“ကပ်ခွာ သမိုင်းတို”

Published on Jan 20, 2025

“ရာသီလာတယ်” ဆိုတာနဲ့ ရာသီသွေးအကြောင်းကို လူအတော်များများ မပြောချင်ကြပါဘူး။ အများစု လက်ခံထားကြတာက ဒီကိစ္စက သိုဝှက်ရတယ်၊ အတွင်းပဲ သိရမယ်၊ ကိုယ့်ကိုယ်ကိုယ် စီမံနိုင်ရမယ်ဆိုပြီးပါ။ နောက်တစ်ချက်က ဒါကို ရှက်ဖွယ်လို့ သတ်မှတ်ထားကြလို့ပါ။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်၀န်းနဲ့ ပတ်သက်ပြီး ဒီနှစ်ပိုင်းအတွင်းမှာ သိသိသာသာ အလေးပေးဂရုပြုလာကြတာ သတိထားမိကြမှာပါ။ ဒါကလဲ ကောင်းတဲ့ အချက်လို့ ဆိုရပါမယ်။ ဒါပေမဲ့ လွယ်လင့်တကူ ထုတ်ဖော်ပြောဆိုနေကြတာမျိုးတော့ မဟုတ်သေးပါဘူး။ အမျိုးသမီးတွေအတွက် ကပ်ခွာ (Menstrual Pad)၊ တမ်ပွန် (Tampon)၊ ခွက် (Menstrual Cup) က ပုံမှန်သုံးစွဲနေကြရတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒါဆိုရင် အရင့်အရင်က အမျိုးသမီးတွေ၊ သမိုင်းထဲက အမျိုးသမီးတွေကရော သူတို့ရဲ့ ဓမ္မတာစက်၀န်းမှာ ဘာတွေ လုပ်ခဲ့ကြပါသလဲ ဆိုပြီး မေးစရာ ရှိလာပါတယ်။ အဖြေရှာလို့ရအောင် ဒီကနေ့ “သိစေချင်လို့” ဆိုတဲ့ ကဏ္ဍမှာ အမျိုးသမီးတွေ လစဉ်သုံးစွဲနေတဲ့ ကပ်ခွာရဲ့ သမိုင်းကြောင်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

အစောဆုံးကာလတွေကို ကြည့်လိုက်ရင် ဂရိနဲ့ ရောမကို ဦးတည်ရပါလိမ့်မယ်။ ရှေးဟောင်းယဉ်ကျေးမှုတွေ အမြောက်အမြားထွန်းကားခဲ့တဲ့ ဂရိနဲ့ ရောမမြို့က အမျိုးသမီးတွေဟာ သူတို့နည်း သူတို့ဟန်နဲ့ သစ်သားချောင်းကို ပိတ်ပါးစနဲ့ ပတ်ပြီး တမ်ပွန်အနေနဲ့ သုံးခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ညှစ်စုပ်အားကောင်းတဲ့ ခန္ဓာဗေဒရှိလို့ ရာသီလာရတာ ဖြစ်တယ်ဆိုပြီး ရှေးဟောင်း ဂရိဆေးမှတ်တမ်း‌တွေမှာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ ဒီအတွေးအယူကို မှီတည်ပြီး ဆေးစာ‌မှတ်တမ်းတွေ ထုတ်လာခဲ့ကြပါတယ်။ အီဂျစ်မှာဆိုရင် ကျူပင်ကို သုံးပြီး တမ်ပွန်လုပ်ခဲ့သလို စုပ်ယူမှုကောင်းတဲ့ စက္ကူစာရွက်၊ ရေညှိနဲ့ ကျွဲသားရေတွေကိုပါ သုံးခဲ့ကြတယ်လို့ ဆိုကြပါတယ်။

 

၁၈၀၀ ပြည့်နှစ် မတိုင်ခင်ကာလတွေမှာ အမျိုးသမီးတွေက သူတို့ရဲ့ ကပ်ခွာတွေကို အိမ်တွင်းပစ္စည်းတွေနဲ့ ပြုလုပ်သုံးစွဲခဲ့ကြပါတယ်။ အ၀တ်စ အပိုတွေကို ခံ၀တ်တာ၊ ဒါမှမဟုတ် အောက်ခံဂါ၀န်တွေ စိုချင်စိုပါစေ လွှတ်ချထားတာမျိုးက အဲဒီခေတ်အခါရဲ့ ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ဒီလိုမျိုး ပြောလို့ စင်ဒရဲလားလေးလို ဂါ၀န်အထပ်ထပ်၀တ်ကြရတာ၊ အောက်ဆုံးတစ်လွှာလောက် စွန်းရုံနဲ့ ဘာမှမဖြစ်ဘူး ပြောလို့ရလားဆိုရင် မရပါဘူး။ ဒီရာသီသွေး ပြဿနာက ခေတ်အချိန်အခါ တစ်ခုအထိ လွယ်ကူနေခဲ့တာ မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။

 

ဒါပေမဲ့ အဲဒီခေတ်အခါက အမျိုးသမီးတွေ၊ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ရာသီစက်၀န်း (ဓမ္မတာ) ဆိုတာက တစ်လတစ်ခါ လာတတ်တဲ့ မိတ်ဆွေ မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီခေတ် အမျိုးသမီးတွေက သူတို့ ဘ၀ရဲ့ တစ်၀က်လောက်ကို ကိုယ်ဝန်ရလိုက်၊ မီးဖွားလိုက်၊ ကိုယ်ဝန်ပြန်ရလိုက်နဲ့ သံသရာလည်နေခဲ့လို့ပါ။ နောက်ပြီး ခေတ်ကာလအခြေအနေအရ အစားအသောက်တွေ၊ နေထိုင်မှု‌ပုံစံတွေက ရာသီစက်၀န်းကို ဟန့်တားလိုက်သလို ဖြစ်သွားပါတယ်။ ဒီတော့ ရာသီလာတဲ့ အချိန်က နည်းသွားတယ်။ ရလဒ်က သိပ်အရေးစိုက်စရာ မလို‌လောက်အောင် “ကပ်ခွာ” ဆိုတာ မလိုသလောက်ကို ဖြစ်သွားတာပါ။

