အင်းစိန်ထောင်မှာ ပေါက်တဲ့ဗုံး ဘယ်သူခွဲတာလဲ

Author အယ်ဒီတာအဖွဲ့
Categories
Published on Oct 19, 2022

ဒီကနေ့ မနက်ပိုင်းမှာ အင်းစိန်ထောင်ပေါက်ဝက ထောင်ဝင်စာ ပို့တဲ့ အဆောက်အအုံ အတွင်းနဲ့ အပြင်မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ ထောင်ဝင်စာလာပို့တဲ့သူ ၅ဦးနဲ့ အကျဥ်းထောင်ဝန်ထမ်း ၃ဦး သေဆုံးခဲ့ရတယ်လို့ လက်ရှိ ( နေ့လည် ၂နာရီခွဲ) ထိ အတည်ပြုထားနိုင်ပါတယ်။
ထိခိုက် ဒဏ်ရာသူတွေထဲမှာ ၉နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၈ဦးလောက်ထိ ရှိခဲ့တယ်လို့လည်း သိထားပါတယ်။
ဒီ ဗုံးကို ဘယ်သူထောင်ခဲ့တာပါလဲ………။
ဒီ ဗုံးကို တော်လှန်ရေး အင်အားစု တွေဘက်က ဖောက်ခွဲပါတယ်ဆိုပြီး စွတ်စွဲမှုတွေဟာ ပေါက်ကွဲ မှု ဖြစ်ပြီးနောက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ အများအပြား မြင်တွေ့နေရပါတယ်။
ဒီအတွက် ဒီဗုံးကို ဘယ်သူ ဖောက်ခွဲတာ ဖြစ်နိုင်လဲ ဆိုတာကို CJ Platform က ရရှိထားတဲ့ အချက်အလက်တွေ နဲ့ တင်ပြပေးသွားပါမယ်။
(၁) ဗုံးပေါက်ရာနေရာ
ဒီကနေ့ အင်းစိန်ထောင် ပေါက်ကွဲမှုဟာ ထောင်ဝင်စာ ပို့တဲ့ ပေါက်တောဝ မှတ်တိုင်နားက ထောင်ပေါက်ဝ ထောင်ဝင်စာ စစ်ဆေးတဲ့ အဆောက်အအုံ မှာ ဖြစ်ခဲ့တာပါ။ ထောင်ဝင်စာပို့တဲ့ ပစ္စည်းတွေကို စစ်အာဏာသိမ်းပြီးနောက် ပိုင်းမှာ အထူးကို တင်းကျပ်ထားခဲ့တယ်လို့ သိရပါတယ်။
” ကျွန်တော်တို့ ထောင်ဝင်စာပို့ရင် အိတ်ဆို အကြည်နဲ့မှ၊ ပုလင်းနဲ့ တောင်မရဘူး။ သူတို့ ပေးတဲ့ အိတ်အပြာထဲ အကုန် ထည့်ပြရတာက ရှိသေးတယ်” လို့ ထောင်ဝင်စာ ပို့နေကျ သူတစ်ဦးက ဆိုပါတယ်။
အင်းစိန်ထောင်မှာ နိုင်ငံရေး အကျဥ်းသားတွေစီ ပို့တဲ့ ထောင်ဝင်စာကို ပိုပြီး တင်းကျပ်စွာ စစ်ဆေးလေ့ရှိပါတယ်။ ဒါကလည်း စစ်အစိုးရ အဆက်ဆက် နိုင်ငံရေး အကျဥ်းသားတွေ အပေါ် ဖိနှိပ်မှုတွေထဲ ပုံစံတစ်မျိုး အဖြစ် ဒီနိုင်ငံမှာ လူသိများတဲ့ ကိစ္စ တစ်ခုဖြစ်ပါတယ်။
ဒီလိုမျိုး တင်းတင်းကျပ်ကျပ် စစ်ဆေးတာ တွေ ရှိနေတဲ့ကြားက ထောင်ဝင်စာပို့တဲ့ နေရာမှာ ဗုံးပေါက်ခဲ့တာ ဖြစ်ပါတယ်။
” တော်လှန်ရေး အင်အားစုတွေ လုပ်တယ်လို့ ပြောနေသူတွေကို စဥ်းစားစေချင်တာကဗျာ။ ကျွန်တော်တို့ အဲ့ဒီထဲ ထောင်ဝင်စာပို့ရင် ဘယ်လိုတွေ စစ်တယ်။ ဘယ်လိုတွေ မေးတယ်။ ဒါလေးပဲ တွေးစေချင်တယ်။ တော်လှန်ရေးရဲဘော်တွေထဲမှာ ဘယ်သူမှ တန်ခိုးရှိမနေဘူး” လို့ ထောင်ဝင်စာ ပို့နေကျ သူတစ်ဦးက ပြောပြပါတယ်။
(၂) ဗုံးပေါက်လို့ ဘယ်သူတွေ သေဆုံးခဲ့ရလဲ၊ ဒဏ်ရာရကုန်လဲ
