တာလီဘန်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ် တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်နှစ်ဦးကို အမျိုးသမီးတွေကို ဖိနှိပ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ ရှေ့နေချုပ်က တောင်းဆိုထားတယ်လို့ ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အသိပေးထားပါတယ်။
ကျားမအခြေပြု နှိပ်စက်ညှင်းပန်းမှုတွေအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ တာလီဘန်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် ဟီဘာတူလ်လာအက်ခွန်ဇာဒါ နဲ့ အာဖဂန်တရားရုံးချုပ်အကြီးအကဲ အက်ဒူလ်ဟာကင်ဟာကွာနီတို့အတွက် ဖမ်းဝရမ်းတွေကို အတည်ပြုပေးဖို့ တရားသူကြီးတွေကို တောင်းဆိုခဲ့တယ်လို့ ICC ရဲ့ရှေ့နေချုပ် ကာရင်ခန်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပြင် လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBTQI+) အသိုင်းအဝန်းဟာ တာလီဘန်တွေရဲ့ မကြုံစဖူး၊ အသိဉာဏ်မဲ့ပြီး ဆက်တိုက် နှိပ်စက်ညှဉ်းပန်းမှုတွေ ရင်ဆိုင်နေရတာကို ဒီလျှောက်လွှာတွေက အသိအမှတ်ပြုတာဖြစ်ပါတယ်”လို့ မစ္စတာခန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တွေက အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးနောက်ပိုင်းကစလို့ အတန်းပညာခြောက်တန်းထက် ပိုတတ်မြောက်တဲ့ အမျိုးသမီးတွေကို လုပ်ငန်းခွင်တွေ၊ အများသူငှာသွားလာခွင့်ရှိတဲ့နေရာ အများစုတွေကို သွားရောက်လုပ်ကိုင်ခွင့် တားမြစ်ခဲ့သလို ပညာဆက်လက်သင်ယူခွင့်ကိုလည်း တားမြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း အမျိုးသမီးတွေ ရပ်ပြီး ဒါမှမဟုတ် ထိုင်ပြီး အပြင်ဘက်ကို ငေးကြည့်လို့မရအောင် အဆောက်အအုံတွေမှာ ပြတင်းပေါက်တွေ ထည့်သွင်းဆောက်လုပ်တာကို အက်ခွန်ဇာဒါက တားမြစ်ထားပါတယ်။
လက်ရှိဖဝရမ်းကိစ္စအတွက် တာလီဘန်အစိုးရဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးဘူးလို့ AP သတင်းဌာနက ဖော်ပြပါတယ်။
တာလီဘန်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်မဲ့ ICC ရဲ့လုပ်ရပ်ကို လူ့အခွင့်အရေးအဖွဲ့တွေကတော့ ချီးကျူးထောက်ခံကြပါတယ်။
“ပညာရေးသင်ယူခွင့်ပိတ်ပင်တာနဲ့ အမျိုးသမီးအခွင့်အရေးအတွက် ပြောဆိုသူတွေကို ဖိနှိပ်မှုတွေ အပါအဝင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်မှုတွေဟာ လုံးဝအပြစ်ပေးရေးယူခံရခြင်းမရှိဘဲ ပိုပိုပြီး များလာနေပါတယ်။ အာဖဂန်နစ္စတန်မှာ တရားမျှတမှု လုံးဝမရှိတဲ့အတွက် အခုလိုမျိုး ဝရမ်းတောင်းခံခြင်းက တာဝန်ခံရမှုကို စဉ်းစားနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ လမ်းကြောင်းတစ်ခုဖြစ်လာပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ နိုင်ငံတကာတရားမျှတမှုဆိုင်ရာ ဒါရိုက်တာ လစ်ဇ်အီဗန်ဆန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ဖော်ပြပါတယ်။