 

၁၉ ရာစုမှာတော့ စီးပွားရေးအခွင့်အလမ်း မြင်တဲ့သူတွေက အမျိုးသမီးတွေရဲ့ ရာသီချိန်မှာ ၀တ်ဖို့သီးသန့်ဆိုပြီး Sanitary Apron လို့ခေါ်တဲ့ ခါးပတ်ပါပြီး ထိုင်ချတဲ့အခါ အ၀တ်မစွန်းစေတဲ့ အရာကို စပြီး မိတ်ဆက်ခဲ့ပါတယ်။ ဒီတီထွင်မှုကနေစပြီး နောက်ပိုင်းမှာ စွန့်ပစ်နိုင်တဲ့ ချည်သားကပ်ခွာတွေကို ထုတ်လုပ်လာကြပါတယ်။ အဲဒီအချိန်မတိုင်ခင်က ထွက်ရှိခဲ့တဲ့ ချည်သားကပ်ခွာတွေကတော့ ပြန်ပြီး ဆေးကြောလျှော်ဖွတ်ဖို့၊ အခြောက်လှန်းဖို့ လိုအပ်ပါတယ်။

 

စွန့်ပစ်နိုင်တဲ့ ကပ်ခွာတွေအကြောင်းကို ပြောရင် ပထမကမ္ဘာစစ်ကို ပြန်သွားရပါလိမ့်မယ်။ ပထမကမ္ဘာစစ်အတွင်းက သူနာပြုတွေက ဒဏ်ရာတွေအတွက် သုံးတဲ့ ပတ်တီးက သာမန်ချည်တွေထက် သွေးကို ပိုပြီးစုပ်ယူနိုင်တယ်ဆိုတာ သိခဲ့ကြပါတယ်။ အဲဒီကနေစလို့ စီးပွားရေးလုပ်ငန်း‌ရှင်တွေက စပြီး စွန့်ပစ်နိုင်တဲ့ ကပ်ခွာတွေကို တီထွင်လာခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဆက်ပြီး တစ်မျိုးပြီး တစ်မျိုး ဖန်တီးလာခဲ့ကြတာ ဒီနေ့ခေတ် သုံးနေကြတဲ့ တမ်ပွန်တွေ၊ ခွက်တွေအထိပါ အရှိန်အဟုန်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ခေတ်သစ် ကပ်ခွာတွေက ပတ်၀န်းကျင်ကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတ်မတည့်တာတွေ ရှိလာတာကြောင့် ၂၀၁၇ ခုနှစ်ကနေ စလို့ သဘာ၀ပတ်၀န်းကျင်ကို မထိခိုက်ဘဲ ဘေးမဖြစ်စေတဲ့ ပစ္စည်းတွေကို အစားထိုး အသုံးပြုနေကြပါပြီ။

 

ဒါပေမဲ့ ၂၀ ရာစု အစောပိုင်းမှာတော့ အကျဉ်းအကျပ် အခြေအနေတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ တမ်ပွန်နဲ့ အပျိုစစ်၊ မစစ် ပြဿနာပါ။ အဲဒီအချိန်က လူအများစုအတွက် လက်မထပ်ရသေးတဲ့ အမျိုးသမီးတစ်ယောက် တမ်ပွန်သုံးတယ်ဆိုတာ မဖြစ်သင့်တဲ့ အရာလို့ ယူဆကြပါတယ်။ တမ်ပွန်ထည့်လိုက်တာက အပျိုအမြှေးပါး (Hymen) ကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အယူကနေ စခဲ့တာပါ။ ရလဒ်အနေနဲ့ ပိုပြီး လွယ်ကူချောမွေ့တဲ့ တမ်ပွန်တွေကို ဈေးကွက်ကနေ ဖြန့်ချိခဲ့ကြပါတယ်။

 

ဒီနေ့ ဒီအချိန်မှာ အမျိုးသမီးတွေရဲ့ ဓမ္မတာအကြောင်းနဲ့ ပတ်သက်ဆက်နွယ်တာတွေကို လက်ခံလာကြပေမဲ့ ကြော်ငြာတွေ၊ တီဗီဖန်သားပြင်တွေပေါ်မှာ အပြာရောင် အရည်ကြည်တွေ၊ ပန်းပွင့်တွေအဖြစ် မြင်နေကြရဆဲပါ။ အမျိုးသမီးတွေ ရာသီလာချိန်မှာ သုံးတဲ့ ပစ္စည်းသေးသေးလေးတွေ အကြောင်းကိုတော့ ရှက်ရွံ့မှု မရှိဘဲ ပြောဆို‌နိုင်ကြဖို့က အလှမ်းကျယ် အလယ်လတ်နေဦးမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခေတ်ကာလအလိုက် ပြောင်းလဲလာခဲ့တာ အခုလက်ရှိမှာ ပိုပြီး သင့်တော်ကောင်းမွန်တဲ့ ပစ္စည်းတွေ၊ အခြေနေတွေကို သုံးစွဲရရှိနေတယ်ဆိုတာ မမှားပါဘူး။

 

References:

– King, H. (n.d.). From rags and pads to the sanitary apron: a brief history of period products. The Conversation.

– Grover, A. (2022, December 2). What did women do before pads? DAME.

– Wikipedia contributors. (2024, November 25). Menstrual pad. Wikipedia.