ဒီ ဖြစ်စဥ်မှ သေဆုံးသူ ၈ဦးအထိ ရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အကျဥ်းထောင်ဝန်ထမ်း သုံးဦးပါဝင်ပါတယ်။ ပြီးတော့ ထောင်ဝင်စာလာပို့တဲ့ အရပ်သား ငါးဦး သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့ရတဲ့ အရပ်သားတွေထဲမှာ ပြီးခဲ့တဲ့ လပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ ၂၀၁၅ ကျောင်းသားမျိုးဆက် ဗကသ ခေါင်းဆောင်ဟောင် ကိုဂျိမ်း လို့ လူသိများတဲ့ ကိုလင်းထက်နိုင်ရဲ့ မိခင်ကြီးလည်း ပါဝင်နေပါတယ်။
ကိုဂျိမ်းဟာ ဇနီးဖြစ်သူ မဖြိုးဖြိုးအောင် တစ်ယောက် နိုင်ငံကနေ စစ်ကောင်စီရန်ကြောင့် ထွက်ပြေးနေရတဲ့အပြင် ညီဖြစ်သူကလည်း ပြည်ပမှာပဲ ရှိနေတာပါ။
“ ကိုဂျိမ်းစ်ကအကြီးဆုံး သူ့အောက်မှာ ညီတစ်ယောက်ရှိတယ်။ အဖေကမရှိတော့ဖူး။ အမေကြည်က ကိုဂျိမ်းကိုထောင်၀င်စာသွားပို့ရင်းနဲ့ အခုလိုဖြစ်သွားရတာ၊ ဘယ်လိုပြောလို့ပြောရမယ်မသိတော့ဘူး”လို့ ကိုဂျိမ်းစ်နဲ့ နီးစပ်သည့် အသိုင်းအဝိုင်းမှ အမည်မဖော်လိုသူ အသက် သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform သို့ပြောပါတယ်။
သေဆုံးသူ အရပ်သားတွေထဲမှာ ဒေါ်သင်းသင်းချို (မင်္ဂလာဒုံ)၊ မယွန်းမီမီကျော် (လှိုင်သာယာ)၊ ဒေါ်သိန်းကြွယ် (ကြည့်မြင်တိုင်) နှင့် အခြားအမည်စိစစ်ဆဲ အမျိုးသမီးတစ်ဦးလည်း ပါဝင်ပါတယ်။
ဒီသေဆုံးသူ အမျိုးသမီးတွေထဲမှာ ပန်းပင်ကြီးလမ်း သပိတ်ဖြစ်စဥ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တစ်ဦးရဲ့ မိခင်လည်း ပါဝင်နေတယ်လို့ သိရပေမယ့် တိတိကျကျတော့ အတည်ပြုနေစဲပါ။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
စုစုပေါင်း ဒဏ်ရာရသူက ၁၈ဦး ထိကို မြင့်တက်လာခဲ့ပါတယ်။ CJ Platform ရဲ့ အတည်ပြုထားနိုင်မှုအရ သေဆုံး၊ ထိခိုက်ခဲ့သူ အများစုဟာ နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေ ဖြစ်တာကို တွေ့ရပါတယ်။
နိုင်ငံရေး အကျဥ်းသားတွေကို ထောင်ဝင်စာပို့ခွင့်ဟာ သတ်မှတ်ထားတဲ့ ရက်မှာပဲ ပို့ခွင့်ရတာဖြစ်ပြီး အခြားပြစ်မှုနဲ့ ကျတဲ့ အကျဥ်းသားတွေကို ထောင်ဝင်စာပို့ရတဲ့ ရက်နဲ့ မတူဘူးလို့ သိရပါတယ်။
နိုင်ငံရေးအကျဥ်းသားများအတွက် ထောင်ဝင်စာပို့ရမည့် ရက်ကို သီးသန့်သတ်မှတ်ပေးထားတာမျိုးလို့လည်း သိရပါတယ်။
ဗကသအဖွဲ့မှ ကျောင်းသားတစ်ဦးကတော့ ဒီလို နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသားစုတွေပဲ ရှိနေချိန်မှာ တော်လှန်ရေး အင်အားစုတွေဘက်က ဗုံးလာခွဲတယ်ဆိုတာ ယုတ္တိ မရှိတဲ့ အကြောင်းအရာ တစ်ခုလို့ မှတ်ချက်ပေးပါတယ်။
(၃)) ဗုံးပေါက်ချိန် သေနတ်တွေ ဘယ်သူ ပစ်တာလဲ
ဒီ ဗုံးပေါက်မှု ဖြစ်စဥ် ဖြစ်နေချိန်မှာ သေနတ်နဲ့ ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တယ်လို့ အင်းစိန်ထောင် နဲ့ အနီးတစ်ဝိုက်မှာ ရောက်နေခဲ့သူတွေက ပြောပြပါတယ်။
အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက” ဗုံးပေါက်ပြီးတော့၊ သေနတ်ပစ်သံတွေလည်း ကြားတယ်။ ကျွန်မတို့က ထောင်အတွင်းထဲ အမှုကိစ္စနဲ့ ရောက်နေခဲ့တာ။ ဘယ်သူတွေ ပစ်လဲတော့ မသိဘူး” လို့ ဆိုပါတယ်။
နိုင်ငံရေး အကျဥ်းသားဟောင်း တစ်ဦးကလည်း ပစ်ခတ်မှုတွေဟာ ထောင်အပြင်ကနေ ပစ်ခတ်တာမျိုး ဆိုရင် ထောင်အပြင်ဘက် အခြမ်းမှာ ကျည်ဆန်ရာတွေ ရှိနေမှာ ဖြစ်ပေမယ့် ကျည်ဆန်ရာတွေက ထောင်ပရဝဏ်အတွင်းမှာပဲ ရှိနေခဲ့တာကို တွေ့ရတယ်လို့ သုံးသပ်ပါတယ်။
သူက ဒီဖြစ်စဥ်မှာ ထွက်ပေါ်လာတဲ့ အခင်းဖြစ်ရာ နေရာက ဓာတ်ပုံတွေကို ကြည့်ပြီးတော့ မှတ်ချက်ပေး သုံးသပ်တာလည်း ဖြစ်ပါတယ်။
CJ Platform က အင်းစိန်ထောင်အနီး နေထိုင်တဲ့ ဒေသခံများကို အတည်ပြုချက်တောင်းခံရာမှာလည်း ထောင်ပြင်ပကနေ ပစ်ခတ်တာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
Myanmar Now သတင်းဌာနက ဒီဖြစ်စဥ်မှာ မျက်မြင်တွေ့သူ တစ်ဦးနဲ့ မေးမြန်းခဲ့ရာမှာတော့ ပစ်ခတ်မှုတွေက ထောင်မျှော်စင်ဘက်က လာတယ်လို့ သိရပါတယ်။
အင်းစိန်ထောင် ဗုံးပေါက်မှုမှာ သေဆုံး ဒဏ်ရာရခဲ့သူတွေထဲမှာ နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသားစုဝင်တွေ အများစု ပါဝင်နေပါတယ်။
သူတို့ဟာ ထောင်ဝင်စာပို့ဖို့ အရေး ထောင်အာဏာပိုင်တွေထံ ခွင့်ပြုချက်တွေ အလီလီ တင်ပြီးမှ ဝင်ခွင့် ပို့ခွင့်ရတာပါ။
အခုတော့ သူတို့ဟာ ဗုံးခွဲခံရလို့ သေတဲ့သူက သေ ဒဏ်ရာရသူ ရ ဖြစ်ခဲ့ရပါပြီ။ ဒါ့အပြင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ရနိုင်ဖို့ အရေးလည်း မရေမရာ ဖြစ်နေရတယ်လို့ သိရပါတယ်။
ဒီလိုရက်မှာ ရွေးပြီး ဗုံးပေါက်လို့ နိုင်ငံရေး အကျဥ်းသားတွေရဲ့ မိသားစုတွေ ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်လို့ ဘယ်သူက ဒီဗုံးတွေကို ခွဲတယ်ဆိုတာကို အများပြည်သူ အနေနဲ့ ဆင်ခြင်နိုင်ပါရန် တင်ပြပေးလိုက်ပါတယ်။
(၄) တော်လှန်ရေးအင်အားစုတွေရဲ့ တုံ့ပြန်မှု
အခုလို အင်းစိန်ဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့-Anti-Fascist Armed Force ၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ကော်မတီ၊ လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ စသည့် တော်လှန်ရေးအင်အားစုတွေကလဲ ရှုတ်ချကြောင်း အသီးသီးထုတ်ပြန်မှုတွေကို ထုတ်ပြန်လာခဲ့ကြပြီး ထင်ရှားသည့် တော်လှန်ရေးဦးဆောင်သူအချို့မှလည်း ကန့်ကွက်ကြောင်းနဲ့ ဝမ်းနည်းကြောင်းတွေ ရေးသားဖော်ပြခဲ့ကြပါတယ်။
ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကို ထင်ရှားစွာ မဖော်ပြနိုင်ပေမယ့် ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်ကြည့်ပါက ရွှေသမင် ဘယ်ကထွက်လဲဆိုတာဟာ ကျိုက်ထီးရိုးဘုရား ကင်မွန်းစခန်းဖြစ်စဉ်ကလဲ သက်သေတစ်ခုပါပဲ။