီးသတ်သမားတွေကို ဒီဇင်ဘာ ၃၀ ရက်နေ့က ‌တွေ့မြင်ရစဉ် (ပုံအဟောင်း)

 

ကိုးကား- Reuters

 

Related News

Depend on news