ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ (ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၈ ရက်အထိ)
ဒီတစ်ပတ် (ဇန်နဝါရီ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ) အမေရိကန်အနာဂတ်အတွက် စိုးရိမ်ရမဲ့ အချက်တွေကို ဂျိုးဘိုင်ဒင် ထောက်ပြသွားတဲ့ သတင်းအပါအဝင် အင်ဒို-ပစိဖိတ်ဒေသတွင်း လေတပ်စခန်းတွေကို အမေရိကန် အဆင့်မြှင့်မယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ကမ္ဘာ့ထိပ်တန်း သတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းနဲ့ ဇနီးဖြစ်သူကို နှစ်ရှည်ထောင်ဒဏ်နဲ့ ငွေဒဏ်တွေချမှတ်လိုက်တဲ့ သတင်း၊ ဟားမက်စ်-အစ္စရေး အပစ်ရပ်လုပ်ငန်းစတင်မယ့် သတင်းနဲ့ ဆိုင်းငံ့တောင်ကိုရီးယားသမ္မတ အဖမ်းခံရပြီး တရားရုံးမှာ ပထမဆုံးကြားနာတဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတစ်ပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
****************************************
“အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ခပ်ကြမ်းကြမ်း နောက်ဆုံးမိန့်ခွန်း”
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က မိန့်ခွန်းဟာ သူ့သမ္မတ သက်တမ်းအတွက် နောက်ဆုံး မိန့်ခွန်းဖြစ်ခဲ့ပါတယ်။ ဘဲဥပုံရုံးခန်းမှာ လူလုံးထွက်ပြပြီး ပြောတဲ့ အဲဒီမိန့်ခွန်းမှာ အမေရိကန်ရဲ့ လက်ရှိ အခြေအနေတွေဟာ စိုးရိမ်စရာဖြစ်နေပြီဆိုတဲ့ အကြောင်း ပြည်သူတွေကို ထုတ်ပြောလိုက်ပါတယ်။
သူ့ရဲ့ အဓိက ထောက်ပြဝေဖန်မှုတွေထဲ အမေရိကန်မှာ စီးပွားရေး သူဌေးတွေ ကြီးစိုးပြီးတော့ နိုင်ငံ့အာဏာကို ချုပ်ကိုင် ခြယ်လှယ်ပြီး အကျိုးရှာနေတဲ့ အခြေအနေတွေကို ပြောပြခဲ့တာပါ။
လက်ရှိမှာ ရွေးကောက်ခံသမ္မတနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အမေရိကန်ရဲ့ နာမည်ကြီးသူဌေးတွေဟာ ထရမ့်အလိုအတိုင်း ဆောင်ရွက်နေတာတွေရှိနေလို့ ဘိုင်ဒင်က နာမည်တပ် ထုတ်မပြောပေမဲ့ လူတစ်စု ကောင်းစားရေး စနစ်ဆီကို ဦးတည်တဲ့ ပုံစံနဲ့မျိုး သတိပေးသွားတာပဲဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ်တွေဟာ လူတစ်စုကောင်းစားရေး စနစ်ကြောင့် အန္တရာယ်ရှိနေတဲ့ အခြေအနေအဖြစ် သုံးသပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ဒင်ဟာ သူ့ရဲ့ သမ္မတသက်တမ်း နောက်ဆုံး မိန့်ခွန်းထဲမှာ နိုင်ငံအတွင်း လုပ်ကြံသတင်းတွေ စီးဆင်းမှု ပိုမိုမြင့်တက်လာတာတွေအပြင် သတင်း လွတ်လပ်ခွင့်လည်း လျော့နည်းသွားတဲ့အကြောင်း အသိပေးထားပါတယ်။
****************************************
“တရုတ်ရဲ့ စိုးမိုးမှု အမေရိကန် လက်သင့်မခံ”
အမေရိကန်ဟာ ကာကွယ်ရေး အစီအစဉ်တွေအပြင် မဟာမိတ်တွေ ပေါင်းစည်းထားတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ခြိမ်းခြောက်လာသူအားလုံးကို ပြန်လည်တုံ့ပြန်ဖို့အတွက် ဒေသတွင်းက လေတပ်ကို အဆင့်မြှင့်တင်ရေးတွေ ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။
