အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အပစ်ခတ်ရပ်စဲပြီး ဓားစာခံတွေ စတင်လဲလှယ်

Author CJ Platform
Categories
Published on Jan 20, 2025

အစ္စရေးနဲ့ ဟားမက်စ်တို့အကြားက ၁၅ လကြာစစ်ပွဲဟာ ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ စပြီးအသက်ဝင်တဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ အဆုံးသတ်ခဲ့ပြီး ဓားစာခံတွေ အပြန်အလှန်လဲလှယ်ခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အတိုင်း ပထမဦးဆုံးအသုတ်အနေနဲ့ ဟားမက်စ်တွေဘက်က အစ္စရေး အမျိုးသမီးဓားစာခံ သုံးဦးကို လွှတ်ပေးခဲ့သလို အစ္စရေးဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား အယောက် ၉၀ ကို လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အမှန်တကယ် အပစ်ခတ်ရပ်စဲခဲ့ကြတာကြောင့် အစ္စရေးနဲ့ ဂါဇာဒေသ နှစ်ဘက်စလုံးမှာ အောင်ပွဲခံမှုတွေ ပြုလုပ်နေကြတယ်လို့လည်း သိရပါတယ်။

 

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာ ပြန်လည်လွတ်မြောက်လာတဲ့ အစ္စရေး ဓားစာခံသုံးဦးက မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့ဆုံခဲ့ကြပြီး လူတွေက အောင်ပွဲခံခဲ့ကြသလို ဂါဇာဒေသ အနောက်ဘက်ကမ်းခြေက ရာမယ်လာမြို့မှာလည်း အစ္စရေးလက်ထဲက  လွတ်မြောက်လာတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ အမျိုးသမီး ၆၉ ဦးနဲ့ ဆယ်ကျော်သက် ၂၁ ဦးအတွက် အောင်ပွဲခံ ကြိုဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

 

အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ တိုက်ခိုက်မှုတွေကို လုံးဝရပ်တန့်ဖို့၊ ဂါဇာဒေသကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ဖို့နဲ့ ကျန်ရှိနေသေးတဲ့ အစ္စရေး ဓားစာခံတွေကို လာမယ့်ရက်တွေမှာ ထပ်မံလွှဲပြောင်းပေးဖို့ အစ္စရေးနဲ့ ဟားမက်စ်တို့ကြား သဘောတူညီထားတာလည်း ဖြစ်ပါတယ်။

 

ဒါပေမဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရေရှည်တည်တံ့နိုင်ဖို့နဲ့ ဂါဇာဒေသ အနာဂတ်အတွက် စိုးရိမ်မှုတွေလည်း ရှိနေကြဆဲဖြစ်ပါတယ်။

 

၁၅ လကြာ ဂါဇာဒေသစစ်ပွဲအတွင်း ဂါဇာဒေသရဲ့ နေရာအတော်များများဟာ အပျက်အစီးတွေအဖြစ် ပြောင်းသွားခဲ့သလို ဒေသခံအားလုံးနီးပါးဖြစ်တဲ့ လူဦးရေ ၂ ဒသမ ၃ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

 

လက်ရှိမှာတော့ နေရပ်ပြန် ပါလက်စတိုင်းတွေဟာ အပျက်အစီးတွေကြားထဲ သူတို့တွေရဲ့ ဘဝတွေ ပြန်လည်တည်ဆောက်ဖို့ စိန်ခေါ်မှုအများအပြားလည်း ရှိနေပါတယ်။

အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ဟာ အစ္စရေး နိုင်ငံရေးအပေါ်လည်း သက်ရောက်မှုတွေရှိခဲ့ပြီး အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာဗန်ဂျီဗာ အပါအဝင် သဘောထားတင်းမာတဲ့ ဝန်ကြီးတချို့က အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်က မလုံလောက်သေးဘူးဆိုပြီး ဝေဖန်ပြောဆိုကာ ရာထူးကနေ နုတ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

 

ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ဆိုပြီး အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရမ့်ကလည်း အပစ်ခတ်ရပ်စဲရေးကိစ္စမှာ အစ္စရေးဘက်က ထောက်ခံခဲ့ပြီး ဂါဇာဒေသကို ဟားမက်စ်တွေ ပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းလာနိုင်မှုတွေကို တားဆီးသွားမယ်လို့ ကတိပြုထားပါတယ်။

 

အစ္စရေးနဲ့ ဟားမက်စ်တို့အကြား ၁၅ လကြာစစ်ပွဲအတွင်းမှာ အစ္စရေးဘက်က ၁၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး  ဂါဇာဒေသမှာတော့ ပါလက်စတိုင်းဒေသခံ ၄၇,၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အပစ်ခတ်ရပ်စဲရေးပထမအဆင့်ဟာ ခြောက်ပတ်တာ ကြာမြင့်မှာဖြစ်ပြီး အဲဒီကာလအတွင်း ဟားမက်စ်တွေလက်ထဲမှာ ကျန်နေသေးတဲ့ အစ္စရေးဓားစာခံ ၁၀၀ ဝန်းကျင်ထဲက ၃၃ ဦးကို အစ္စရေးဘက်ကို လွှဲပြောင်းပေးရမှာလည်း ဖြစ်ပါတယ်။

 

အစ္စရေးဘက်ကလည်း အပြန်အလှန်အနေနဲ့ ပါလက်စတိုင်းအကျဉ်းသား ၂,၀၀၀ ဝန်းကျင်ကို ပြန်လည်လွှတ်ပေးရမှာဖြစ်သလို ဂါဇာဒေသမှာ အရေးပေါ်လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဝင်ရောက်ခွင့်ပြုရမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Reuters

 

ပုံစာ- ဟားမက်စ်တွေလက်ထဲက ပြန်လည်လွတ်မြောက်လာတဲ့ အစ္စရေး အမျိုးသမီးဓားစာခံသုံးဦးဟာ မိသားစုဝင်တွေနဲ့အတူ ပြန်ဆုံကြပုံကို ယမန်နေ့ ဇန်နဝါရီ ၁၉ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- Reuters