စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ မေးခွန်းတွေကို ဖြေသွားမှာမဟုတ်ဘူးလို့ ထိန်းသိမ်းခံ တောင်ကိုရီးယားသမ္မတရဲ့ ရှေ့နေတွေပြော
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအရာရှိတွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ဟာ စစ်ဆေးမေးမြန်းမှုတွေကို ဖြေကြားဖို့ ငြင်းဆန်သွားမှာဖြစ်ပြီး အခုလိုမျိုး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတာက တရားမဝင်ဘူးလို့ ယွန်ရဲ့ ရှေ့နေတွေက ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် ရာထူးက ဆိုင်းငံ့ခံထားရဲ့ ယွန်ကို ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ တာဝန်ရှိသူတွေက သူ့ရဲ့နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
ဖမ်းဆီးပြီးတဲ့နောက်မှာ ယွန်ကို အဆင့်မြင့်အရာရှိတွေအတွက် အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) ဌာနချုပ်ကို ပို့ဆောင်ပြီး ၁၀ နာရီကျော်ကြာ စစ်ဆေးမေးမြန်းခဲ့စဉ်မှာလည်း သူ့ရဲ့ရပိုင်ခွင့်ဖြစ်တဲ့ ဘာမှမပြောဘဲ နေပိုင်ခွင့်ကို ယွန်က ကျင့်သုံးခဲ့တယ်လို့ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေဟာ လာမယ့်ရက်တွေမှာ ယွန်ကို နေရာရွှေ့ပြောင်းပြီး ဆက်လက်ထိန်းသိမ်းထားမယ်လို့ ယူဆရပါတယ်။
နိုင်ငံတော်ကို ပုန်ကန်ဖို့ ရည်ရွယ်ပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ ယွန်ရဲ့အမှုကို စုံစမ်းစစ်ဆေးဖို့အတွက် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ပါ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်နေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနဟာ ၄၈ နာရီအတွင်း ယွန်ကို တရားဝင်ဖမ်းဆီး ထိန်းသိမ်းနိုင်ဖို့ တရားရုံးကို လျှောက်ထားမလား ဒါမှမဟုတ် ပြန်လည်လွှတ်ပေးမလားဆိုတာကို ဆုံးဖြတ်ရမှာလည်း ဖြစ်ပါတယ်။
ယွန်ရဲ့ရှေ့နေတွေကတော့ ဆိုးလ်အနောက်ပိုင်းခရိုင် တရားရုံးက ထုတ်ပေးခဲ့တဲ့ ဖမ်းဝရမ်းဟာ တရားမဝင်ကြောင်း ကန့်ကွက်ပြောဆိုခဲ့ပြီး ဆိုးလ်ဗဟိုခရိုင်တရားရုံးကိုလည်း ယွန်ကို လွတ်ပေးဖို့အတွက် စဉ်းစားပေးဖို့ လျှောက်ထား တောင်းဆိုထားပါတယ်။
ယွန်ကို လွှတ်ပေးရေးအတွက် လျှောက်ထားမှုကို ဗဟိုခရိုင်တရားရုံးက ပြန်လည်သုံးသပ်မှုတွေလုပ်ဆောင်စဉ်မှာ ၄၈ နာရီသာ အချိန်ပေးထားတဲ့ ဖမ်းဝရမ်းအတွက် အချိန်ကိုလည်း ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
ဗဟိုခရိုင်တရားရုံးက လျှောက်ထားမှုကို ပြန်လည်သုံးသပ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကြားနာမှု လုပ်ဆောင်တဲ့အခါမှာ ယွန်ဘက်က တက်ရောက်လာနိုင်ခြေ ရှိပါတယ်။ တရားရုံးရဲ့ မှတ်တမ်းအရ ဒီကနေ့ ဒေသစံတော်ချိန် ညနေ ငါးနာရီမှာ ကြားနာမှုလုပ်ဆောင်ဖို့ အချိန်သတ်မှတ်ထားတာကြောင့် ဒီညအစောပိုင်းမှာ အဖြေတစ်ခု ထွက်ပေါ်လာနိုင်ပါတယ်။
ယွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက နိုင်ငံကို အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်တပ်တွေကို လွှတ်တော်ရဲ့ အပြင်ဘက်မှာ အစောင့်အကြပ်အနေနဲ့ ချထားခဲ့တာကြောင့် အားလုံးအထိတ်တလန့် ဖြစ်ခဲ့ရပြီး ၁၉၈၀ ခုနှစ်တွေက တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းချိန်နောက်ပိုင်း အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းကို ဖြစ်စေခဲ့ပါတယ်။
ဒါပေမဲ့ လွှတ်တော်အမတ်တွေဟာ အတားအဆီးတော်ကို ကျော်ဖြတ်ပြီး လွှတ်တော်ခေါ်ယူကာ အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့် ရုတ်သိမ်းဖို့ မဲခွဲဆုဲးဖြတ်နိုင်ခဲ့တာကြောင့် ယွန်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုဟာ နာရီပိုင်းသာ ခံခဲ့ပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီတွေ ကြီးစိုးထားတဲ့ လွှတ်တော်မှာ ပုန်ကန်ဖို့ကြံစည်မှုနဲ့ စွပ်စွဲပြီး ယွန်ကို စွပ်စွဲပြစ်တင်ခြင်းအဆို မဲခွဲဆုံးဖြတ်ပြီး သမ္မတရာထူးကနေ ဆိုင်းငံ့ခဲ့ပါတယ်။
လက်ရှိမှာတော့ ယွန်ရဲ့ ကံကြမ္မာက ဖွဲ့စည်းပုံအခြေခံဥပေဒ ခုံရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေပြီး ယွန်ကို ရာထူးကနေ ဖယ်ရှားမလား ဒါမှမဟုတ် စွဲချက်တွေကို ပယ်ချပြီး ရာထူးပြန်လည်ခန့်အပ်မလား ဆိုတာကို ခုံရုံးက စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ယွန်နဲ့ သူ့ရဲ့ ကြံရာပါတွေကတော့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကြိုးပမ်းမှုတွေကို ငြင်းဆန် အန်တုခဲ့ပါတယ်။ တရားရုံးမှာ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်မှုတွေကိုလည်း တစ်လကျော်ကြာတဲ့ထိ လိုက်နာခဲ့ခြင်း မရှိသလို ဖမ်းဆီးထိန်းသိမ်း ဖို့ကြိုးပမ်းမှုတွေကိုလည်း ရှောင်လွှဲနိုင်ဖို့အတွက် သူ့ရဲ့နေအိမ်ထဲမှာပဲ နေခဲ့ပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ယွန်ရဲ့ရှေ့နေတွေကတော့ သမ္မတဖြစ်သူရဲ့ အမိန့်မရဘဲ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်တွေရှိတဲ့နေရာကို ဝင်ရောက်ရှာဖွေခြင်းကနေ ကာကွယ်တားဆီးပေးထားတဲ့ ဥပဒေတစ်ရပ်ကို ထောက်ပြပြီး စုံစမ်းစစ်ဆေးမှုတွေကို လျစ်လျူရှုခဲ့သလို ယွန်ရဲ့ နေအိမ်ကို ဝင်ရောက်ဖို့ကြိုးပမ်းမှုကို ကန့်ကွက်ခဲ့ကြပါတယ်။
ဒါ့ပြင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနဟာ နိုင်ငံတော်ပုန်ကန်မှု စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ တရားဝင် အခွင့်အာဏာမရှိဘူးလို့လည်း ယွန်ရဲ့ ရှေ့နေတွေက ဝေဖန်ပြောဆိုပါတယ်။