လက်ရှိမှာအင်ဒို-ပစိဖိတ်ဒေသအတွင်း ဂျပန်၊ တောင်ကိုရီးယားနဲ့ ဖိလစ်ပိုင်တို့အနေနဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေကို ခံလာရတဲ့နောက်မှာ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နေတဲ့ အမေရိကန်အနေနဲ့လည်း ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ဖို့ စတင်လိုက်တာဆိုရင်လည်း မမှားပါဘူး။
ဒါကြောင့် လေတပ်အတွက် လက်နက်ခဲယမ်း၊ လောင်စာဆီ၊ စက်ပစ္စည်းကိရိယာတွေအပြင် ဆက်စပ်လုပ်ငန်းတွေအတွက် အဆင့်မြှင့်တင်ဖို့ အမေရိကန် ဒေါ်လာ ၉၁၆.၆ သန်း ခွင့်ပြုချက်ရထားပြီ ဖြစ်ပါတယ်။
အမေရိကန်ဟာ အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ လေယာဉ်အမိုးအကာတွေကို တိုးမြှင့်ဆောက်လုပ်သွားမယ့် အခြေအနေရှိနေပါတယ်။ လက်ရှိ တရုတ်ရဲ့ လေတပ်အင်အားဟာ အမေရိကန်ရဲ့ လက်ရှိ အင်အားထက် ပိုမိုများပြားနေပါတယ်။
ဒီလိုမှ တိုးမြှင့်မလုပ်ဆောင်ရင် ဒေသတွင်းက အမေရိကန်ပိုင် လေတပ်စခန်းတွေဟာ တရုတ်ရဲ့ တိုက်ခိုက်မှုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
****************************************
“အဂတိမှု ကင်းလွတ်ခွင့်မရ”
ပါကစ္စတန်နိုင်ငံကတော့ သူတို့ရဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းနဲ့ ဇနီးဖြစ်သူတို့ကို Al-Qadir Trust ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ရန်ပုံငွေ အဂတိလိုက်စားမှုအတွက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ပေါင်သန်း ၁၉၀ တန် ရန်ပုံငွေအတွက် အဂတိလိုက်စားမှုမှာ အပြစ်ရှိတယ်လို့ ပါကစ္စတန်တရားရုံးက ဇန်နဝါရီ ၁၇ ရက်မှာ ဆုံးဖြတ်ပြီးနောက် ခန်းကို ထောင်ဒဏ် ၁၄ နှစ်၊ သူ့ဇနီးဖြစ်သူကို ထောင်ဒဏ် ခုနစ်နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာပါ။
တရားရုံးဟာ ထောင်ဒဏ်တွေအပြင် နှစ်ဦးစလုံးအတွက် စုစုပေါင်း ရူပီးငွေ နှစ်သန်းခွဲကို ဒဏ်ရိုက်လိုက်ပါသေးတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းဟာ အမှုပေါင်း ၂၀၀ ဝန်းကျင်လောက်နဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လကတည်း ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
Al-Qadir Trust ဖောင်ဒေးရှင်းဟာ သူတို့ ဇနီးမောင်နှံနှစ်ဦး တည်ထောင်ထားတာဖြစ်ပါတယ်။ ခန်းဟာ သူ့မှာ အပြစ်မရှိကြောင်း ချေပခဲ့ပေမဲ့လည်း ဒီအမှုပြေပြေလည်လည်ဖြစ်ဖို့ နောက်ထက်ကြိုးပမ်းတာတွေ လုပ်ဆောင်မှာမဟုတ်ဘဲ ဆက်လက် ရင်ဆိုင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
****************************************
“ဓားစာခံတွေ လွတ်တော့မယ်”
