“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (ဇန်နဝါရီ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ)

Published on Jan 19, 2025

“ဒီဇယ်ဈေးတွေ ဆက်တက်ပေမဲ့ 95 ဈေးကျ”

 

ပြီးခဲ့တဲ့အပတ်ထဲ တစ်လီတာ တစ်ရာကျော်အထိတက်ခဲ့တဲ့ ဒီဇယ်ဆီဈေးတွေဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်လာခဲ့တာတွေ့ရပါတယ်။

 

ဒီတစ်ပတ်အတွင်း ရိုးရိုးဒီဇယ်တစ်လီတာကို ၃၀ ကျပ်နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၂၅ ကျပ်မြင့်တက်လာတာဖြစ်ပါတယ်။

 

ဓာတ်ဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92 ဈေးတွေ အမြင့်ဈေးမှာရပ်နေပြီး 95 ဈေးကတော့ တစ်လီတာကို ၂၀ ကျပ်ကျသွားတာတွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ဇန်နဝါရီဒုတိယပတ်ထဲမှာတော့ ရိုးရိုးဒီဇယ်တစ်လီတာကို ၉၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ၁၁၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာကို ၉၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာကို ၆၅ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကစပြီး နိုင်ငံပိုင်ဖြစ်တဲ့ နေပြည်တော်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးက ဓာတ်ဆီအရောင်းဆိုင် တစ်ဆိုင်နဲ့ မန္တလေးတိုင်းထဲက ဓာတ်ဆီအရောင်းဆိုင် ၂ ဆိုင်မှာ RON-68 ဓာတ်ဆီ တစ်လီတာကို ၂၂၀၀ စျေးနဲ့ ရောင်းချပေးနေပါတယ်။

 

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့တို့မှာလည်း ဆက်လက်ရောင်းချသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဆိုထားပါတယ်။

 

စနေနေ့ စက်သုံးဆီဈေးနှုန်းတွေကတော့ ဒီဇယ်တစ်လီတာ ၂၇၄၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၆၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၇၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၃၁၄၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။

 

Source – Myanmar Market Price