အခုလိုမျိုး LGBTQ+ အသိုင်းအဝိုင်းအပေါ် တိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ သတ်မှတ်ခံရတာဟာ ICC ရဲ့ သမိုင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့မှာ အခြေစိုက်တဲ့ ICC တရားရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အာဖဂန်နစ္စတန်အပေါ်စုံစမ်းစစ်ဆေးမှုတွေ ပြန်လည်ဖွင့်လှစ်လုပ်ဆောင်ပေးဖို့ ရှေ့နေတွေရဲ့ တောင်းဆိုချက်ကို အတည်ပြုလက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အာဖဂန်အစိုးရ တာလီဘန်တွေက စုံစမ်းစစ်ဆေးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ အကြောင်းပြန်ခဲ့တဲ့အတွက် စုံစမ်းမှုတွေကို ဆိုင်းငံ့ထားတာလည်း ဖြစ်ပါတယ်။
မစ္စတာခန်းကတော့ တာလီဘန်တို့ရဲ့လက်အောက်မှာ စစ်မှန်ပြီးထိရောက်တဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှုတွေ မရှိတော့တာကြောင့် စုံစမ်းရေးကော်မရှင်ကို ပြန်ပြီး ဖွင့်လှစ်လုပ်ဆောင်လိုတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တာလီဘန်တွေနဲ့ အစ္စလာမ်မစ်နိုင်ငံတော် (ISIS) အုပ်စုရဲ့ အာဖဂန်နစ္စတန်က အဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကိုပဲ အာရုံစိုက်လုပ်ဆောင်မဲ့ မစ္စတာခန်းရဲ့ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တချို့ကတော့ ဝေဖန်ကြပါတယ်။
မစ္စတာခန်းကတော့ အမေရိကန်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုလိုမျိုး တခြားစုံစမ်းစစ်ဆေးမှုတွေကိုလည်း အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မစ္စတာခန်းရဲ့ ရှေ့မှာ ICC ရဲ့ ရှေ့နေချုပ်တာဝန်ယူခဲ့တဲ့ ဖာတိုဘန်ဆိုဒါသာ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေပြီး အမေရိကန် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့တွေ၊ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ အာဖဂန်အစိုးရဖြစ်တဲ့ တာလီဘန်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို စစ်ဆေးကြည့်ရှုဖို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ခွင့်ပြုမိန့်ရခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်တွေရဲ့ လုပ်ရပ်အပေါ် စစ်ဆေးဖို့ဆုံးဖြတ်ခဲ့တဲ့ မစ္စတာ ဘန်ဆိုဒါအပေါ် ပြီးခဲ့တဲ့ထရမ့်အစိုးရလက်ထက်မှာ သူ့အပေါ် အရေးယူပိတ်ဆို့တာ လုပ်ခဲ့သလို သူ့ရဲ့ ရာထူးကလည်း ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးသွားပါတယ်။
ဖမ်းဝရမ်းတောင်းခံမှုအပေါ် တရားသူကြီးတွေ ဆုံးဖြတ်ချက်ချဖို့ အချိန်ကန့်သတ်ထားခြင်းမရှိပေမဲ့ ပုံမှန်အားဖြင့် ဆုံးဖြတ်ချက်ချဖို့ လေးလဝန်းကျင် ကြာမြင့်တတ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ရုရှားစမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖမ်းဝရမ်းတောင်းခံမှု အတည်ပြုဖို့ အချိန်သုံးပတ်သာကြာမြင့်ပေမဲ့ ယမန်နှစ် ၂၀၂၄ ခုနှစ်မှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုရဲ့ ဖမ်းဝရမ်းကို အတည်ပြုဖို့ကတော့ အချိန် ခြောက်လကြာမြင့်ခဲ့ပါတယ်။
ဓာတ်ပုံ- AP Photo
ပုံစာ- အာဖဂန်နစ္စန်နိုင်ငံ ကဘူးလ်မြို့မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လက်ခံရယူဖို့စောင့်နေတဲ့ အမျိုးသမီးတန်းရှေ့မှာ တာလီဘန်စစ်သားတစ်ဦးကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်ကတွေ့မြင်ရစဉ် (ပုံအဟောင်း)
ကိုးကား – AP News