ဟားမက်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးဝန်ကြီးအဖွဲ့က ဇန်နဝါရီ ၁၈ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဒီသဘောတူညီချက်တွေ အသက်ဝင်လာတော့မှာဖြစ်လို့ ဓားစားခံလွတ်မြောက်ရေး ကိစ္စဟာလည်း အောင်အောင်မြင်မြင်ဖြစ်လာတော့မှာပါ။
ဟားမက်စ်-အစ္စရေး သဘောတူညီချက်တွေမှာ အဆင့်သုံးဆင့် ပါဝင်နေပြီး ပထမအဆင့်ကတော့ သဘောတူညီချက်ရတဲ့နေ့ကနေ နောက်ထပ် သီတင်းခြောက်ပတ်အထိ နှစ်ဘက်က အလုံးစုံအပစ်အခတ် ရပ်ထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၄၂ ရက်အတွင်း အစ္စရေး ဓားစာခံ ၃၃ ဦးကို ဟားမက်စ်ဘက်က လွှတ်ပေးရမှာဖြစ်ပါတယ်။
ပထမအဆင့် ဖော်ဆောင်နေစဉ်မှာ ကျန်ရှိနေတဲ့ အဆင့်တွေကို ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အစ္စရေးဘက်ကတော့ ပါလက်စတိုင်း အကျဉ်းသား ၂,၀၀၀ နီးပါး ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ရုံးကတော့ ဒီကနေ့ တနင်္ဂနွေနေ့ကစပြီး အစ္စရေးတွေ ပြန်လွတ်လာမှာ ဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။
အများစုမျှော်လင့်နေတဲ့ ၁၅ လတာ ကာလစစ်ပွဲ ရပ်စဲရေး ကိစ္စဟာ လမ်းကြောင်းမှန်ပေါ် ရှိနေပြီး အမေရိကန်ဘက်ကတော့ အခု သဘောတူညီချက်တွေ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ကာ ပဋိပက္ခတွေ အမြန်ဆုံး ရပ်တန့်သွားဖို့ ဆန္ဒတွေ ပြင်းပြနေပါတယ်။
****************************************
“တာဝန်ထမ်းဆောင်ဆဲ ကာလမှာ အဖမ်းခံရတဲ့ ပထမဆုံး တောင်ကိုရီးယားသမ္မတ”
စစ်အုပ်ချုပ်ရေး ကြေညာတဲ့ ပြစ်ချက်နဲ့ ဆိုင်းငံ့ခံ တောင်ကိုရီးယားသမ္မတဟာ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အဖမ်းခံလိုက်ရပါတယ်။ သမ္မတယွန်ရဲ့ ရှေ့နေတွေကတော့ ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးက ထုတ်လိုက် ဖမ်းဝရမ်းဟာ တရားမဝင်ဘူးလို့ ပြောဆိုပြီး ယွန်ကို လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဖမ်ဆီးခံတောင်ကိုရီးယားသမ္မတကတော့ ဆိုးလ်မှာ တရားရုံးကြားနာဖို့ ပထမဆုံးအကြိမ် ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။ ကြားနာမှုတွေပြုလုပ်ပြီးနောက် ယွန်ဟာ ဆိုးလ်က လက်ရှိ ထိန်းသိမ်းထားတဲ့ နေရာကို ပြန်သွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
ဆိုးလ်အနောက်ပိုင်း ခရိုင်တရားရုံးမှာပြုလုပ်တဲ့ ကြားနာမှုဟာ ငါးနာရီနီးပါးကြာမြင့်ပြီး သမ္မတယွန်ကတော့ မိနစ် ၄၀ လောက် စကားပြောဆိုခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
တောင်ကိုရီးယား တီဗီချန်နယ်တွေကတော့ ကားတစ်ဒါဇင်ခန့်အပြင် ရဲမော်တော်ဆိုင်ကယ်တွေနဲ့ သမ္မတယွန်ပါတဲ့ ယာဉ်တန်း လမ်းကြောင်းကို ထုတ်လွှင့်ပြသခဲ့ပြီး လက်ရှိထိန်းသိမ်းထားတဲ့ နေရာကနေ တရားရုံးကို အသွားအပြန် ပို့ဆောင်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။