အစ္စရေးဘက်က အပစ်ခတ်ရပ်စဲရေး အတည်ပြုချက်ပေးဖို့ ကြန့်ကြာနေ

Author CJ Platform
Categories
Published on Jan 17, 2025

အစ္စရေးနဲ့ ဟားမက်စ်တို့ကြား ဂါဇာစစ်ပွဲကို အပစ်ရပ်ပြီး ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူညီချက်ကို အစ္စရေးဘက်က အတည်ပြုချက်ပေးဖို့ ကိစ္စကြန့်ကြာနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

ဒါပေမဲ့ ကြားဝင်စေ့စပ်ပေးမှုကို လုပ်ဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စုကတော့ အပစ်ခတ်ရပ်စဲရေး စတင်အသက်ဝင်မယ့် လာမယ့် တနင်္ဂနွေနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်ခင်မှာတော့ သဘောတူညီမှုရဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

 

ဂါဇာဒေသကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပြီး အပစ်ခတ်ရပ်စဲဖို့ သဘောတူညီချက်ရပြီလို့ ကြေညာခဲ့ပြီးတဲ့နောက် အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် တစ်ရက်တည်းမှာပဲ အနည်းဆုံး လူ ၈၆ ဦးသေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ယမန်နေ့ ဇန်နဝါရီ ၁၆ ရက်နေ့က ပြောပါတယ်။

အစ္စရေးရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကြား ကာလရှည်ကြာသဘောထား ကွဲလွဲမှုတွေ ပိုမိုထင်ရှားလာပြီးတဲ့နောက်မှာ ယမန်နေ့မှာပြုလုပ်မယ့် အပစ်ခတ်ရပ်စဲရေး မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားမှုကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

 

အဲဒီတုန်းက ဟားမက်စ်တွေဘက်က ကြန့်ကြာခဲ့တာကြောင့်ဆိုပြီး အစ္စရေးဘက်က အပြစ်တင်ထားပေမဲ့ ဒီကနေ့မှာပဲ အစ္စရေးဝန်ကြီးများအဖွဲ့က အပစ်ခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေးအတွက် နောက်ဆုံးအတည်ပြုချက်ပေးဖို့ တွေ့ဆုံမယ်လို့ နေတန်ညာဟုရုံးက အသိပေးလာပါတယ်။

 

အစ္စရေးအခြေစိုက် သတင်းဌာနတွေကတော့ မဲခွဲမှုကို ဒီကနေ့ ဇန်နဝါရီ ၁၇ နေ့ ဒါမှမဟုတ် မနက်ဖြန် စနေနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထပ်ပြီးလုပ်သွားနိုင်တယ်လို့ ဖော်ပြကြပါတယ်။

 

အပစ်ခတ်ရပ်စဲဖို့ သဘောတူညီချက်ရရှိသွားမယ်လို့လည်း အများစုက မျှော်လင့်နေကြပါတယ်။

 

အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက အမေရိကန်အနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ဟာ လမ်းကြောင်းမှန်ပေါ်ရှိနေတယ်လို့ ယုံကြည်ကြောင်းနဲ့ ၁၅ လကြာစစ်ပွဲ ရပ်စဲဖို့ကိစ္စဟာ ယခုသီတင်းပတ်နှောင်းပိုင်းမှာပဲ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဆက်လက်လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် လက်ရှိအခြေနေမှာ (အပစ်ခတ်ရပ်စဲရေးကနေ) လမ်းချော်သွားတော့မယ်လို့ ပြောဆိုနိုင်တဲ့ ဘယ်အရာကိုမှ တွေ့ရှိရတာမရှိဘူးလို့လည်း သူက CNN သတင်းဌာနကို ယမန်‌နေ့က ပြောပါတယ်။

 

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံမိသားစုဝင်တွေ စုဖွဲ့ထားတဲ့ အုပ်စုကတော့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့် ခြောက်ပတ်တာကာလထဲမှာ ဓားစာခံ ၃၃ ဦး ပြန်လည်လွတ်မြောက်လာမယ့်ကိစ္စကို ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု အနေနဲ့ အမြန်ဆုံး လုပ်ဆောင့်သင့်တယ်လို့ ‌တိုက်တွန်းပြောဆိုပါတယ်။

 

“ဓားစာခံ ၉၈ ဦးအတွက် ညတိုင်း ညတိုင်းဟာ ဆိုးရွားလွန်းတဲ့ ထိတ်လန့်စရာအခြေအနေချည်းပါပဲ၊ ဒါကြောင့် သူတို့တွေ ပြန်လာနိုင်မယ့်အရေးကို တစ်ညကလေးတောင် နှောင့်နှေးမနေကြပါနဲ့” လို့ အဆိုပါ အုပ်စုရဲ့ ယမန်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို အစ္စရေးသတင်းဌာနတွေက ဖော်ပြကြပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ ဆွေးနွေးမှုရဲ့ အဆုံးသတ်ပိုင်းမှာ အပြီးသတ်ဖြေရှင်းဖို့ ကိစ္စတချို့ ကျန်နေသေးတယ်လို့ ယမန်နေ့ မနက်ပိုင်းမှာ ပြောပါတယ်။

 

အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတစ်ဦးကတော့ အခုလို အပြီးသတ်ဖို့ ကြန့်ကြာနေတာဟာ ဟားမက်စ်ဘက်က လွှတ်ပေးစေလိုတဲ့ အကျဉ်းသားတချို့အပေါ် အငြင်းပွားနေရတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

 

ဒိုဟာမှာ ပြုလုပ်နေတဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲကို အမေရိကန်ရဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ သံတမန်တွေကပါ ကာတာနဲ့ အီဂျစ်နိုင်ငံတို့က ကိုယ်စားလှယ်တွေနဲ့အတူ လိုက်ပါဆောင်ရွက်နေပါတယ်။

 

ဟားမက်စ်အကြီးတန်းအရှိ အစ်ဇတ်အယ်လ်ရီရှစ် ကတော့ သူတို့အနေနဲ့ အခုအချိန်ထိ အပစ်ခတ်ရပ်စဲရေးကို သဘောတူညီထားတယ်လို့ ပြောပါတယ်။

 

အစ္စရေးဘက်ကတော့ လုံခြုံရေး ဝန်ကြီးအဖွဲ့နဲ့ အစိုးရရဲ့ အတည်ပြုချက်မရမချင်း အပစ်ခတ်ရပ်စဲရေးဟာ တရားဝင်ဖြစ်မှာမဟုတ်ပါဘူး။ မဲခွဲဆုံးဖြတ်ဖို့ ပြုလုပ်နေစဉ်မှာလည်း ဟားမက်စ်တွေဘက်က နောက်ဆုံးအချိန်မှာ တောင်းဆိုမှု ထပ်လုပ်လာတာကြောင့်ဆိုပြီး နေတန်ညာဟုက မဲပေးမှုကို ရုတ်သိမ်းခဲ့ပါတယ်။

 

“ဟားမက်စ်တွေဘက်က သဘောတူညီမှုမှာပါတဲ့ အချက်အားလုံးကို လက်ခံလိုက်ပြီလို့ ကြားဝင်စေ့စပ်ပေးသူတွေက အစ္စရေးဘက်ကို ပြောမလာမချင်း အစ္စရေးဝန်ကြီးအဖွဲ့ကို အစည်းအဝေးခေါ်ယူသွားမှာ မဟုတ်ဘူး” လို့ နေတန်ညာဟုရဲ့ ရုံးက ဆိုပါတယ်။

 

အစ္စရေးသတင်းဌာနတွေက ဒီကနေ့ဒါမှမဟုတ် မနက်ဖြန်မှာ မဲခွဲဖို့အစည်းအဝေးထပ်လုပ်နိုင်တယ်လို့ပြောပေမဲ့ နေတန်ညာဟုရဲ့ ရုံးကတော့ နေ့ရက်အချိန်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

 

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စနေနေ့အထိ အစ္စရေးဘက်က သဘောတူညီချက်မရခဲ့ရင် အပစ်ခတ်ရပ်စဲရေးဟာ ထပ်ပြီး ကြန့်ကြာသွားနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

 

ကာတာ၊ အီဂျစ်နဲ့ အမေရိကန်တို့ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အဆင့်သုံးဆင့်ပါတဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပြီလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က သတင်းတွေ ပေါ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ခြောက်ပတ်တာကြာမြင့်မယ့် အဆင့်တစ်မှာ အစ္စရေးတပ်တွေ ဂါဇာဒေသကနေ တဖြည်းဖြည်းဆုတ်ခွာသွားဖို့ဆိုတဲ့ အချက်နဲ့ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဖျားနာသူတွေပါဝင်တဲ့ ဓားစာခံ ၃၃ ဦးကို အစ္စရေးလက်ထဲက ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ လဲလှယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ပထမအဆင့် ဖော်ဆောင်နေစဉ်မှာ ကျန်ရှိနေတဲ့ အဆင့်တွေကို ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်တယ်လို့ သဘောတူညီချက်မှာ ဖော်ပြပါတယ်။

 

ဒါပေမဲ့ ပထမအဆင့်စတင်ဖို့ သတ်မှတ်ထားတဲ့ရက်ရောက်ဖို့ နှစ်ရက်သာလိုတော့တဲ့ အချိန်ထိ အစ္စရေးဘက်က တရားဝင်အတည်မပြုတာကြောင့် အပစ်ခတ် ရပ်စဲရေးဟာ မရေမရာ ရှိနေဆဲဖြစ်ပါတယ်။

 

အစ္စရေးနိုင်ငံက ဂျေရုစလင်မြို့နဲ့ တဲလ်အဗစ်မြို့တို့မှာ လူတချို့က အပစ်ခတ်ရပ်စဲရေးဟာ အညံ့ခံခြင်းသာဖြစ်တယ်ဆိုပြီး ဆန္ဒပြနေတာကြောင့် ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – REUTERS/Ammar Awad

ပုံစာ- အစ္စရေးနဲ့ ဟားမက်စ်တို့အကြား အပစ်ခတ်ရပ်စဲလိုက်ပြီလို့ သတင်းထွက်ပေါ်လာပြီးနောက် အပစ်ခတ်ကရပ်စဲမှုဟာ အညံ့ခံခြင်းဖြစ်တယ်လို့ ယူဆပြီး အပစ်ခတ်ရပ်စဲမှုကို ဆန့်ကျင်ဆန္ဒပြနေသူများကို ဇန်နဝါရီ ၁၆ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- Reuters