ယွန်ဟာ သူ့ရဲ့ လုံခြုံရေးအဖွဲ့ဝင် (PSS) တွေနဲ့ နေအိမ်ကို ကာကွယ်ထားပြီး သူ့ကို ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးပမ်းမှု တစ်ခုကို ကာကွယ်တားဆီးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယမန်နေ့မှာတော့ ယွန်ရဲ့ နေအိမ်ကို အင်အားရာချီရှိတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းနိုင်ဖို့ ငါးနာရီနီးပါးကြာတဲ့ထိ ဒုတိယအကြိမ် ကြိုးပမ်းပြီးတဲ့နောက်မှာ ယွန်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
CIO ရုံးချုပ်ကို မခေါ်ဆောင်မီမှာ ယွန်က “ဒီနိုင်ငံမှာ တရားဥပေဒေစိုးမိုးမှု လုံးဝပျက်သုဉ်းသွားပြီ” လို့ ညည်းညူပြောဆိုခဲ့တာကို ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်အတိုထဲမှာ တွေ့မြင်ရပါတယ်။
ဒါ့ပြင် ယွန်ဟာသူ့ရဲ့ ရှေ့နေတွေအတိုင်းပဲ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဌာနက သူ့ရဲ့လုပ်ဆောင်မှုအတွက် စုံစမ်းစစ်ဆေးဖို့ အခွင့်အာဏာမရှိကြောင်း ပြောဆိုခဲ့သလို အကြမ်းဖက်မှုတွေကို ရှောင်လွှဲနိုင်ဖို့အတွက် ဖမ်းဆီးထိန်းသိမ်းခံလိုက်တာ ဖြစ်တယ်လို့လည်း ဆက်လက်ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ဒီကနေ့မှာ ပြုလုပ်မယ့် ယွန်ရဲ့အမှုအတွက် ကြားနာမှုကို ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားမှုကို ပယ်ချခဲ့ပါတယ်။ ဒါကြောင့် ယွန် အနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပေမဲ့ သူ့ရဲ့ ကြားနာမှုကို တက်ရောက်လာဖို့အတွက် အခွင့်အရေးလည်းရှိနေပါတယ်။
တကယ်လို့ တရားရုံးတစ်ရုံးက ယွန်ကို တရားဝင်ဖမ်းဆီးဖို့အတွက် ဝရမ်းကိုထုတ်ပေးခဲ့မယ်ဆိုရင် CIO အနေနဲ့ ယွန်ကို ရက်ပေါင်း ၂၀ အထိ ဖမ်းဆီးထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာ ယွန်ကို စွဲချက်တင်နိုင်ဖို့အတွက် အမှုကို အစိုးရ ရှေ့နေတွေထံ လွှဲပြောင်းပေးရမှာလည်း ဖြစ်ပါတယ်။
နောက်တစ်ချက်အနေနဲ့ အစိုးရရှေ့နေတွေက ယွန်ကို ပုန်ကန်မှု၊ အာဏာကိုအလွှဲသုံးစားမှုတွေနဲ့ စွဲချက်တင်ခဲ့ရင် ပုံမှန်အားဖြင့် ခြောက်လအတွင်းပြုလုပ်လေ့ရှိတဲ့ ပထမဦးဆုံး တရားရုံး စီရင်ချက် မချခင်အချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရနိုင်တယ်လို့ မှုခင်းဥပဒေအထူးပြုရှေ့နေ ပတ်ဆန်ဘေး က ပြောပါတယ်။
တောင်ကိုရီးယား ဥပဒေအရ နိုင်ငံတော်ပုန်ကန်မှုကို ဦးဆောင်တဲ့သူဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံရနိုင်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ- Kim Sung-min/Yonhap via AP
ပုံစာ- ဖမ်းဆီးခံရပြီးနောက် CIO ဌာနချုပ်ကို မောင်းနှင်သွားမယ့် ကားပေါ်မှာ ယွန်ကို ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့မြင်ရစဉ်